သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်သည် ၁၃ ဦးဖမ်းထားကြောင်း ဓါတ်ပုံနဲ့တကွ AA ထုတ်ပြန်


ဖမ်းဆီးခံသည်ဆိုသည့် မြန်မာစစ်သည် ၁၃ ဦး (သတင်းဓာတ်ပုံ - arakan army website)
ဖမ်းဆီးခံသည်ဆိုသည့် မြန်မာစစ်သည် ၁၃ ဦး (သတင်းဓာတ်ပုံ - arakan army website)

(Zawgyi/Unicode)

ချင်းပြည်နယ်တိုက်ပွဲအတွင်း မြန်မာစစ်တပ် အရာရှိငယ်အပါဝင် တပ်သား ၁၃ ဦးကို AA ရခိုင်လက်နက်ကိုင်အဖွဲ့ဘက်ကနေ ဖမ်းဆီးရမိကြောင်း AA ဘက်က ဒီကနေ့မှာ ဓါတ်ပုံနဲ့တကွ ထုတ်ပြန်ထားပါတယ်။ ဒီဖမ်းဆီးထားတဲ့ တပ်မတော်သားတွေကို စစ်သုံ့ပန်း ဥပဒေနဲ့အညီ ထိန်းသိမ်းထားပြီး မြန်မာစစ်တပ်ဘက်က ဖမ်းဆီးထားတဲ့ ရွာသားတွေကို ပြန်လွှတ်ပေးမယ်ဆိုရင် ပြန်လည်လွှတ်ပေးမယ်လို့AA ဘက်က ပြောပါတယ်။ တပ်မတော်ဘက်ကတော့ သူတို့အဖွဲ့ ဖမ်းဆီးခံရမှု ဟုတ်မဟုတ် စိစစ်နေဆဲဖြစ်ပြီး သုံ့ပန်းလဲလှယ်ရေး ကမ်းလှမ်းချက်ကို လက်မခံဘူးလို့ ပြောပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက်နိုင်ကွန်းအိန်ကနေ ပြောပြပေးမှာပါ။

ချင်းပြည်နယ် ပလက်ဝမြို့နယ် ပကာဝရွာ တိုက်ပွဲမှာ မြန်မာစစ်တပ်ရဲ့ အရာရှိငယ် နှစ်ဦးအပါအဝင် တပ်မတော်သား ၁၃ ဦးနဲ့ လက်နက်ခဲယမ်းပစ္စည်းတွေကို ဖမ်းဆီးသိမ်းဆီး ရမိခဲ့ကြောင်း ရခိုင်လက်နက်ကိုင် AA အဖွဲ့ကနေ ဒီကနေ့မှာ ဓါတ်ပုံနဲ့ တကွ ထုတ်ပြန်ထားတာပါ။

ဖမ်းဆီးရမိထားတဲ့ မြန်မာစစ်သုံ့ပန်းတွေကို စစ်သုံ့ပန်း ဥပဒေနဲ့ အညီ ထိန်းသိမ်းထားကြောင်း AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“နိုဝင်ဘာလ ၁၉ ရက်နေ့ ဒီပလက်ဝမြို့နယ်ထဲမှာဖြစ်တဲ့ တိုက်ပွဲမှာတော့ စစ်မြပြင်ကနေ ဖမ်းဆီးရမိထားတဲ့ ဗမာစစ်တပ်ကပေါ့နော်။ စစ်သုံ့ပန်း ၁၃ ဦးရှိတယ်ဗျ။ ဆိုတော့ အဲဒီ ၁၃ ဦးကို ကျနော်တို့ ဒီနေ့မှာ ဓါတ်ပုံနဲ့တကွ ထုတ်ပြန်လိုက်တာဖြစ်တယ်။ အခု စစ်မြေပြင်က ဖမ်းဆီးရမိတဲ့ ၁၃ ဦးကို ကျနော်တို့ကတော့ ရခိုင့်တပ်တာ်ရဲ့ စစ်သုံ့ပန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ နိုင်ငံတကာစစ်သုံ့ပန်း ဥပဒေနဲ့အညီ ကောင်းကောင်းမွန်မွန်ပဲ ဆက်ပြီးတော့ ထိန်းသိမ်းထားမှာ ဖြစ်တယ်ဗျ။”

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က ချင်းပြည်နယ် ပလက်ဝမြို့နယ် ပကာဝရွာ တိုက်ပွဲမှာ မြန်မာစစ်တပ် တပ်မ ၇၇ က ဗိုလ်တစ်ယောက် အရာခံဗိုလ် တယောက်အပါဝင် တပ်မတော်သား ၁၃ဦးကို ဖမ်းဆီးထားတယ်လို့ AA ဘက်ကဆိုပါတယ်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ ်တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ တပ်မတော်သား ၁၃ ဦး အဖမ်းခံရတဲ့ သတင်းအပေါ် အတည်မပြုသေးကြောင်းနဲ့ စိစစ်နေဆဲလို့ ပြောပါတယ်။

“ကျနော်တို့လည်း စိစစ်ဆဲပဲ ရှိသေးတယ်ခင်ဗျနော်။ အဲဒီနေ့မှာ အမှန်တကယ်တ ိုက်ပွဲဖြစ်တာရှိမရှိ။ ကျနော်တို့ကိုတော့ ဘာမှတင်ပြတာ မရှိဘူး။ ကျနော်တို့လည်း စိစစ်နေတုန်းပဲရှိသေးတယ်။ ဘာမှလဲ ကျနော်တို့မပြောနိုင်ဘူး။”

ပြီးခဲ့တဲ့အောက်တိုဘာ ၂၆ ရက်နေ့က ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်း အမြန်ရေယာဉ်တစ်စီးကို AA အဖွဲ့ကနေ တားဆီးစစ်ဆေးရာမှာ တပ်မတော်သား ရဲနဲ့ အစိုးရဝန်ထမ်း ၁၆ ဦးကိုဖမ်းဆီးသွားခဲ့ပြီး လက်ရှိ AA ကနေ ထိန်းသိမ်း ထားပါတယ်။

လက်ရှိမြန်မာစစ်တပ်ဘက်က ဖမ်းဆီးထားတဲ့ ရခိုင်တိုင်းရင်းသားတွေကို ပြန်လွှတ်မယ်ဆိုရင် AAဘက်ကဖမ်းထားတဲ့ စစ်သုံ့ပန်းတွေကို ပြန်လွှတ်ပေးမယ်လို့ AA ပြောခွင့်ရခိုင်သုခကဆိုပါတယ်။

“ဗမာစစ်တပ်နဲ့ အစိုးရဘက်ကနေ သူတို့မတရား ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျနော်တို့ရဲ့ အပြစ်မဲ့ရခိုင်ပြည်သူတွေကို ပြန်ပြီးတော့လွှတ်ပေးမယ်ဆိုရင်တော့ ကျနော်တို့ကလဲဘဲ ကျနော်တို့ဖမ်းဆီးထိန်းသိမ်းထားတဲ့ သူတို့ရဲ့ စစ်ဘက်နဲ့ ပက်သက်တဲ့သူတွေအားလုံးကို ပြန်လွှတ်ပေးမယ်ဆိုတဲ့ ဥစ္စာကို ကျနော်တို့က ထုတ်ပြန်ချက်မှာလဲပြောထားပြီးသား ရှိတယ်။ တကယ်လို့ သူတို့ဘက်ကနေပြီးတော့ ကျနော်တို့ရဲ့ရခိုင်ပြည်သူတွေကို လွှတ်မပေးဘူး ဆိုလိုရှိရင်တော့ ကျနော်တို့ကလည်း အလားတူဘဲ တုံ့ပြန်သွားမှာဖြစ်တယ်။”

သုံ့ပမ်းလဲလှယ်ဖို့ AA ဘက်ကတင်ပြချက်အပေါ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ ်တပ်မတော် ပြောခွင့်ရဗိုလ်မှူးကြီး ဝင်းဇော်ဦးက အခုလိုပြောပါတယ်။

“ကျနော်တို့ကတော့ အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဘာမှလဲ လှယ်စရာလည်း အကြောင်းမရှိဘူး။ ဒါပဲပြောချင်တယ်။”

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ တပ်မတော်ဘက်က ဖမ်းဆီးထားတဲ့သူတွေ အပြစ်ရှိ၊ မရှိဆိုတာ တရားရုံးကနေ ဆုံးဖြတ်မယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း ရွှေနဒီအမြန်ရေယာဥ ်တစီးမှာ ဖမ်းဆီးထားတဲ့ တပ်မတော်သား ရဲအပါဝင် အစိုးရဝန်ထမ်း ၁၆ ဦးနဲ့ မြန်မာစစ်တပ်ဘက်က ဖမ်းဆီးထားတဲ့ ရခိုင်အရပ်သားတွေနဲ့လဲလှယ်ဖို့ AA ဘက်ကနေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတော် သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးကလည်း AA ကမ်းလှမ်းတဲ့ သုံ့ပန်းလဲလှယ်ရေး အစီအစဉ်ကို လက်ခံမှာ မဟုတ်ဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲအတွင်း AA နဲ့ ဆက်စပ်တယ်ဆိုပြီး သံသယနဲ့ တပ်မတော်ဘက်ကနေ အရပ်သား ၁၂၀ ကျော်ဖမ်းဆီးထားမှုတွေ ရှိနေတယ်လို့ ရခိုင်အရပ်ဘက်အဖွဲ့အစည်း တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]


















XS
SM
MD
LG