(Zawgyi/Unicode)
ပလက်ဝမြို့နယ်မှာ AA တပ်ဖွဲ့ဝင်တဦးက ချင်းအမျိုးသမီးငယ်တဦးကို အဓမ္မသိမ်းပိုက်ဖို့ ကြိုးစားခဲ့တယ် ဆိုတဲ့ဖြစ်ရပ်ကို သေချာစုံစမ်းစစ်ဆေးပြီး အရေးယူဆောင်ရွက်မယ်လို့ AA အဖွဲ့က ပြောပါတယ်။ ဒီဖြစ်ရပ်မှာ ကြားဝင်တားဆီးတဲ့ ရွာလူကြီးတွေ ပြန်ပြီးရန်ပြုခံရတယ်လို့ ခူမီး ချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ် ကျီးလေကျေးရွာမှာ AA တပ်ဖွဲ့ဝင်တဦးက ချင်းအမျိုးသမီးငယ်တဦးကို အဓမ္မသိမ်းပိုက်ဖို့ ကြိုးစားတာကြောင့် ရွာလူကြီးတွေကတားမြစ်တာမှာ ကိုယ်ထိလက်ရောက် ပြန်ပြီးရိုက်နက်ခဲ့တယ်လို့ ခူမီး ချင်းမျိုးနွယ်စုများ ရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီထုတ်ပြန်ချက်နဲ့ ပတ်သတ်ပြီး ကျူးလွန်မှု ရှိမရှိကို စုံစမ်းနေပြီး ထုတ်ပြန်ချက် ထုတ်တဲ့သူတွေအနေနဲ့လည်း အသေးစိတ် အချက်အလက်တွေကို ကူညီပေးစေချင်တယ်လို့ AA ပြောခွင့်ရ ခိုင်သုခကပြောပါတယ်။
“ထုတ်ပြန်ချက်မှာ ပါသလိုမျိုး လူ ၁၃၀ ကျော်ကို ဖမ်းဆီးသွားတယ်ဆိုတာကတော့ လုံးဝမဟုတ်ဘူးခင်ဗျာ။ အဲလို ဖမ်းဆီးတာ လည်းမရှိဘူး။ ဒါပေမယ့် အဲဒီကျီးလေကျေးရွာမှာ အမျိုးသမီးတယောက်ကို မဖွယ်မရာလုပ်တယ်ဆိုတဲ့ကိစ္စပေါ့နော်။ အဲဒီ ထုတ်ပြန်ချက်မှာ ပါတဲ့အကြောင်းနဲ့ပတ်သတ်ပြီးတော့ ကျနော်တို့ကတော့ အောက်ခြေမှာ စုံစမ်းနေတယ်၊ လောလောဆယ်မှာ။ ဒါပေမယ့် သူတို့ဖက်ကနေပြီးတော့ တိတိကျကျ ပိုပြီးတော့ ပြောနိုင်လို့ရှိရင်တော့ ပိုကောင်းတာပေါ့နော်။ အမျိုးသမီးကဘယ်သူ အဖေကဘယ်သူဆိုပြီးတော့ ကျနော်တို့ဆီမှာ ပြောနိုင်လို့ရှိရင်တော့ ကျနော်တို့ဘက်ကလည်း စုံစမ်းရတာ ပိုပြီးတော့ ကောင်းတာပေါ့နော်။”
အဲဒီလို AA ပြောခွင့်ရသူက ပြောနေပေမယ့် အဲဒီကျီးလေကျေးရွာမှာ AA အဖွဲ့က လက်ရှိအချိန်ထိ စခန်းချနေထိုင်နေတာဖြစ်လို့ အသေးစိတ်အချက်အလက်သိရဖို့အတွက် သူတို့ဝင်ပြီးစုံစမ်းလို့ မရနိုင်ဘူးလို့ ခူမီး ချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီက ပြောခွင့်ရသူ ဦးစောမြက ပြောပါတယ်။
“အခုအဲဒီရွာမှာ AA ကစခန်းချပြီးတော့ ရွာသားတွေကို အပြင်ထွက်ခွင့်မပေးဘူး။ ကျနော်တို့က ဖြတ်သွားဖြတ်လာလူတွေ ပြောတဲ့ဟာလောက်ပဲ ကြားရတာလောက်ပဲဖြစ်နေတယ်။ ရွာသားတွေ လွတ်လွတ်လပ်လပ် ထွက်လာလို့ရမှ ဘယ်နေရာ ဘယ်သူ့သမီးလဲဆိုတာကို ကျနော်တို့ ပြောလို့ရမယ်။ လက်ရှိမှာလည်း AA အဖွဲ့ဝင်တွေက ရိက္ခာတွေ ထမ်းခိုင်းတယ်။ ဆန်တွေ ချခိုင်းတွေ၊ သူတို့ စခန်းချတဲ့နေရာတွေကိုပေါ့နော်။”
AA ပြောခွင့်ရသူ ခိုင်သုခကတော့ AA အဖွဲ့အနေနဲ့ ဒီကိစ္စကို ဖုံးဖိထားမှာမဟုတ်သလို ချင်းပြည်သူတွေအပေါ်မှာ တကယ် လူ့အခွင့်အရေး ကျူးလွန်မှုရှိတယ်ဆိုရင် ကျူးလွန်သူကို ထိရောက်စွာ အရေးယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
“လူ့အခွင်အရေး ချိုးဖောက်တဲ့ကိစ္စမျိုးကို တကယ်ကျူးလွန်တယ်ဆိုရင်တော့ ကျူးလွန်တဲ့သူကို တကယ်တိတိကျကျ ပြတ်ပြတ် သားသား အရေးယူဆောင်ရွက်သွားမှာပေါ့နော်။ ဖုံးဖိထားမယ့်ကိစ္စမျိုးတော့ မဟုတ်ဘူးဗျာ။ ကျနော်တို့က တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ပြည်သူတွေကို မတော်မတရားလုပ်တဲ့ ကိစ္စမျိုးကိုတော့ ခွင့်လွတ်မှာမဟုတ်ဘူး။ ဒါကြောင့် ထုတ်ပြန်ချက် ထုတ်တဲ့သူတွေဘက်ကလည်း တိတိကျကျ အထောက်အထားတွေနဲ့ပြောနိုင်ရင် ပိုကောင်းတာပေါ့ဗျာ။ ထုတ်ပြန်ချင် ထုတ်နေရုံနဲ့ ဒီကိစ္စကမပြီးဘူးလေ။ ဒါကြောင့် ပိုပြီးတော့ တိတိကျကျပြောပေးဖို့ ကျနော်တို့ဘက်က တောင်းဆိုချင်ပါတယ်။”
AA တပ်ဖွဲ့ဝင်တွေဟာ ပလက်ဝမြို့နယ် ဖလောင်းကျေးရွာက ကျောင်းဆရာတဦးနဲ့ ရခိုင်နှစ်ယောက်ကို ဖမ်းဆီးသွားပြီး သူတို့တွေ သေဆုံးသွားတယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် အဲဒါဟာ စွပ်စွဲချက်တစ်ခုသာ ဖြစ်တယ်လို့ AA ပြောခွင့်ရ ခိုင်သုခကပြောပါတယ်။
“အဲဒီကိစ္စကတော့ ကျနော်တို့နဲ့ လုံးဝပတ်သတ်မှုမရှိဘူး။ အခင်းဖြစ်တဲ့နေရာကလည်း ခလရ နောက်ကျောမှာရှိတဲ့ နေရာမှာ ဖြစ်တာဆိုတော့ အဲဒီနေရာက လုံခြုံရေး ထူထူထပ်ထပ် ချထားတဲ့နေရာဖြစ်တယ်။ အဲဒီနေရာကိုဝင်ပြီး AA က ဖမ်းသွားတယ် ဆိုတာက ဒါသက်သက် စွပ်စွဲချက်ပဲဖြစ်တယ်။ နောက်တခု စဉ်းစားစရာရှိတာက မြန်မာစစ်တပ်ဟာ ချင်းနဲ့ ရခိုင်တွေကြားထဲမှာ နောက်ပြီးတော့ ရခိုင်နဲ့ ရခိုင်မျိုးနွယ်စုဝင် ခူမီးလူမျိူးတွေကြားမှာ ပြဿနာဖြစ်အောင် နည်းမျိုးစုံနဲ့ သူတို့ ကြိုးပမ်းနေတာတွေ ရှိတယ်။ အခုဖြစ်စဉ်ကလည်း လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေဖြစ်အောင် ဖန်တီးဖို့အတွက် ဒီလူတွေကိုဖမ်းပြီးတော့ သတ်လိုက်တာဖြစ်နိုင်တယ်။ ကျနော်တို့နဲ့တော့ လုံးဝမဆိုင်ပါဘူး။”
အခုထုတ်ပြန်တဲ့ကြေညာချက်မှာ ချင်းဒေသခံတွေကို AA အဖွဲ့က လက်ရှိအချိန်ထိ ဖမ်းဆီးထားတယ်ဆိုပြီးတော့လည်း ပါဝင်ပါ တယ်။ AA ဘက်က ဒါကိုငြင်းဆိုပြီး လက်ရှိ ချင်းပြည်နယ် အမျိုးသားလွတ်တော်အမတ် ဦးဝှေ့တင်းတယောက်ကိုသာ သူတို့ ဖမ်းဆီးထားတာဖြစ်ပြီး ကျန်တဲ့ ချင်းတိုင်းရင်းသားတွေကို ဖမ်းဆီးထားတာမရှိဘူးလို့ ပြန်ပြောပါတယ်။
ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ အစိုးရတပ်တို့ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေအပြင် အသက်အိုးအိမ်ဆုံးရှုံးမှုတွေနဲ့ပါ ကြုံတွေ့နေရတာဖြစ်ပါတယ်။
---------------------------
(Unicode)