သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA စစ်ဦးစီးချုပ်ရဲ့ ဇနီးနဲ့ ကလေးနှစ်ဦး UNHCR ထံ လွှဲပေးဖို့ တောင်းဆို


AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် (လယ်)။ (ဧပြီ ၁၆၊ ၂၀၁၉)
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် (လယ်)။ (ဧပြီ ၁၆၊ ၂၀၁၉)

(Zawgyi / Unicode)

ထိုင်းနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ စစ်ဦးစီးချုပ်ရဲ့ဇနီး မနှင်းဇာဖြူနဲ့ ကလေးနှစ်ဦးအမှုကို လူသားချင်း စာနာမှုအရ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR ထံ လွှဲပြောင်းပြီး အကာအကွယ် ပေးသင့်တယ်လို့ အမေရိကန်အခြေစိုက် NAB ခေါ် တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့က ထိုင်းအစိုးရကို တောင်းဆိုလိုက်ပါတယ်။ မနှင်းဇာဖြူနဲ့ ကလေးနှစ်ဦးကို ထိုင်းအာဏာပိုင်တွေ ဆက်လက်ထိန်းသိမ်းထားချိန်မှာ အခုလို တောင်းဆိုလိုက်ကြတာပါ။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြပါမယ်။

AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ဇနီး မနှင်းဇာဖြူနဲ့ ကလေးနှစ်ဦးတို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ လဝကရုံးမှာ ဗီဇာသက်တမ်းလာတိုးချိန် ထိုင်းရဲတွေက ဒီဇင်ဘာ ၆ ရက်နေ့က ဖမ်းဆီးခဲ့ပြီး မြန်မာအာဏာပိုင်တွေလက်ထဲ လွှဲပြောင်းပေးဖို့ အစောပိုင်းမှာ စီစဉ်ခဲ့ပေမယ့် တရုတ်နိုင်ငံရဲ့ ကြားဝင် ဖိအားပေးမှုကြောင့် အစီအစဉ် ပျက်သွားခဲ့ပြီး အခုချိန်ထိ ထိုင်းနိုင်ငံမှာ ထိန်းသိမ်းခံနေရဆဲ ဖြစ်ပါတယ်။

ဒါကြောင့် မနှင်းဇာဖြူတို့ သုံးဦးအမှုကို ထိုင်းနိုင်ငံဆိုင်ရာ UNHCR ရုံးကို လွှဲပြောင်းပေးပြီး လုံခြုံမှုရှိအောင် အကာအကွယ်ပေးဖို့ အမေရိကန်အခြေစိုက် NAB ခေါ် တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့က ထိုင်းအစိုးရကို တောင်းဆိုထားကြောင်း NAB အဖွဲ့ အတွင်းရေးမှူးချုပ် ဦးအမ်တုအောင်က ဗွီအိုအေကို ပြောပါတယ်။

“မနှင်းဇာဖြူနဲ့ ကလေးတွေရဲ့ ကိစ္စပေါ့၊ အဲဒါနဲ့ ပတ်သက်ပြီးတော့ ထိုင်းအစိုးရကို Request လုပ်တာက ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီးနဲ့ သားသမီးတွေကို ထိုင်းနိုင်ငံမှာပဲ အေးအေးဆေးဆေး ကောင်းကောင်းမွန်မွန်နဲ့ နေနိုင်ဖို့ရာအတွက် တောင်းဆိုတယ်။ နောက်တခုကတော့ တကယ်လို့ သူတို့ ထိုင်းနိုင်ငံမှာ ဆက်ထားဖို့ အခက်အခဲရှိတယ် ဆိုရင်လည်း UNHCR နဲ့ ဆက်သွယ်ပြီးတော့မှ အဆင်ပြေတဲ့ အနေအထားမျိုးမှာ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်အောင် အဲဒီအနေအထားမျိုးကို ကျနော်တို့ တောင်းဆိုခြင်း ဖြစ်ပါတယ်။”

မနှင်းဇာဖြူရဲ့ မြန်မာနိုင်ငံကူးလက်မှတ်ကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း မြန်မာအာဏာပိုင်တွေက ထိုင်းတာဝန်ရှိသူတွေကို အကြောင်းကြားခဲ့တယ်လို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးကို ကိုးကားပြီး ဒီဇင်ဘာ ၁၄ ရက် စနေနေ့မှာ ထုတ်ပြန်တဲ့ NAB အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒါဟာ နိုင်ငံသားတဦးရဲ့ ရပိုင်ခွင့် ဆုံးရှုံးမှုဖြစ်တယ်လို့ NAB က ထောက်ပြပါတယ်။ AA တပ်ဖွဲ့ဟာ မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။ ဒီလို တိုက်ပွဲတွေကြား အမျိုးသမီးနဲ့ ကလေးငယ်တွေ ဓားစားခံ မဖြစ်သင့်ဘူးလို့ ဦးအမ်တုအောင်က ပြောပါတယ်။

“နောက်နောင် ဒါမျိုးတွေမဖြစ်အောင် ဆိုပြီးမှ ကျနော်တို့က ဒီ Statement ကို ထုတ်ရခြင်းဖြစ်တယ်။ နောက်တချက်ကတော့ တကယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တော်လှန်ရေးလုပ်တယ်ဆို သူ့ကိုပဲ တိုက်ရိုက်ရောက်အောင် ဖမ်းရင်ဖမ်း၊ သို့မဟုတ် ရအောင် နိုင်အောင် တိုက်ရင်တိုက်ပေါ့နော်။ သူ့ကိုပဲ လုပ်စေချင်တယ်။ ဆိုတဲ့အခါကျတော့ ဒီ ရခိုင်ကိုမှ ပြောတာမဟုတ်ဘူး၊ တခြားတိုင်းရင်းသားတွေလည်း ထိုနည်းတူပဲ။ တော်လှန်ရေးလုပ်တဲ့သူတွေရဲ့ ကလေးတွေ ဇနီးတွေ မယားတွေကို ပစ်မှတ်မထားဖို့ပေ့ါ။ အဲဒါကို ကျနော်တို့ ရည်ရွယ်ခြင်းဖြစ်ပါတယ်။”

ဒီအဖြစ်အပျက် မတိုင်ခင်တုန်းကလည်း AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ကို ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရခိုင်အသင်း (စင်ကာပူ) ဥက္ကဋ္ဌနဲ့ လူတချို့ကို ပြီးခဲ့တဲ့ ဇူလိုင်လထဲ စင်ကာပူအစိုးရက ဖမ်းဆီး ပြည်နှင်ဒဏ် ပေးခဲ့ပြီးနောက် မြန်မာပြည်ပြန်အရောက်မှာ ဘယ်ရောက်နေမှန်းမသိ ပျောက်နေခဲ့တာပါ။ နောက်ပိုင်းမှာမှ ရခိုင်အသင်းဥက္ကဋ္ဌနဲ့ လူ ၉ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲခဲ့ပါတယ်။ ဒါကြောင့်လည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီးနဲ့ ကလေးတွေ မြန်မာပြည် ပြန်ရောက်သွားခဲ့မယ်ဆိုရင် အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဦးအမ်တုအောင်က သုံးသပ်ပါတယ်။

“အဓိကတော့ သူတို့တွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်တယ်။ အမျိုးသမီးတွေ ကလေးတွေ ဒါကတော့ စစ်နဲ့ ဘာမှမဆိုင်တဲ့ အရာတွေပေါ့နော်။ ကျနော်တို့ မြန်မာပြည် ပြန်မယ်ဆိုရင်တော့ မြန်မာအစိုးရပဲဖြစ်စေ ဗမာ့တပ်မတော်ကပဲဖြစ်စေ ဘယ်လိုမျိုး သူတို့ကို ဆက်ပြီး ဆောင်ရွက်မယ်ဆိုတာ ကျနော်တို့ မသိရဘူးပေါ့နော်။ လွန်ခဲ့တဲ့ အချိန်တွေမှာလည်း သာဓကတွေ အများကြီး ဖြစ်ခဲ့ဖူးတယ်။ ဆိုတော့ သူတို့ အသက်အန္တရာယ်ကိုပဲ ကျနော်တို့ ကာကွယ်ချင်တဲ့အနေနဲ့ ဒါကို တောင်းဆိုခြင်း ဖြစ်ပါတယ်။”

ဒီနှစ် အောက်တိုဘာလတုန်းကလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကနေ ပြန်လာတဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ယောက်ဖ ကိုကျော်နိုင်နဲ့ ညီမ မမိုးနှင်းဖြူတို့ကို ရန်ကုန်လေဆိပ်မှာ ရဲကဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုပုဒ်မ ၅၂(က)(ခ)(ဂ) တို့နဲ့ အမှုဖွင့် တရားစွဲထားပါတယ်။

NAB အဖွဲ့ရဲ့ ကြေညာချက်မှာတော့ NLD အစိုးရလက်ထက်မှာ နိုင်ငံရေးလှုပ်ရှားသူတွေကို ဖမ်းဆီးထောင်ချတာ ဆက်ရှိနေပြီး လူနည်းစု တိုင်းရင်းသားတွေ အခွင့်အရေး ချိုးဖောက်ခံနေရသလို သူတို့ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်တွေ ပျောက်ဆုံးနေရတယ်လို့ ဖော်ပြထားပါတယ်။

------------------------------------

(Unicode)












တိုက်ရိုက် လင့်ခ်


XS
SM
MD
LG