သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းမှုတုံံံ့ပြန်ရေး ကန် ဆီးနိတ် နိုင်ငံခြားရေးကော်မီတီ ကြားနာ


အမေရိကန် လွှတ်တော်
အမေရိကန် လွှတ်တော်

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုက ဘယ်လို တုံ့ပြန်သင့်သလဲဆိုတာကို ကြာသပတေးနေ့က အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီမှာ ကြားနာပွဲတရပ်ကျင်းပခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ အမေရိကန်နိုင်ငံခြားရေး ဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒုတိယလက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Atul Keshap ၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ အလုပ်သမားရေးရာ ယာယီ ဒုတိယလက်ထောက်ဝန်ကြီး Scott Busby တို့နဲ့ အတူ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrews နဲ့ အမေရိကန်ပြည်ထောင်စု အမျိုးသမီးရေးရာ သံအမတ်ကြီးဟောင်း Kelley Currie တို့ အွန်လိုင်းကနေ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

အာဏာသိမ်းမှုအပေါ် သမ္မတ Biden အစိုးရရဲ့ တုံ့ပြန်မှုက အချိန်မှီ မြန်ဆန်တဲ့အတွက် ဒီ အကျပ်အတည်းအပေါ် အာရုံစိုက်တာကို ချီးကျုးလိုပါတယ်ဆိုပြီး အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်တီဥက္ကဋ္ဌ Edward Markey က ချီးကျုးပြောဆိုခဲ့ပါတယ်။ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့မှာပဲ သမ္မတ Biden က အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ပြီး စစ်ခေါင်းဆောင်တွေ သူတို့ စီးပွားရေးလုပ်ငန်းတွေအပေါ် ပစ်မှတ်ထား အရေးယူဖို့ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနက ခွင့်ပြုခဲ့ပါတယ်။

"ဒါဟာ ကြီးမားတဲ့ ခြေလှမ်းတခုပါ။ အမေရိကန်အစိုးရက တာဝန်ယူလုပ်ဆောင်ခဲ့တာကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ တခြား ကျွန်တော်တို့နဲ့ သဘောဆန္ဒတူတဲ့ သူတွေကလည်း ပစ်မှတ်ထား အရေးယူတာတွေ ပြဌာန်းခဲ့ပါတယ်။ အဲဒီအထဲမှာ ဥရောပ သမဂ္ဂလည်း ပါပါတယ်။ ဒါပေမဲ့ စစ်တပ်ရဲ့ အဓိက စီးပွားရေးပင်မသွေးကြောကို ဖြတ်နိုင်ဖို့၊ စစ်လက်နက်တွေ မပိုင်ဆိုင်ဖို့ အတွက် ဒီထက်မက လုပ်ရပါလိမ့်မယ်။" လို့ အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်တီဥက္ကဋ္ဌ Edward Markey က ပြောပါတယ်။

ဒါပေမဲ့လည်း မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍ အဓိက ကျတယ်ဆိုတာကို အမေရိကန် အထက်လွှတ်တော်အမတ်တွေ ဝန်ခံပြောဆိုပါတယ်။ ဒီအပေါ် နိုင်ငံခြားရေး ဆက်ဆံရေး ကော်မတီ အဖွဲ့ဝင် ယူတားပြည်နယ် ရီပတ်ဗလစ်ကန် အထက်လွှတ်တော်အမတ် Mitt Romney က အခုလို ပြောသွားပါတယ်။

"လက်ရှိ မြန်မာ စစ်တပ်သွားနေတဲ့ လမ်းကြောင်း ပြောင်းလဲသွားအောင် ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေ ကျွန်တော်တို့ဘက်က မရှိသလောက်ပါပဲ၊ တရုတ် နိုင်ငံက ဒါကို လုပ်နိုင်ပါတယ်။ အိန္ဒိယကတော့ အဲဒီလောက်မဟုတ်တောင် နည်းနည်း လုပ်နိုင်ပါတယ်။ တရုတ်နိုင်ငံက အဓိကပါ။"

Maine ပြည်နယ် ဒီမိုကရက်တစ် အောက်လွှတ်တော်အမတ်ဟောင်း၊မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် Tom Andrews ကတော့ ဒီလို ပိတ်ဆို့တာကို ကြိုဆိုခဲ့ပါတယ်။ ဒီလို အရေးယူမှုတွေအပြင် ရေနံနဲ့ သဘာဝဓါတ်ငွေ့ လုပ်ငန်းတွေအပေါ်မှာလည်း ပိတ်ဆို့ဒဏ်ခတ်ဖို့ သူက တိုက်တွန်းခဲ့ပါတယ်။

"စစ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ အဓိကပိုင်တဲ့ စီးပွားရေး လုပ်ငန်းကော်ပိုရေးရှင်း ကြီးတွေကိုပါ အရေးယူ ဒဏ်ခတ်ဖို့ အမေရိကန် အစိုးရက ကြေညာလိုက်တာကို ကျွန်တော် ချီးကျူးပါတယ်။ ဒါက သိပ်ကို အရေးပါတဲ့ ရှေ့တိုး ဆောင်ရွက်ချက်ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးအဖွဲ့ ရာဇဝတ်မှုတွေကျုးလွန်နိုင်ဖို့ အများဆုံး ဝင်ငွေရစေတဲ့ အဓိက ဝင်ငွေရပေါက် ရေနံနဲ့ သဘာ၀ ဓါတ်ငွေ့လုပ်ငန်းတွေကိုလည်း ပိတ်ဆို့ ဒဏ်ခတ်သွားဖို့ အမေရိကန် အစိုးရကို ကျွန်တော် တိုက်တွန်းချင်ပါတယ်။"

မြန်မာနိုင်ငံမှာ ဒိမိုကရေစီအစိုးရ ပြန်ပြီး တည်ဆောက်နိုင်ဖို့အတွက် နိုင်ငံတကာနဲ့ ဖိအားနဲ့ သံတမန်ရေးလှုပ်ရှားမှုတွေ ဟန်ချက်ညီညီ ပေါင်းစပ်ဖို့ လိုတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် Tom Andrews က အလေးပေးပြောဆိုသွားပါတယ်။

"မြန်မာပြည်သူတွေအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာကြီးဟာ သူတို့နဲ့ အတူ ရှိနေပြီး အပြောသက်သက်နဲ့ မဟုတ်ဘဲ အလုပ်နဲ့ လက်တွေ့ပြနေတယ်ဆိုတာကို သိဖို့လိုပါတယ်။ ကျွန်တော်တို့အနေနဲ့ အဆက်အစပ်ရှိရှိ ပိုပြီး ပြင်းထန်တဲ့ ဖိအားတွေပေး ဆောင်ရွက်သွားမှာဖြစ်သလို လူထု အာဏာဖီဆန်ရေး လှုပ်ရှားမှုအပေါ်လည်း သံတမန်ရေးအရ ထိတွေ့ဆက်ဆံရင်း ဆက်လက် ထောက်ခံပြီး ပေါင်းစပ်လှုပ်ရှားသွားမှာဖြစ်ပါတယ်။ ပြည်တွင်းက ငြိမ်းချမ်းတဲ့ လူထုလှုပ်ရှားမှုတွေ၊ နိုင်ငံတကာ ဖိအား၊ သံခင်းတမန်ခင်း အရှိန်၊ ဒီလို အင်အားကြီးတဲ့ ပေါင်းစပ်လှုပ်ရှားမှုတွေက လက်နက်ကိုင် အာဏာရယူထားတာကို အနိုင်ယူဖို့ အတွက် ခိုင်မာအားကောင်းတဲ့ အခွင့်အလမ်းတွေဖြစ်တယ်ဆိုတာကိုပြောပြချင်ပါတယ်။"

မြန်မာ အရပ်သားအစိုးရကို စစ်ခေါင်းဆောင်တွေက ဖယ်ရှားပြီး အာဏာသိမ်းခဲ့တာနဲ့၊ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် နှိမ်နင်းနေတာအတွက် တာဝန်ရှိသူတွေအပေါ် အမေရိကန်က အရေးယူဒဏ်ခတ်မှုတွေ လုပ်နေတာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေ၊ အလုပ်မဆင်းဘဲ စစ်အုပ်ချုပ်ရေးကို ဖီဆန်တဲ့ CDM လှုပ်ရှားမှု လုပ်နေသူတွေကို စစ်တပ်က အကြမ်းဖက်၊ အနှောင့်အယှက်ပြု နှိမ်နင်းနေတာတွေကို တုံ့ပြန်တဲ့အနေနဲ့ စစ်တပ်အရာရှိ ၂ ယောက်နဲ့ တပ်မ ၂ ခုကို အမေရိကန်အစိုးရက ဒဏ်ခတ် ပိတ်ဆို့ အရေးယူခဲ့ပါတယ်။မနေ့တုန်းကလည်း မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းကြီး ၂ ခု ဖြစ်တဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) နဲ့ မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့ကို အမေရိကန်အစိုးရက အရေးယူ ဒဏ်ခတ် ပိတ်ဆို့လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တရပ်ကိုလည်း အမေရိကန် အောက်လွှတ်တော်မှာ သိပ်မကြာသေးခင်ကပဲ တခဲနက် မဲခွဲ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီလို အောက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် ထွက်လာပြီး ရက်ပိုင်းအတွင်းမှာပဲ အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီမှာ အခုလို မြန်မာ့အရေး ဆွေးနွေးပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

.............


(Unicode)













ဆက်စပ်သတင်းများ ...

XS
SM
MD
LG