သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပါအဝင် အာရှဒုက္ခသည်အရေးကူညီသူ အမေရိကန်ပရဟိတအကျိုးဆောင် Ramon Magsaysay ဆုရရှိ


အာရှတိုက်ရဲ့ နိုဘဲလ်ဆုလို့ တင်စားခံရတဲ့ Magsaysay ဆု (ဓာတ်ပုံ - AP)
အာရှတိုက်ရဲ့ နိုဘဲလ်ဆုလို့ တင်စားခံရတဲ့ Magsaysay ဆု (ဓာတ်ပုံ - AP)

(Zawgyi/Unicode)

အာရှတိုက်ရဲ့ နိုဘဲလ်ဆုလို့တောင် တင်စားခံရတဲ့ အထင်ကရ ဆုတဆုဖြစ်တဲ့ Ramon Magsaysay ဆုတွေ ၂၀၂၁ ခုနှစ်အတွက် ရရှိသူတွေကို ဒီကနေ့ကြေညာပါတယ်။ ဆုရရှိသူ တွေထဲမှာ မြန်မာနိုင်ငံက အပါအဝင် အရှေ့တောင်အာရှက ဒုက္ခသည်တွေရဲ့ ဘဝတွေ ပြန်လည်တည်ဆောက်ရေးအတွက် နှစ်ပေါင်းများစွာ လုပ်ကိုင်နေသူတယောက်အပါအဝင် ဆုရှင် ၅ ယောက်ကိုရွေးချယ်ခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက်မအေးအေးမာကပြောပြပေးပါမယ်။

အာရှမှာ လူမှုအသိုင်းအဝိုင်းတွေအတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်နေကို အသိအမှတ်ပြုတဲ့ Ramon Magsaysay ဆုရရှိသူတွေကို ဒီနေ့ အွန်လိုင်းအခမ်းအနားလုပ်ပြီး ကြေညာခဲ့ပါတယ်။ ကဏ္ဍအသီးသီးအတွက် ဆုပေးဖို့ ရွေးချယ်ခံရသူ ၅ ယောက်ကို Ramon Magsaysay ဆုရွေးချယ်ရေးအဖွဲ့က ကြေညာခဲ့တာပါ။ ငြိမ်းချမ်းရေးနဲ့ဆိုင်တဲ့ကဏ္ဍအတွက် ဆုရရှိသူကတော့ အဖိနှိပ်ခံရသူတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေ၊ သဘာဝဘေးဒဏ်တွေကြောင့် ဒုက္ခရောက်သူတွေကို နှစ်ပေါင်းများစွာ ကူညီနေတဲ့ အာရှမှာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာကိစ္စတွေကို လုပ်နေသူ Steven Mency ဖြစ်ပါတယ်။ သူတည်ထောင်ထားတဲ့ CFSI အဖွဲ့အစည်းဟာ မြန်မာနိုင်ငံကအပါအဝင် အရှေ့တောင်အာရှက ဒုက္ခသည်တွေရဲ့ဘဝတွေ ပြန်လည်တည်ဆောက်ရေးအတွက် ကူညီထောက်ပံ့ပေးနေတာဖြစ်ပါတယ်။ CFSI ဟာ ဖွဲ့စည်းချိန်ကစလို့ နိုင်ငံပေါင်း ၄၈ နိုင်ငံကဒုက္ခသည်တွေကိုအကူညီပေးခဲ့တဲ့အပြင် လူမူရေးလုပ်ငန်းတွေနဲဆိုင်တဲ့လုပ်ငန်းတွေလုပ်နိုင်ဖို့ လူပေါင်း ၃၀၀ကျော်ကို တက္ကသိုလ်ဘွဲ့ရတွေဖြစ်အောင် ကူညီပေးခဲ့ပါတယ်။ ဒီထဲမှာဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မြန်မာစတဲ့နိုင်ငံတွေက ပါပါတယ်။ ခုလို အာရှတိုက်ရဲ့ နိုဘဲလ်ဆုလို့တောင် တင်စားခံရတဲ့ Ramon Magsaysay ဆုရရှိတဲ့အတွက် သူတို့ရဲ့ အလုပ်တွေပိုပြီး လုပ်သွားနိုင်မှာဖြစ်တယ်လို့ စတီဗန် မန်စီက ခုလို ပြောကြားခဲ့ပါတယ်။

"အခုလို ရေမွန်မက်ဆိုင်းဆိုင်းအဖွဲ့က အသိအမှတ်ပြုတဲ့ ဆုရှင်တယောက်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်ရေး မြှင့်တင်ရေးလုပ်ငန်းတွေကို ဆက်လုပ်သွားပါမယ်။ အရှေ့တောင်အာရှက ဒုက္ခသည်နဲ့ အိုးအိမ်စွန်ခွာထွက်ပြေးနေရသူတွေရဲ့ ဘဝတွေ ကောင်းမွန်တိုးတက်ရေးကို ပိုပြီး ကြိုးစား လုပ်ဆောင်သွားပါမယ်။ ခင်ဗျားတို့ရဲ့ အကူအညီနဲ့ လူတွေရဲ့ ဘဝတွေ ပြန်လည်တည်ဆောက်နိုင်ဖို့ ကူညီတဲ့အလုပ်တွေကို နောင်အနှစ် ၄၀ ကြာတဲ့အထိ ဆက်ပြီးလုပ်သွားမှာပါ။ ဒီထက်တောင်နှစ်တွေကြာအောင် ဆက်လုပ်သွားနိုင်မယ်လို့ထင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ "

၂၀၂၁ ခုနှစ်အတွက် ဆုရရှိသူတွေထဲမှာ ဘင်္ဂလားဒေရှ့်နိုင်ငံက အမျိုးသမီးသိပ္ပံပညာရှင်မျိုးဆက်သစ်တွေအတွက် လမ်းဖောက်ပျိုးထောင်ခဲ့သူလည်းဖြစ်၊ အိုးအိမ်မဲ့တွေကိုဗစ်ကာကွယ်ဆေးထိုးနိုင်ရေးအပါအဝင် လူတိုင်း ကာကွယ်ဆေးထိုးနိုင်ရေးကြိုးပမ်း ဆောင်ရွက်ခဲ့တဲ့ သိပ္ပံပညာရှင်အမျုးိသမီး Firdausi Qadri၊ ပါကစ္စတန်နိုင်ငံမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးကြိုးစား ဆောင်ရွက်သူ Muhammad Amjad Saqib၊ ဖိလစ်ပိုင်နိုင်ငံက တံငါသည်တွေအတွက် ရေရှည်ခံငါးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းမှုအတွက် ကြိုးပမ်းခဲ့သူ Roberto Ballon တို့အပြင် အင်ဒိုနီးရှားနိုင်ငံမှာ လွတ်လပ်တဲ့ မီဒီယာအဖွဲ့အစည်းတွေပေါ်ပေါက်လာရေး ဦးဆောင်လှုပ်ရှားပြီး သတင်းလုပ်ငန်းအခင်း အကျင်း ပြောင်းလဲသွားစေအောင်အားထုတ်ဆောင်ရွက်ခဲ့တဲ့ Watchdoc ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးတဲ့ မီဒီယာလုပ်ငန်းတို့ ဆုရရှိသွားကြပါတယ်။ သတင်းမှန်ပေါ်ပေါက်ရေး စုံစမ်းမှတ်တမ်းရုပ်ရှင်တွေ ရိုက်ကူးနေတဲ့ Wactchdoc Media လုပ်ငန်းက ဒါရိုက်တာ Cayabrab Ramondo Pujante က ဆုရရှိတဲ့အပေါ် ခုလို တုံ့ပြန်ပါတယ်။

"ကျွန်တော်တို့ လုပ်ငန်းတွေ ရှေ့ဆက်လုပ်နိုင်ဖို့ အားပေးတဲ့ အသိုင်းအဝိုင်းတွေကို ကျေးဇူးတင်ပါတယ်။ အခုလို ဆုရတဲ့ ဝမ်းသာစရာ စိတ်လှုပ်ရှားမှုကို အားလုံးကို လွှမ်းခြုံသွားစေမယ်လို့ မေ ျှာ်လင့်ပါတယ်။ ဆုရရှိတဲ့အတွက် ကျွန်တော်တို့အနေနဲ့ အများကြီး ထပ်လေ့လာပြီး လူသားတွေအတွက် အကူအညီပေးသွားနိုင်မှာဖြစ်ပါတယ် " လို့ပြောသွားတာပါ။

သူတို့လုပ်ငန်းက ၂၀၁၁ ခုနှစ်ကစလို့ လူအခွင့်ရေး လူမူတရားမျှတမူတွေ လူမူ့အပြောင်းအလဲတွေနဲ့ဆိုင်တဲ့ မှတ်တမ်းရုပ်ရှင်တွေကို စတင်ရိုက်ကူးပြသခဲ့တာပါ။ အင်ဒိုနီရှားမှာ အဓိကမီဒီယာကြီး တွေက ဖော်ပြခြင်းမရှိတာတာတွေကို မှတ်တမ်းရုပ်ရှင်တွေအတွက် တင်ပြနေတာဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံအခြေစိုက် Ramon Magsaysay ဖောင်ဒေရှင်းက ပေးတဲ့ ဆုကို မြန်မာနိုင်ငံက ဆုရှင် ၇ ယောက်ရရှိဖူးပါတယ်။

၁၉၅၉ ခုနှစ်က Tee Tee Luce၊ နဲ့ Eeward Law Yone တို့ ပထမဆုံး ရွေးချယ်ချီးမြှင့်ခံရပါတယ် ။ ၂၀၀၂မှာ ဒုက္ခသည်တွေနဲ့ ရွေပြောင်းအလုပ်သမားတွေအတွက်ကျန်းမာရေးစောင့်ရှောက်မူ့ အကူညီပေးသူဒေါက်တာ စင်သီယာမောင်၊ ၂၀၀၉ခုနှစ်မှာ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်ရေးလုပ်ဆောင်သူကစောဝါး၊ ၂၀၁၃ခုနှစ်မှာ ကချင်အမျိုးသမီး ငြိမ်းချမ်းရေးတည်ဆောက်သူဆိုင်းရော်လဖိုင်နဲ့ ၂၀၁၅ခုနှစ်မှာ ပရဟိတလုပ်ငန်းတွေကိုလုပ်တဲ့ ရုပ်ရှင်သရုပ်ဆောင်ဦးကျော်သူ၂၀၁၉ နှစ်မှာတော့ သတင်းမှန်တွေကိုဖော်ထုတ်တဲ့ Myanmar Now ကသတင်းသမားကိုဆွေဝင်းတို့ ချီးမြှင့်ခံရတာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံရဲ့ တတိယမြောက်သမ္မတ Ramon Magsaysay ရဲ့ ခေါင်းဆောင်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ ၁၉၅၈ ခုနှစ်ကစလို့ အာရှဒေသတလွှားက ကိုယ်ကျိုးစွန့်ပြီး အများပြည်သူအကျိုးအတွက် ဆောင်ရွက်နေသူတွေ၊ သဘာဝပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးအတွက် ဆောင်ရွက်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို ရွေးချယ်ပြီး နှစ်စဉ် ချီးမြှင့်လာခဲ့တာ အခုဆိုရင် ၆၃ ကြိမ်မြောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။

........................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)









XS
SM
MD
LG