သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AAPP ကို  ထိုင်းနိုင်ငံနယ်သာလန်သံရုံး လူ့အခွင့်အရေးဆုချီးမြှင့်


AAPPB မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (Photo: AAPP fb/နိုဝင်ဘာ ၈၊ ၂၀၂၃)
AAPPB မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (Photo: AAPP fb/နိုဝင်ဘာ ၈၊ ၂၀၂၃)

AAPPB မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းကို လူ့အခွင့်အရေးဆိုင်ရာ Tulip ဆု ထိုင်းနိုင်ငံ နယ်သာလန်သံရုံးကနေ ချီးမြှင့်ခဲ့ပါတယ်။ တကမ္ဘာလုံးမှာရှိတဲ့ နယ်သာလန်နိုင်ငံ သံရုံးအသီးသီးကနေ လူ့အခွင့်အရေးလှုပ်ရှားတဲ့ အစုအဖွဲ့နဲ့ လူပုဂ္ဂိုလ် ၁၀ ဦးကို ဒီ ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် လာမယ့် ဒီဇင်ဘာလကျရင်တော့ အဲဒီ ဆုရှင် ၁၀ ဦိးထဲက တဦိး တဖွဲ့ကို နယ်သာနိုင်ငံ နိုင်ငံခြားရေးဌာနကနေ လူ့အခွင့်အရေးဆိုငရာ Tulip ဆု ထပ်မံချီးမြှင့်မှာ ဖြစ်ပါတယ်။ ကနဦးအဆင့် သံရုံးတွေက ပေးတဲ့ ဆုကို ရရှိခဲ့တဲ့ AAPP အဖွဲ့ကိုယ်စား အဖွဲ့ရဲ့ တွဲဖက်အတွင်းရေးမှုးကိုဘိုကြည်က ဒီဆုကို လက်ခံယူခဲ့ပါတယ်။ ဒီ ဆုရရှိတာကြောင့် AAPP ရဲ့ လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုတွေအတွက်ရော၊ နွေဦးတော်လှန်ရေးရဲ့ သံတမန်ရေးဆိုင်ရာတိုက်ပွဲတွေအတွက် အင်အားဖြစ်စေမယ်လို့ ယူဆတဲ့အကြောင့် AAPP အတွင်းရေးမှုး ကိုဘိုကြည်က ဗွီအိုအေကို ပြောထားပါတယ်။

“အဓိက သူတို့ရွေးချယ်တာကတော့ ကျနော်တို့က မြန်မာပြည်ထဲမှာဖြစ်နေတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်ခဲ့တာရှိတယ်။​ အထူးသဖြင့်တော့ နိုင်ငံရေးအကျဥ်းသားတွေရဲ့အကြောင်းကို မှတ်တမ်းတင်ခဲ့တာတွေ ရှိတယ်။ အဲဒီလိုပဲ စစ်တပ်ကနေ သတ်ဖြတ်နေတဲ့ အရပ်သားပြည်သူတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ နောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ၊ ဒါတွေကို သတ်ဖြတ်နေတဲ့ဟာတွေကို ကျနော်တို့ထုတ်ပြန်နေတာရှိတယ်။ အဲဒီထုတ်ပြန်နေတဲ့ထုတ်ပြန်ချက်က နိုင်ငံတကာမီဒီယာတွေကလည်း အဓိကထားပြီးတော့ ကျနော်တို့ကို ကိုးကားနေရတာတွေ ရှိတယ်။​ နောက်တခါ ကုလသမဂ္ဂ OCHA လိုမျိုးအဖွဲ့တွေ၊​ တခြား ကုလသမဂ္ဂရဲ့အေဂျင်စီတွေကလည်း AAPPB ရဲ့သတင်းအချက်အလက်တွေကို တော်တော်သုံးနေရတာတွေရှိတယ်။ အဲဒီအတွက် ဒီလိုမျိုး လူ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ စွမ်းစွမ်းတမံလုပ်ဆောင်နေတဲ့ အတွက်ကို ဆုချီးမြှင့်တာလို့ သူတို့ဘက်က ပြောပါတယ်။

အရင်တုန်းကတော့ မခင်ဥမ္မာတို့၊​ ကိုသက်ဆွေဝင်းတို့ ရဖူးပါတယ်။ တခြားလူတွေ ရဖူးလား၊ မရဖူးဘူးလားဆိုတာကိုတော့ ကျနော် မမှတ်မိဘူးပေါ့နော်။ ဒီနှစ်ယောက်ကိုတော့ ကျနော်တို့ မှတ်မိတာမျိုးတွေ ရှိတယ်။ အဓိက ကတော့ ၊ ဒီဆုက ကျနော်တို့ကို ပေးတာထက်စာလို့ရှိရင် မြန်မာနိုင်ငံထဲမှာရှိနေတဲ့ နိုင်ငံရေးအကျဥ်းသားတွေ၊ သူတို့ရဲ့ထူးထူးချွန်ချွန်၊ တကယ် ကြံ့ကြံ့ခံနိုင်မှုတွေ၊ နောက် မြန်မာနိုင်ငံထဲမှာရှိနေတဲ့ တော်လှန်နေတဲ့ပြည်သူတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ဒီဆုကိုပေးတယ်လို့ ယုံကြည်ပါတယ်။ သူတို့ရဲ့ကိုယ်စားပဲ ကျနော်တို့က ဒီဆုကို လက်ခံရယူတယ်လို့ပဲ​ကျနော်တို့ မှတ်ယူပါတယ်။ ယုံကြည်ပါတယ်။ ဒါပေမဲ့ ဒီဆုရဲ့ ထူးခြားချက်ကတော့ ဆုက နိုင်ငံတကာက လှုပ်ရှားမှုကို အသိအမှတ်ပြုတဲ့သဘောပါ။ အဲဒီနောက်ကနေပြီးတော့ ကျနော်တို့က နိုင်ငံရေးအရ သူတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေနဲ့ ကျနော်တို့ စကားပြောခွင့်ရလာမယ်။ ပြီးတဲ့အခါကျတော့ တခြားသော နိုင်ငံခြားရေးဝန်ကြီးဌာနတွေ၊ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကျနော်တို့ ပိုပြီးတော့ ထိတွေ့ခွင့်တွေ ရတာပေါ့။

အဲဒီကနေပြီး သံတမန်ရေးရာတိုက်ပွဲအတွက်ကို ပိုပြီးတော့ အားကောင်းလာနိုင်စေတာမျိုးတော့ ဖြစ်လာနိုင်ပါတယ်။ …ဆိုတော့ ကျနော်တို့ တိုက်ပွဲပုံစံတွေထဲမှာ လက်နက်နဲ့ ခုခံတော်လှန်တဲ့ ပြည်တွင်းထဲမှာ တိုက်ပွဲတွေရှိမယ်။ ပြည်ပမှာဆိုရင်တော့ သံတမန်ရေးရာတိုက်ပွဲတွေရှိမယ်။ ဆိုတော့ ဒီလိုမျိုး အတွင်းနဲ့အပြင်နဲ့ဟန်ချက်ညီ ပေါင်းစပ်တာမျိုးတွေ ဒီလိုနေရာမျိုးမှာတော့ သံတမန်ရေးရာတိုက်ပွဲအတွက်တော့ ပိုပြီးတော့ နည်းနည်းအားကောင်းလာနိုင်တဲ့အနေအထားမျိုးလေးတွေ ရှိလာနိုင်ပါတယ်။"

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG