သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆောက် လုံခြုံရေးစစ်ဆေးမှုအတွင်း မြန်မာ ၇၀ ခန့်ဖမ်းဆီးခံရ


ထိုင်းမြောက်ပိုင်း ချင်းရိုင်ခရိုင်မှာဖမ်းမိတဲ့မြန်မာနိုင်ငံသားများ
ထိုင်းမြောက်ပိုင်း ချင်းရိုင်ခရိုင်မှာဖမ်းမိတဲ့မြန်မာနိုင်ငံသားများ

ထိုင်း−မြန်မာနယ်စပ်၊ မဲဆောက်မြို့နယ်ထဲမှာ မေလ ၂၂ရက်နေ့က နယ်မြေခံရဲတပ်ဖွဲ အပါအဝင် အဖွဲ့စုံက လမ်းတွေမှာ ဂိတ်ချပြီး ပိတ်ဆို့ စစ်ဆေးမူတွေ လုပ်ခဲ့သလို စက်ရုံငယ်တွေနေရာတွေကိုလည်း စစ်ဆေးခဲ့တာကြောင့် မြန်မာ ၇၀ထက်မနည်း အဖမ်းခံခဲ့ရပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြိုနယ်ထဲမှာ မေလ ၂၂ရက်နေ့က နယ်မြေခံရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်၊ ယဉ်ထိမ်းရဲနဲ့ လဝက အပါအဝင် ဌာနဆိုင်ရာဝန်ထမ်း အဖွဲ့စုံက ဂိတ်ချစစ်ဆေးတာ၊ ရှောင်တခင်စစ်ဆေးတာတွေ လုပ်ခဲ့ကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလို ပြောပြပါတယ်။

“မဲဆောက်မြို့တီကေ အထည်ချုပ်စက်ရုံအနီးနား မယ်တောင်ဘက်မှာ စစ်ဆေးရေးဂိတ်တခု၊ ပြီးတော့ မဲဆောက်အရှေ့တောင်ပိုင်း ကပ်ဘီဘန်းနဲ့ မယ်တောင်မိုင်ကြား တနေရာ၊ ဟိုဖိုင်နဲ့ နောင်ဘွားကြား တနေရာ၊ အဲဒီ နေရာ ၃ခုမှာ အချိန်ပိုင်း ဂိတ်ချပြီး စစ်ဆေးပါတယ်။ အဲဒီမှာ စာရွက်စာတမ်းမရှိတဲ့ မြန်မာတွေနဲ့ တရားမဝင်မြန်မာ ၇၀လောက် ဖမ်းခံရတယ်လို့ သိရပါတယ်။”

နေရာ ၃ခုမှာ ဂိတ်ချ စစ်ဆေးတာတွေ လုပ်ခဲ့သလို မြန်မာပြည်သား အလုပ်လုပ်ကိုင်နေတဲ့ စက်ရုံငယ်လေးတွေကိုလည်း စစ်ဆေးမူတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“မဲဆောက်တောင်ဘက်မှာရှိတဲ့ အိမ်ရုံလို့ခေါ်တဲ့ အိမ်တွင်းမူလုပ်ငန်းတွေ လုပ်နေတဲ့ စက်ရုံငယ် ၂ရုံ၊ ၃ရုံတို့ကိုလည်း ဝင်ရောက်ပြီး အလုပ်ရှင်မှာ သတ်မှတ်ထားတဲ့ လုပ်ငန်းလိုင်စင် ရှိမရှိ၊ အလုပ်ရှင်က ခိုင်းထားတဲ့ အလုပ်သမားတွေကြား သတ်မှတ်ထားတဲ့ စာရွက်စာတမ်း အထောက်အထား ပြည့်စူံမူ ရှိမရှိကိုလည်း စစ်ဆေးပါတယ်။”

ဥပဒေချိုးဖောက်မှုရှိကြောင်း တွေ့ရတဲ့ စက်ရုံတချို့ကတော့ ဒဏ်ကြေးပေးဖို့ဆုံး ဖြတ်တာတွေလည်း ရှိခဲ့တယ်လို့ဆိုပါတယ်။ အလားတူ ဒီရက်ထဲမှာဘဲ ချင်းရိုင်ပြည်နယ်နဲ့ ဘန်ကောက်အနီး နကွန်ပထုံမြို့နယ်ထဲမှာ တရားမဝင် မြန်မာတွေ အစုလိုက် ဖမ်းမိတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ထိုင်းမြောက်ပိုင်း ချင်းရိုင်ပြည်နယ်၊ မဲ့အိုင်းဘက်မှာလည်း နယ်စပ်ကနေ တရားမဝင် ဝင်လာတဲ့ မြန်မာ ၁၄ယောက်ကို ဖမ်းမိပါတယ်။ နောက်ပြီးတော့ မေလ ၁၉ရက်နေ့က နကွန်ပထုံမြိုနယ်၊ ဘန်လင်မြို့ထဲက ကြာဇံရုံတခုကို ဝင်ရောက် စစ်ဆေးရာမှာ တရားမဝင် မြန်မာ ၃၂ယောက်ကို ဖမ်းမိခဲ့ပါတယ်။”

ဒီရက်ပိုင်းမှာပဲ တရားမဝင် မြန်မာတွေ အစုလိုက် အပြုံလိုက် ဆက်တိုက်ဖမ်းမိနေတာ လူ ၁၀၀ကျော် ရှိသွားပြီဖြစ်သလို နေ့စဉ်လည်း နေရာပေါင်းစုံက ဆယ်ဂဏန်းလောက် ဖမ်းဆီး ခံနေရပါတယ်။ ထိုင်း−မြန်မာနယ်စပ်မှာ လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးမိပြီးတဲ့နောက် ထိုင်းအာဏာပိုင်တွေက လုံခြုံရေးကို တင်းကြပ်ထားပြီး စစ်ဆေးမူတွေလည်း ပိုလုပ်လာတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG