သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘူးသီးတောင် ဥယျာဉ်သာရွာ တိုက်ပွဲကြောင့် မီးလောင်


ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေသလို ဒီကနေ့ ဘူးသီးတောင်မြို့နယ်အနီး ဖြစ်တဲ့တိုက်ပွဲမှာ ရွာလုံးကျွတ် မီးလောင်သွားတယ်လို့ တပ်မတော်ဘက်ကပြောပါတယ်။ တိုက်ပွဲအတွင်း ပစ်ခတ်မှှုတွေကြောင့် အနီးနားရွာသားတွေလည်း စစ်ဘေးတိမ်းရှောင်နေရပါတယ်။ ဗွီအိုအေ သတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်ဘူး သီးတောင်မြို့နယ် ဥယျာဉ်သာကျေးရွာတွေဘက်မှာ ဒီကနေ့မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရွာလုံးကျွတ် မီးလောင်ခဲ့တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။

“ကျနော်တို့ အဲဒီဥယျာဉ်သာရွာရဲ့ ဝန်းကျင်ပေါ့နော်။ ဥယျာဉ်သာရွာရဲ့ အရှေ့ဘက် ပွိုင့် ၈၃ ရှိတယ်။ အဲဒီနားမှာ ကျနော်တို့ တိုက်ပွဲဖြစ်နေတာ ၂ ရက်ရ ှိပြီး။ AA တွေက ဥယျာဉ်သာရွာထဲနဲ့ ဘုန်းကြီးကျောင်းထဲကနေပြီးမှ ခံပြီးတော့ ပစ်နေလို့ အဲဒီနေရာကို နယ်မြေရှင်းတာ ဒီနေ့တော့ ရသွားပြီး။ AA ဆီကတော့ ကျနော်တို့ အလောင်း ၂ လောင်း ရတာပေါ့။ လက်နက်တွေတော့ မရသေးဘူး။ အခုကတော့ နယ်မြေရှင်းတုန်းပဲ ရှိတယ်။ AA က အဲဒီရွာက ခံပစ်တာကိုး။ နည်းနည်း မဟုတ်ဘူး။ တရွာလုံးလောင်သွားတာ။ အဲဒီရွာတွေ မီးလောင်တာတွေ မပြောနဲ့ အဲဒီရွာက ရွာပျက်သွားတာ ကြာပြီး။ ကျနော်တို့က ဘာမှရည်ရွယ်ချက်ရှိတာ မဟုတ်ဘူး။ သူပစ်၊ ကိုယ်ပစ် ပစ်လို့။ ကျနော်တို့ကို ရွာထဲကနေ ခံပစ်လို့ ကျနော်တို့က ကျည်လာတဲ့ နေရာကိုပြန်ပစ်တာ။ ဒါကတော့ မတတ်နိုင်ဘူး။”

ဥယျာဉ်သာကျေးရွာဟာ အိမ်ခြေ ၅၀ ကျော်ရှိပြီး မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့အကြား တိုက်ပွဲကြောင့် ရွာကိုစွန့်ခွာနေရတာ ၆ လ ကျော်ပြီးလို့ ဥယျာဉ်သာရွာသား ဦးမောင်သိန်းနိုင်က ပြောပါတယ်။

“ဥယျာဉ်သာရွာ အခြေအနေက အခုဆိုရင် မီးခိုးထွက်နေတာ မြင်နေရတယ်။ သွားကြည့်လို့ မရတော့သူတို့က လက်နက်ကြီးနဲ့ ပစ်နေတာ။ ဥယျာဉ်သာရွာက အိမ်ခြေ ၅၄ လုံး။ ရွာသားတွေ အထူးသဖြင့် ဥယျာဉ်သာတို့ နွားရုံတောင်တို့ စံဂိုင်းထောင် သျှစ်ရှားတောင်။ အဲဒီက ထွက်ပြေးနေတာ ၆ လ ကျော်ပြီ။”

ဘူးသီးတောင်မြို့နယ်က ဥယျာဉ်သာ၊ ဆင်သေပြင်ကျေးရွာတွေဘက်မှာ ပစ်ခတ်မှု ဖြစ်ပွားနေတာ တပတ်နီးပါး ရှိနေပြီးလို့ ဆင်သေပြင်ရွာသား တဦးက ပြောပါတယ်။

ဆင်သေပြင်ရွာအပါဝင် အနီးနားက မွတ်ဆလင်ကျေးရွာသား ထောင်ကျော်ဟာ ဖုန်ညိုလိတ်ရွာမှာ စစ်ရှောင်နေရတယ်လို့ ဖုန်ညိုလိတ်ရွာ အကြီးအကဲ ရော်ဖီက ပြောပါတယ်။

“အခုလက်နက်ကြီး ထုနေလို့ လူက တရွာလုံး မရှိဘူးရွာမှာ။ ကျနော်ရွာမှာ ရောက်နေကြတာလူ ၂၀၀၉ ယောက်ပါ။ စားနပ်ရိက္ခာ ဒီနေ့က လူမှုဝန်ထမ်းဘက်က ဆန်ပေးတာပါ။”

ဘူးသီးတောင် တိုက်ပွဲအခြေအနေကို မသိရသေးပေမဲ့ ဒီရက်ပိုင်းတွေအတွင်း မြန်မာစစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားတာရှိ နေတယ်လို့ AA ပြန်ကြားရေး တာဝန်ခံခိုင်သုခက ပြောပါတယ်။

“အဲဒီဘက်မှာတော့ တိုက်ပွဲတွေကရှိတယ်ဗျ။ ရင်ဆိုင်တိုက်ပွဲကြီးကြီးမားမားမရှိပေမဲ့ ဗမာစစ်တပ်ဘက်က သူတို့နေ့တိုင်းလှမ်းပြီးတော့ လက်နက်ကြီးတွေ ပစ်နေတာတွေရှိတယ်။”

ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ရွာ ၂၀ ကျော်မှာရှိတဲ့ ကျေးရွာသားတွေဟာ စစ်ဘးတိမ်းရှောင်နေရတယ်လို့ ဘူးသီးတောင် မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။

“စစ်ရှောင်တွေက ဒီဘက်ကရွာသားတွေဟာ အကုန်လုံး စစ်ရှောင်တွေဖြစ်နေကြတယ်။ ကျနော်တို့ရွာပေါင်း ၁၀ ကျော်၂၀ နီး ပါးလောက်ရှိတယ် ခင်ဗျ။ စစ်ရှောင်တွေက ၅,၀၀၀၊ ၆,၀၀၀ ဝန်းကျင်မှာတော့ ရှိနိုင်ပါတယ် ခင်ဗျ။”

စစ်ရှောင်တွေဟာ ဘူးသီးတောင် ရန်အောင်ပြင်ကျောင်း၊ ဒုံးသိမ်ဘုန်းကြီးကျောင်း၊ ကြာညိုပြင်၊ စေတီတောင်၊ ခွဆ၊ုံ အိုးဖေါက် ရသေ့တောင်မြို့နယ် ဆင်ခုန်းတိုင်ရွာတွေမှာ တိမ်းရှောင်ခိုလှုံနေရတယ်လို့ ဦးထွန်းအောင်သိန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခ ပြင်းထန်လာတာ တနှစ်နီးပါး ရှိလာပြီး စစ်ရှောင်အရေအတွက် ၇၀,၀၀၀ နီးပါး ရှိလာနေပြီး ဖြစ်သလို တိုက်ပွဲဖြစ်စဉ်အတွင်း ရွာသားတွေ ထိခိုက်သေဆုံးမှုတွေကလည်း ရှိလာနေပြီး လုံခြုံရေးအရ စိုးရိမ်နေရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG