သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒေသတချို့ တိုက်ခိုက် ပေါက်ကွဲမှုတွေ ဖြစ်ပွား


ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် မြန်မာ့တပ်မတော်သားများ။
ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် မြန်မာ့တပ်မတော်သားများ။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ အပစ်ရပ်ကြေညာတဲ့ မနေ့ကညနေပိုင်းမှာ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ စကခ ၁၅ တပ်မဌာနချုပ်ကို ရခိုင်လက်နက်ကိုင် (AA) အဖွဲ့ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဌာနချုပ်အတွင်း ထိခိုက်ဒဏ်ရာရမှုတချို့ ရှိခဲ့တယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။ ရသေ့တောင်မြို့နယ် အငူမော် အေးရှားဝေါလ်ဆိပ်ကမ်းမှာလည်း ဒီနေ့မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ဘူးသီးတောင်မြို့က မြန်မာစစ်တပ်ရဲ့ စကခ ၁၅ တပ်မဌာနချုပ်ကို ရခိုင်လက်နက်ကိုင် (AA) အဖွဲ့က မနေ့ညနေပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီချုပ်ရုံးက ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒီလိုတိုက်ခိုက်မှုခံရတဲ့ အခြေအနေကို တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

“တပ်ဌာနချုပ်တခုကို ညနေ ၄ နာရီလောက်မှာ ကျနော်တို့ ၁၀၇ မီလီမီတာ ရှော့တိုက်ဒုံးနဲ့ ပစ်သွားတာရှိတယ်။ ၄ လုံးကျတယ်လို့ ပြောတယ်။ ၃ လုံးကွဲတယ်လို့ ပြောတယ်။ တလုံးမကွဲဘူးပြောတယ်ဗျ။ တချို့အဆောက်အဦ အနည်းငယ်ပျက်စီးတာ ရှိတယ်။ ပြီးရင် ကျနော်တို့ကလေးငယ်နှစ်ယောက် ဒဏ်ရာရတာ ရှိပါတယ်ဗျ။ မပြင်းပါဘူးဗျ။ မစိုးရိမ်ရပါဘူး။”

စကခဌာနချုပ်ရဲ့ အိမ်ထောင်သည်လိုင်း ကျရောက်ပေါက်ကွဲမှုမှာ ကလေးငယ်နှစ်ဦး ထိခိုက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။

တပ်မတော်စစ်ကြောင်းတွေအနေနဲ့ အဆိုပါဒေသ လုံခြုံရေးလုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီချုပ်ရုံးကနေ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကနေ ဒီနှစ်ကုန်အထိ အပစ်ရပ်ကြေညာတဲ့နေ့မှာပဲ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။

ဒီကနေ့ မနက် ၁၀ နာရီလောက်မှာ ရသေ့တောင်မြို့နယ်၊ မယူကမ်း၊ အငူမော် အေးရှားဝေါလ်ဆိပ်ကမ်းမှာ စစ်သားတွေကိုတင်လာတဲ့ ဇက်သင်္ဘောတစီး ဆိုက်ကပ်စဉ် ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့တယ်လို့ အငူမော်ကျေးရွာသားတဦးက ပြောပါတယ်။

“အေးရှားဝေါလ်ဂိတ်နားမှာ ဗုံးပေါက်တယ်လေ။ အငူမော်သောင်စပ်နားက။ Navy လားမသိဘူး။ စစ်တပ်တင်နေလားမသိဘူး အဲဒီဆိပ်ကနေ။ ပစ်ခတ်မှုဖြစ်သံတော့ ကြားရတာပဲ အဲဒီဘက်။”

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ ဆိပ်ကမ်းမှာ ဗုံးပေါက်တာကို အတည်ပြုခဲ့ပြီး ထိခိုက်မှုမရှိဘူးလို့ ပြောပါတယ်။

“မိုင်းတလုံးကွဲတယ်။ ဘာမှမဖြစ်ဘူး။ ကမ်းစပ် လူတွေအတက်အဆင်း လုပ်နေတဲ့နေရာမှာ ကွဲတာ။”

မြန်မာစစ်တပ်ကို တင်ဆောင်လာတဲ့ ကမ်းထိုးယာဉ် ဆိပ်ကမ်းကပ်ချိန် ဗုံးပေါက်ကွဲတာဖြစ်ပြီး ဗုံးပေါက်အပြီး ပစ်ခတ်မှုကြောင့် တောင်ယာလုပ်ကိုင်သူ အငူမော်ရွာသားတဦး သေဆုံးသွားတယ်လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

“ဦးကျော်ဝင်းဆိုတဲ့သူက ဟိုကမ်းနားမှာ သူ့ဟာသူ အကျိုးစီးပွားနဲ့ အလုပ်လုပ်နေတာ။ တပ်ကနေ သေနတ်နဲ့ပစ်တဲ့အချိန်မှာ သွားထိတော့ သေဆုံးသွားတာ တပ်ကပစ်တာပါ။ အခုလောလောဆယ် သူတယောက်ပဲ ကျတာရှိသေးတယ်။”

ဘူးသီးတောင် စကခ ၁၅ တပ်မဌာနချုပ်ကို ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်၊ ရသေ့တောင် အငူမော် အေးရှားဝေါလ်ဆိပ်ကမ်း ဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ AA တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ ကြာသပတေးည ၁၁ နာရီလောက်မှာလည်း ဘူးသီးတောင်မြို့နယ် ဥယျာဉ်သာကျေးရွာအနီး တောင်ကုန်းပေါ်က မြန်မာစစ်တပ်ရဲ့ စခန်းတခုကိုလည်း ရခိုင်လက်နက်ကိုင် AA ဘက်က ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပါတယ်။ ဒီတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုတွေ ရှိနေတယ်လို့လည်း နှစ်ဖက် တာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။

ပြည်တွင်းစစ်ရပ်တန့်နိုင်ဖို့နဲ့ တဖက်သတ် အပစ်အခတ်ရပ်စဲနိုင်ဖို့ ရည်ရွယ်ပြီး ဒီနှစ်ကုန်အထိ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ရပ်စဲမယ့်အကြောင်း တရုတ်-မြန်မာနယ်စပ် အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့က မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

တပ်မတော်ဘက်က နောက်ဆုံးအကြိမ် အပစ်ရပ်စဲရေးကြေညာချက် ထုတ်ပြန်ထားတာကတော့ ဒီကနေ့ စက်တင်ဘာ ၂၁ ရက်မှာ ကုန်ဆုံးပြီ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာတော့ မြန်မာစစ်တပ်ဘက်ကရော AA ဘက်ကပါ စစ်ရေးအရှိန် မြင့်လာနေတဲ့အတွက် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဦးမယ်လို့လည်း လေ့လာစောင့်ကြည့်သူတွေက ဆိုပါတယ်။

--------------------

(Unicode)




















တိုက်ရိုက် လင့်ခ်


XS
SM
MD
LG