သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် ရန်ကင်းမှာ လူငယ် ၆ ဦးထက်မနည်းကို နေအိမ်တွေမှာ ဖမ်းဆီး


ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ထောက်ခံဆန္ဒပြပွဲ။ (ဧပြီ ၁၈၊ ၂၀၂၁)
ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ထောက်ခံဆန္ဒပြပွဲ။ (ဧပြီ ၁၈၊ ၂၀၂၁)

(Zawgyi / Unicode)

နိုင်ငံတဝန်းမှာ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားနေချိန်မှာပဲ စစ်ကောင်စီဘက်ကလည်း တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးတာတွေ ဆက်လက်လုပ်ဆောင်နေပြီး ရန်ကုန်မှာတော့ မနေ့ညက ၆ ယောက်ထက်မနည်း ထပ်ပြီး ဖမ်းဆီးခံခဲ့ရပါတယ်။ တချိန်တည်းမှာပဲ မြင်းခြံမြို့မှာတော့ စစ်ကောင်စီဘက်က ပစ်ခတ်တာကြောင့် ၂ ယောက် သေနတ်ကျည်ထိမှန်ခဲ့ပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို ကိုရန်နိုင် တင်ပြပေးထားပါတယ်။

စစ်ကောင်စီဘက်က မနေ့က မြန်မာနှစ်ဆန်းတရက်နေ့မှာ နိုင်ငံတဝန်းက အကျဉ်းထောင် အသီးသီးမှာ အဖမ်းခံထားရတဲ့ အကျဉ်းသားတွေ အတော်များများကို ပြန်လွှတ်ပေးလိုက်ပေမယ့်လည်း တဖက်မှာလည်း ဖမ်းဆီးတာ ဆက်ပြီးတော့ လုပ်ဆောင်နေပါတယ်။

ရန်ကုန်မှာ မနေ့က ကျောင်းသားသမဂ္ဂ လူငယ်တချို့ အလုံမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရပြီးတဲ့နောက် မနေ့ညကလည်း ရန်ကင်းမြို့နယ် ၄ ရပ်ကွက်အတွင်း မခင်ငြိမ်းသူ အပါအဝင် တက်ကြွလှုပ်ရှားသူ ၆ ယောက်ထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး မခင်ငြိမ်းသူရဲ့မိခင် ဒေါ်လှလှစိုးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“မနေ့ကည ၉ နာရီလောက်မှာပါ။ သူ့ရဲ့ Boyfriend က ဖုန်းဆက်ပြီး အကြောင်းကြားတယ်။ အိမ်မှာ ရဲတို့ စစ်တပ်တို့ ရောက်ပြီးတော့မှ အိမ်ကို ရှာနေတယ်။ သူ့ကို ဖမ်းတော့မယ်ပေါ့။ အဲဒီလို ပြောပြီးတော့၊ သမီးရဲ့ ဘေးအိမ်မှာနေတဲ့ မေဘယ်ရဲ့ သမီးလေးလည်း ပါတာကိုး အဖမ်းခံရတဲ့အထဲမှာ။ မေဘယ်ကတဆင့်ပဲ အန်တီက သိလိုက်ရတာ၊ ခေါ်သွားပြီဆိုတဲ့အကြောင်း။ ဒီနေ့မနက်မှ ရန်ကင်းရဲစခန်းမှာ အန်တီတို့ သွားစောင့်ပြီးတော့ တွေ့ဖို့လုပ်တယ်။ တွေ့ခွင့်တော့ မရဘူး။ ဒါပေမယ့် သူ့ကို Toilet သွားဖို့ ခေါ်လာတဲ့အချိန်မှာ လှမ်းပြီးတော့ တွေ့လိုက်ရတယ်။ သမီးရေလို့ အော်ပြီးတော့ အန်တီရှိတဲ့အကြောင်း ပြောလိုက်တယ်။ သမီးကတော့ လမ်းကောင်းကောင်း မလျှောက်နိုင်ဘူး။ မျက်နှာတွေလည်း ဖူးရောင်နေတယ်။ သမီးကိုယ်တိုင်လည်း ရဲစခန်းကဖုန်းနဲ့ ဆက်ပြီးတော့ သူနဲ့ အတူတူအဖမ်းခံရတဲ့ ကလေးတွေနဲ့ အင်းစိန်ကိုရွှေ့မယ်လို့ ပြောတယ် အမေတဲ့ ဆိုပြီးတော့ ၂ နာရီခွဲလောက်ကြတော့ အဲဒီကား ထွက်သွားတယ်။ ဒါပေမယ့် အခုနောက်ဆုံး ကြားတာတော့ ရွှေပြည်သာ စစ်ကြောရေးမှာလို့ သိရပါတယ်။”

ကိုရန်နိုင် - သူနဲ့အတူတူ ဘယ်နှစ်ယောက် အဖမ်းခံလိုက်ရလဲ။

ဒေါ်လှလှစိုး - “သူ့အိမ်မှာ အတူတူ စားသောက်နေရင်းနဲ့ ဖမ်းမိသွားတာ သမီးပါ အပါအဝင် ၆ ယောက်ပါ။”

ကိုရန်နိုင် - ဘာကြောင့် သူ့ကို အဲဒီလို လာဖမ်းသွားတာပါလဲ။

ဒေါ်လှလှစိုး - “အန်တီလည်း အတိအကျတော့ မသိဘူး။ ဒါပေမယ့် တည့်တည့်မတ်မတ်ပဲ သူ့ဆီကို ရောက်လာပြီးတော့ နိုင်ငံခြားသားနဲ့၊ သူ့ရဲ့ Boyfriend က နိုင်ငံခြားသားပါ၊ နိုင်ငံခြားသားနဲ့ အိမ်ထောင်ပြုထားတဲ့ အကသင်တဲ့ ဆရာမအိမ် ဘယ်အိမ်လဲ ဆိုပြီးတော့ သူ့အိမ်ကို တည့်တည့်ပဲ သွားပြီးတော့မှ မေးတယ်၊ မြန်းတယ်၊ ပြီးတော့ အိမ်ကိုရှာတယ်၊ ရှာတဲ့အခါ အိမ်ထဲမှာ သပိတ်ပစ္စည်းတွေ တွေ့တယ်ပေါ့လေ။ အဲတော့ တွေ့တဲ့ပစ္စည်းတွေ သိမ်းပြီးတော့ ကလေးတွေကို ခေါ်သွားတယ်။”

စစ်ကောင်စီကတော့ မနေ့က မြန်မာနှစ်ဆန်းတရက်နေ့မှာ နိုင်ငံတဝန်းက အကျဉ်းထောင်အသီးသီးကနေ အကျဉ်းသား ၂၀,၀၀၀ ကျော်ကို လွှတ်ပေးခဲ့ပါတယ်။

အခုလို ဖမ်းဆီးမှုတွေရှိနေတဲ့ တချိန်တည်းမှာပဲ ရန်ကုန်မြို့ ဗဟန်း၊ တာမွေ၊ ကျောက်မြောင်း အပါအဝင် မန္တလေး၊ မိတ္ထီလာ၊ မြင်းခြံ၊ မုံရွာ၊ မိုးကုတ်၊ ကသာ၊ ပေါင် စတဲ့မြို့တွေမှာလည်း စစ်ကောင်စီကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး ဆန္ဒပြတဲ့သူတွေက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က မကြာခင်က ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

မြင်းခြံမြို့က ဆန္ဒပြပွဲအတွင်းမှာတော့ စစ်ကောင်စီဘက်က ပစ်ခတ်တာကြောင့် ၂ ယောက် သေနတ်ကျည်ထိမှန်ပြီး ၁ ယောက်က စိုးရိမ်ရတယ်လို့ မြင်းခြံမြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“၁၁ ကျော်ကျော် ၁၂ ဝန်းကျင်လောက်ကပေါ့၊ ကျနော်တို့ မြင်းခြံမြို့က အမှတ် ၁ ရဲစခန်းလို့ ခေါ်တာပေါ့၊ အမှတ် ၁ ရဲစခန်းရဲ့ အနောက်မြောက်ထောင့်မှာ သပိတ်စစ်ကြောင်းက ကလေးတွေက ရဲကို ဆဲလိုက်တဲ့အခါ ရဲကားက လှမ်းထုလိုက်တော့ အဲဒီ ဆဲတဲ့ကလေးကတော့ လက်မောင်းကို ရှပ်မှန်သွားတယ်။ သူကတော့ ဘာမှ မစိုးရိမ်ရဘူးပေါ့။ တကယ်မှန်သွားတဲ့ လူကကျတော့ သူတို့ပစ်တဲ့ လမ်းထောင့်ရဲ့ တတိုက်ကျော်က တံခါးပိတ်မယ်ဆိုပြီးတော့ တံခါးပေါက် လှမ်းဆွဲလိုက်တဲ့အချိန် ခေါင်းထွက်လာတာမှ ပစ်လိုက်တာ၊ အဲဒီမှာ ထိသွားတာ။ ဆန်ပွဲရုံက အလုပ်သမားလေး၊ ထိတဲ့ကလေးက။ သူ့ရဲ့အခြေအနေက အခု ကျနော်တို့အသင်းက သွားကောက်ပြီး ပရဟိတဆေးခန်း ပို့လိုက်တော့၊ အခု မြင်းခြံမှာ မနိုင်ဘူးပေါ့နော်။ မြင်းခြံက ပြည်သူ့ဆေးရုံမှာ ဆရာဝန် ဆရာမတွေက မရှိကြဘူး၊ ပိတ်ထားရတာ။ ပိတ်ထားတော့ ပုဂ္ဂလိက ဆေးခန်းကို ပို့လိုက်တယ်။ ပို့လိုက်တော့ ပုဂ္ဂလိကဆေးခန်းကလည်း မနိုင်တော့ အခု မန္တလေးကို ပို့လိုက်တယ်။ အခု မန္တလေးတော့ ရောက်နေပြီ။ ဒါပေမယ့် ကျနော်တို့ သွားကောက်တော့ အခြေအနေ ကြည့်လိုက်ရတာကတော့ အခြေအနေ မကောင်းနိုင်ဘူးဗျ။ ဘယ်ဘက်မျက်ခုံးတည့်တည့်ကို မှန်တယ်။”

မြင်းခြံမြို့မှာ ဒီနေ့ ဆန္ဒပြတဲ့သူ အရေအတွက်ဟာ ၁၅၀ ကနေ ၂၀၀ ကြားမှာ ရှိတယ်လို့လည်း သိရပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်ကောင်စီက အာဏာသိမ်းချိန်ကစပြီး အခုချိန်ထိ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက ပစ်ခတ်နှိမ်နင်းမှုကြောင့် ၇၀၀ ကျော် သေဆုံးခဲ့ပြီး ဖမ်းဆီးခံရသူက ၃,၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)
















XS
SM
MD
LG