သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းသားတွေ ထောင်ဝင်စာတွေ့ခွင့် ပြန်ရတော့မည်


ရန်ကုန်မြို့ရှိ အင်းစိန်ထောင် အဝင်တံခါးတခုကိုတွေ့ရစဉ် (ဧပြီ ၁၇၊ ၂၀၂၃)
ရန်ကုန်မြို့ရှိ အင်းစိန်ထောင် အဝင်တံခါးတခုကိုတွေ့ရစဉ် (ဧပြီ ၁၇၊ ၂၀၂၃)

လာမယ့် အောက်တိုဘာ ၂၄ ရက်ကစပြီး အကျဉ်းထောင်တွေမှာ ထောင်ဝင်စာလူတွေ့ခွင့်ပေးဖို့ စစ်ကောင်စီဘက်က ပြင်ဆင်ထားတယ်လို့ စစ်ကောင်စီပြောခွင့်ရက အတည်ပြုပြောဆိုလိုက်ပါတယ်။ တလမှာ တကြိမ်၊ တကြိမ်ကို ၂၅ မိနစ်ကြာ တွေ့ခွင့်ပေးဖို့ စစ်ကောင်စီဘက်က ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ ဒီသတင်းရန်ကုန်က စုစည်းတင်ပြလာတာကို ကိုစံကျော်က ပြောပြမှာပါ။

အကျဉ်းထောင်တွေအတွင်း နိုင်ငံရေးပုဒ်မတွေနဲ့ ကျခံရသူတွေကို ဖိနှိပ်တာ၊ ညှင်းပန်းနှိပ်စက်တာ ဆေးကုသခွင့် မပေးတာ စတာတွေရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေဘက်က ပြင်းပြင်းထန်ဝေဖန်နေချိန်မှာဘဲ စစ်ကောင်စီဘက်က အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေကို ထောင်ဝင်စာလူတွေ့ ခွင့်ပေးဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။ တလမှာ တကြိမ်၊ တကြိမ်ကို ၂၅ မိနစ်ကြာ တွေ့ခွင့်ပေးဖို့ စစ်ကောင်စီဘက်က ပြင်ဆင်ထားတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ခုလိုအတည်ပြုပြောဆိုလိုက်ပါတယ်။

"ဧည့်တွေ့ထောင်ဝင်စာတွေ့ခွင့်ကတော့ မနက်ဖြန် အောက်တိုဘာ ၂၄ ရက်နေ့ကနေပြန်ပြီးတော့ခွင့်ပြု မယ်ပြောပါတယ်ဗျ။ တွေ့ခွင့်ကတော့ထောင်ဝင်စာတွေ့ဆုံချိန်ပေါ့ တလတကြိမ်ပေးမယ် တကြိမ်ကို ၂၅မိနစ် ၂၅မိနစ်ပေးမယ်။ ပြီးရင်တော့ ဝေးလံတဲ့ဒေသကနေ လာရောက်တွေ့ဆုံရတာ တွေရှိမယ်။ အဲဒါတွေကတော့ ဧည့်တွေ့တဲ့ လူဦးရေ အနည်းအများပေါ်မူတည်ပြီး အကျဉ်းထောင်တာဝန်ခံ အရာရှိက သူတို့ကို လိုအပ်သလို တိုးမြှင့်ခွင့်တော့ ကျနော်တို့ပေးထားတယ်။"

ကိုဗစ်ဖြစ်ပွားခဲ့တဲ့ အချိန်ကစလို့ ကိုဗစ်စည်းမျဉ်း စည်းကမ်းအရ ထောင်ဝင်စာတွေ့ခွင့်ကို NLD အစိုးရ လက်ထက်က စတင်ပြီး ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ အဲဒီနောက်အာဏာသိမ်း စစ်ကောင်စီလက်ထက်မှာလည်း တခြားနေရာတွေမှာ ကိုဗစ်စည်းကမ်းတွေ ဖြေလျော့ပေးခဲ့ပေမယ့် ထောင်ဝင်စာတွေ့ ခွင့်ကိုတော့ ဖြေလျော့ခဲ့တာ မရှိဘဲ ခုတကြိမ်မှ လူတွေ့ဖို့ ပြန်လည်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မိသားစုဝင်တွေက အကျဉ်းသားတွေဆီကို အကျဉ်းဦးစီးရဲ့ သတ်မှတ်ချက်အရ ၂ ပတ် တခါတချို့နေရာတွေမှာ ၁ ပါတ် တခါ ထောင်ဝင်စာ ပစ္စည်းပေးခွင့်ကိုတော့ ကိုဗစ်ရောဂါတွေဖြစ်ကတည်းက စည်းကမ်းချက်တွေ အတိုင်းပေးဖို့ ခွင့်ပြုထားခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ သူတို့ကိုဆန့်ကျင်သူတွေကို ဖမ်းဆီး၊ စစ်ဆေးအကျဉ်းချပြီး သေဒဏ်ချတာတွေ အထိ အပြစ်ပေးခဲ့တာဖြစ်ပြီး အခုလို ဖမ်းဆီးခံရချိန်ကစလို့ ထောင်ဒဏ် အပြစ်ပေးခံရတဲ့ အချိန်အထိ မိသားစုနဲ့ တွေ့ခွင့်မရကြပါဘူး။ ဖမ်းဆီးခံရသူနိုင်ငံရေး အကျဉ်းသားတွေဟာ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်တာခံရတဲ့ အတွက် နားမကြားတာ၊ ကိုယ်လက်အင်္ဂါချို့ယွင်းတာ အပါအဝင် ထိခိုက်ဒဏ်ရာ အကြီးအကျယ်ရခဲ့သူတွေ ရှိနေတာကြောင့် သူတို့ရဲ့ ကျန်းမာရေးအခြေနေကို သိချင်နေတဲ့ မိသားစုဝင်တွေက ထောင်ဝင်စာတွေ့ခွင့်ရဖို့ ကာလရှည်ကြာ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အခု ခွင့်ပြုလိုက်တဲ့ ထောင်ဝင်စာလူတွေ့ခွင့်အတွက် အိမ်ထောင်စုစာရင်းနဲ့ ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်ထောက် ခံစာနဲ့ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးကြောင်း ထောက်ခံစာတွေပါဖို့ လိုတယ်လို့ အကျဉ်းဦးစီးဌာနက အမည်မဖော်လိုသူ အရာရှိတဦးက ပြောပါတယ်။ ဒါ့အပြင် အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားဆိုတာမရှိပဲ တရားရုံးအသီးသီးက ဘယ်ပြစ်ဒဏ်နဲ့မဆို အကျဉ်းကျခံရသူတိုင်းကို အကျဉ်းသားလို့သာ သတ်မှတ်ကြောင်းလည်း ပြောပါတယ်။

နိုင်ငံရေးပုဒ်မတွေနဲ့ အကျဉ်းကျခံရတဲ့ သတင်းသမားတဦးရဲ့မိသားစုဝင်တစ်ဦးကတော့ တွေ့ခွင့်ပေးဖို့ တရားဝင်အကြောင်းကြားလာတာမျိုးမရှိပေမယ့် တွေ့ခွင့်ပေးတဲ့အချိန်မှာ သွားရောက်တွေ့ဆုံဖို့ ပြင်ဆင်သွားမယ်လို့ အခုလိုပြောပါတယ်။

"ဘာမှတော့ထွေထူးပြောစရာမရှိပါဘူး။ တွေ့ခွင့်ရတယ်ဆိုရင်ရှေ့နေနဲ့တော့ ဆက်သွယ်လုပ်ထားပါ တယ်။ တွေ့ခွင့်ရတယ်ဆိုရင် ကျနော်ကိုယ်တိုင်ကိုကျကို သွားတွေ့ပါမယ်။ ဟုတ်ကဲ့ပါဗျ။"

အကျဉ်းသားတွေရဲ့အခွင့်အရေးတွေ အပြည့်အဝပေးရမဲ့အစား အကန့်အသတ်တွေနဲ့ တွေ့ဆုံခွင့် ပေး တာဖြစ်လို့ ကြိုဆိုထောက်ခံစရာမရှိဘူးလို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည်က ပြောပါတယ်။

"ပြည်တွင်းဒေသတွင်းနိုင်ငံတကာ ဖိအားတွေ အပေါ် ဖြေလျော့မှုတခု လို့သုံးသပ်တယ်။ ဒီအပေါ်မှာတော့ ကြိုဆိုစရာ၊ ကျေးဇူးတင်စရာ ထောက်ခံစရာအကြောင်းမရှိဘူး။ ပြည်တွင်းဒေသ တွင်းနိုင်ငံတကာ ဖိအားတွေ အပေါ်ဖြေလျော့မှုတခု လုပ်လာသော်ငြားလည်း အကန့်အသတ်တွေက ဖိနှိပ်ချုပ်ချယ်မှုတွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေက အခုအချိန်ထိရှိနေတုန်းဘဲ။ ဖြစ်လို့ ဒါကနိုင်ငံရေးဆန္ဒ၊ နိုင်ငံရေးအာသီသ နိုင်ငံရေးစိတ်စေတနာ ကြောင့်မဟုတ်ဘဲဖိအားပေါ်မှာ ထွက်ပေါက်တခုအနေနဲ့ သူတို့ဘက်က ဖြေလျှော့မှုလုပ်တာတခုဘဲလို့အဲလိုဘဲ မြင်တယ်။"

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ အောက်တိုဘာ ၂၀ ရက်က ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ ဖမ်းဆီးခံထားရတဲ့ အရပ်သား နှစ်သောင်း ငါးထောင်ကျော်ရှိပြီး၊ အဲဒီအထဲက ခုနစ်ထောင့်ရှစ်ရာကျော်ကို နိုင်ငံရေးအမှုတွေနဲ့ ထောင် ဒဏ်တွေ ချထားတယ်လို့ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG