သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA ဖမ်းထားသူတွေ ပြန်လွှတ်ပေးဖို့ ခူမီးအဖွဲ့နဲ့ လူ့အခွင့်အရေးကော်မရှင်တောင်းဆို


AA ရခိုင့်တပ်တော်က တပ်ဖွဲ့ဝင်များ။ (မှတ်တမ်း - ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
AA ရခိုင့်တပ်တော်က တပ်ဖွဲ့ဝင်များ။ (မှတ်တမ်း - ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

[Zawgyi/Unicode]

ရခိုင်လက်နက်ကိုင် AA အဖွဲ့ကနေ ဖမ်းဆီးထားတဲ့ ချင်းလူငယ်ကို ပြန်လွှတ်ပေးတဲ့အပေါ်ကြိုဆိုကြောင်းနဲ့ ကျန်ရှိ သူတွေကိုလဲပြန်လွှတ်ပေးဖို့ ခူမီးချင်းလူမျိုးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ KACC ကနေတောင်းဆိုတဲ့အကြောင်း ပြောပြချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန် ရခိုင်ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ စစ်ရေးတင်းမာခဲ့တဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း AA အဖွဲ့ကနေ ၄ လခွဲကျော်ကြာ ဖမ်းဆီးထားတဲ့ ချင်းလူငယ် ဆလိုင်းအောင်စိုးကို ပြန်လွှတ်ပေးတဲ့အပေါ်ကြိုဆိုကြောင်း ခူမီးချင်းလူမျိုးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ KACC ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေက အခုလိုပြောပါတယ်။

“ထုတ်ပြန်ရတဲ့ရည်ရွယ်ချက်ကတော့ နံပါတ် ၁ ကတော့ သူတို့ဒီ ကိုအောင်စိုးတို့ကို ရက်ပေါင်း ၄ လနဲ့ ၁၆ ရက် အကြာမှာပေါ့နော်။ ဖမ်းဆီးပြီးတော့ ပြန်လည်လွှတ်မြောက်ပေးလိုက်တာက ကျမတို့ ဝမ်းသာကြိုဆိုကြောင်းပေါ့နော်။ နံပါတ် ၂ ကတော့ နောက်ထပ်စစ်ဘက်နဲ့ လုံးဝသက်ဆိုင်ခြင်းမရှိတဲ့ အပြစ်မဲ့လူထုတွေကို အခုလိုမျိုး လက်နက်ကိုင် အဖွဲ့ကနေ ဖမ်းဆီးတယ်ဆိုတာက လူ့အခွင့်အရေးချိုးဖောက်ရာကျတာပေါ့နော်။ ဒီလိုဖမ်းဆီးခံရတဲ့ ချင်းအမျိုးသား အယောက် ၂၀ ဝန်းကျင် ကျမတို့မှာ သူတို့လက်ထဲမှာ ရှိနေသေးတာပေါ့နော်။ အခုကျန်ရှိနေသေးတဲ့လူတွေအတွက် ပြန်လည်လွှတ်ပေးစေချင်တယ်။”

ဆလိုင်းအောင်စိုးကို AA တပ်ဖွဲ့က ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ပြန်လည်လွှတ်ပေးလိုက်တာပါ။

လက်ရှိမှာ ဆလိုင်းအောင်စိုးကို သက်ဆိုင်ရာရဲစခန်းကနေ စစ်ဆေးမေးမြန်းပြီး အိမ်ပြန်ရောက်ရှိနေပြီလို့ ပလက်ဝမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်လောဟာကပြောပါတယ်။

“နောက်ဆုံးအခြေအနေတော့ သူ့အိမ်ပြန်ရောက်ပြီးခင်ဗျ။ လုံခြုံရေးကျတော့ တခြားဟာတော့မရှိဘူး။ ရဲကတော့ သူ့ထုံးစံအတိုင်း သူက မေးမြန်းပြီးမှ ပြန်လွှတ်လိုက်တာပါ။”

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကနေ ချင်းပြည်နယ် ပလက်ဝမြို့ကို ပြန်လာတဲ့ ချင်းလူငယ် ၄ ဦးကို ငသရိုင်းကျေးရွာအနီး AA တပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ၃ ဦးကိုတော့ ဩဂုတ်လ ၂၅ ရက်နေ့ လွှတ်ပေးခဲ့ပြီး ဆလိုင်းအောင်စိုးကိုတော့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာမှ ပြန်လည်လွှတ်ပေးခဲ့တာပါ။

AA တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းရတဲ့ အကြောင်းအရင်းဟာ စစ်တပ်သတင်းပေးအဖြစ် မသင်္ကာလို့ ဖမ်းဆီးတာဖြစ်ကြောင်း KACC ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေကဆိုပါတယ်။

“သူတို့ရဲ့ တဘက်သတ် ထင်မြင်ယူဆချက်တွေနဲ့ ဖမ်းဆီးတာလို့ ကျမတို့အနေနဲ့ ပြောချင်နေတယ်ပေါ့။ သူတို့က ဖမ်းပြီဆို စစ်တပ်သတင်းပေး စစ်တပ်ရဲ့လူ အဲဒီလိုသဘောမျိုးနဲ့ အမျိုးမျိုးခေါင်းစဉ်တပ်ပြီးတော့ ဖမ်းဆီးသွားတာမျိုးတွေ များတယ်ပေါ့နော်။”

KACC ရဲ့စာရင်းအရ ပလက်ဝမြို့နယ်အတွင်း ၂၀၁၅ ခုနှစ်ကနေ လက်ရှိချိန်ထိ AA ဘက်က ဖမ်းဆီးထားဆဲ ၂၁ ယောက် ရှိနေပါသေးတယ်။

ပလက်ဝဒေသခံ ၂၁ ဦးအပါဝင် ရခိုင်ပြည်နယ်တောင်ကုတ်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် ၃ ဦးကို ထိန်းသိမ်းထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရခိုင်လက်နက်ကိုင် AA အဖွဲ့ ပြောခွင့်ရကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့ကလည်း NLD ပါတီဝင် ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကို AA ဘက်ကနေ ဖမ်းဆီးထားခဲ့ပြီး ၂ လခွဲကြာ ထိန်းသိမ်းထားခဲ့ပြီးမှ ပြန်လွှတ်ပေးခဲ့ပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့ကြားဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခအကြောင်းပြုပြီး အကြောင်းမဲ့ ဖမ်းဆီးခံရတဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေကို ဘယ်အဖွဲ့က ဖမ်းဆီးတာဖြစ်စေ အမြန်ဆုံးလွှတ်ပေးဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အလေးအနက်တိုက်တွန်းထားကြောင်း ခူမီးချင်းလူမျိုးနွယ်စုများ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ KACC ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်မှာ မြန်မာတပ်မတော်နှင့် AA တို့ကြားတိုက်ပွဲဖြစ်ပွါးတာ မရှိတော့တာကြောင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ညှိနှိုင်းမှုတွေ အမြန်ဆုံးလုပ်ပြီး ဖမ်းဆီးထားတဲ့ အမတ်တွေကို ပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကနေ ဒီရက်ပိုင်းတွေမှာ တောင်းဆိုလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]
















XS
SM
MD
LG