သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားညီညွတ်ရေး အစိုးရရဲ့ အစီအစဉ် ပြည်ပရောက်မြန်မာတွေအားပေး


[ Zawgyi/ Unicode ]


CRPH က ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ပေါ်ပေါက်လာပြီး နောက်တနေ့မှာပဲ အမေရိကန် ပြည်ထောင်စု အပါအဝင် ကနေဒါ ၊ နယ်သာလန် နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေက ပြည်တွင်းက ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေနဲ့ တသားတည်းရှိကြောင်း ဆန္ဒထုတ်ဖေါ် ပြသခဲ့ကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာစစ်သံရုံးရှေ့မှာတော့ ဝါရှင်တန်ဒီစီ ၊ မေရီလန်း၊ ဗာဂျီးနီးယားပြည်နယ်က မြန်မာနဲ့တိုင်းရင်းသားတွေအပြင် နယူးယောက်၊ မင်နီဆိုးတား၊ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်တွေက တိုင်းရင်းသားတွေပါ လာရောက်ပြီး NUG အမျိုးသားညီညွတ်ရေး အစိုးရသစ်ကို ထောက်ခံ ကူညီသွားမှာဖြစ်ကြောင်းနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြတယ်လို့ ဆန္ဒပြပွဲ စီစဉ်သူတွေထဲက တဦးဖြစ်တဲ့ ဦးရင်အေးက ပြောပါတယ်။

" တိုင်းရင်းသားတွေ အပါအဝင် ကျနော်တို့အားလုံး ဒီစစ်ကောင်စီရဲ့ စစ်သံရုံးရှေ့မှာ ကျနော်တို့ရဲ့ အမျိုးသားညီညွတ်ရေး အစိုးရသစ်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြောင်း ဒီမှာ ဆန္ဒထုတ်ဖေါ်နေကြတာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၇၀ အတွင်း တိုင်းပြည်အတွက် တကယ်ကို လိုအပ်နေချိန်မှာ ပေါ်လာတဲ့ အစိုးရ ဖြစ်တဲ့အတွက် လှိုက်လှဲစွာကြိုဆိုကြောင်းနဲ့ အစိုးရသစ်ကို ကျနော်တို့ နိုင်ငံတကာရောက် အင်အားစုတွေက ထောက်ခံကူညီသွားမယ် ၊ အစိုးရသစ်နဲ့အတူ ဒီနွေဦးတော်လှန်ရေးမှာ ရရာနေရာကနေ အစွမ်းကုန်တော်လှန် သွားမယ်ဆိုတဲ့ သတင်းစကားကို ဒီမှာလာပြကြတာ ဖြစ်ပါတယ်။ ဘုံရန်သူက စစ်အာဏာရှင်စနစ်ဖြစ်ပါတယ်။ စစ်တပ်ရဲ့ မတရားအုပ်စိုးမှုတွေ ရုပ်သိမ်းဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ တိုက်ပွဲဝင်သွားမှာပါ။ "

အလားတူ မက်ဆာချူးဆက်ပြည်နယ် ဘော့စတွန်မြို့က ပြည်နယ် လွှတ်တော်အဆောက်အဦရှေ့ မြန်မာနဲ့ တိုင်းရင်းသား ၂၀၀ ကျော် မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆန္ဒပြခဲ့ကြကြောင်း မသိန်းဌေးက ပြောပါတယ်။

" မြန်မာပြည်မှာရှိတဲ့ ပြည်သူတွေနဲ့အတူ ဒီဘော်စတွန်မြို့မှာရှိတဲ့ မြန်မာတွေကလည်း တသားထဲ ရှိတယ်ဆိုတာကို ပြသချင်တယ်။ အပြစ်မဲ့ ပြည်သူတွေအပေါ်မှာ စစ်အစိုးရက မတရား ပြုကျင့်နေတာတွေကို ကျမတို့က ဒီမှာ ပြင်းထန်စွာ ရှုတ်ချနေတာ ဖြစ်ပါတယ်။ နောက်ပြီး CRPH နဲ့ NUG အစိုးရကိုလည်း တတ်နိုင်သမျှ ထောက်ပံ့ကူညီသွားမှာပါ။ "

တခါ အင်ဒီယားနားပြည်နယ် အင်ဒီယာနာပလိဇ် မြို့က လူသွားလူလာများတဲ့ War Memorial အဆောက်အဦရှေ့မှာ တိုင်းရင်းသားနဲ့မြန်မာ (၃၀၀)ဝန်းကျင်က စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး ဆန့်ကျင်ဆန္ဒပြပွဲ လုပ်ခဲ့ကြောင်း ကိုချမ်းငြိမ်းက VOA ကို ပြောပါတယ်။

" တနေ့က အထိကတော့ ကျနော်တို့က CRPH ကို ထောက်ခံလာခဲ့တယ်ပေါ့။ မနေ့တနေ့ကပဲ အမျိုးသားညီညွတ်ရေး အစိုးရဆိုတာ ပေါ်ပေါက်လာတော့ အဲဒီ NUG အစိုးရကို ထောက်ခံတယ်၊ CRPH ကိုလည်း ထောက်ခံတယ်ပေါ့ ။ တချိန်ထဲမှာပဲ ဖမ်းဆီးခံ ခေါင်းဆောင်တွေ ပြန်လွတ်ဖို့ ၊ စစ်အာဏာရှင်စနစ် ပြုတ်ကျဖို့ ၊ ပြည်တွင်းက နွေဦးတော်လှန်ရေး ရဲဘော်တွေနဲ့လည်း တသားတည်း ရှိနေတယ်။ နောက်ပြီး ဒီအမေရိကန် ကျနော်တို့ပြည်က ဌာနေဒေသခံတွေ မြန်မာ့အရေးအပေါ် ပိုပြီးအာရုံစိုက်လာအောင် အဲဒီလိုရည်ရွယ်ပြီး ဆန္ဒပြနေတာ ဖြစ်ပါတယ်။ "

အမေရိကန် တက္ကဆက်ပြည်နယ်မှာလည်း Save Myanmar Rally ဆိုတဲ့ခေါင်းစဉ်နဲ့ Houston မြို့မှာ မြန်မာအမေရိကန် တွေရော ၊ ဌာနေ အမေရိကန်နိုင်ငံသားတွေပါ စုပေါင်းပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု လုပ်နေတဲ့ Chevron ရေနံကုမ္ပဏီက မြန်မာစစ်ကောင်စီနဲ့ ငွေကြေး ဆက်ဆံမှုတွေ ရပ်ဆိုင်းထားဖို့ ဧပြီ(၁၇) စနေနေ့မှာ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

နယူးဂျာစီမြို့က မြန်မာများ မြန်မာပြည်တွင်းကိုကူညီဖို့ ရန်ပုံငွေရှာပွဲတခု
နယူးဂျာစီမြို့က မြန်မာများ မြန်မာပြည်တွင်းကိုကူညီဖို့ ရန်ပုံငွေရှာပွဲတခု


နိုင်ငံ့ အရှေ့ဖက်ခြမ်း နယူးဂျာစီပြည်နယ်မှာရှိတဲ့ မြန်မာတွေကလည်း နွေဦးတော်လှန်ရေး တီရှပ်တွေအပါအဝင် အစားအသောက် အသုံးဆောင်ပစ္စည်းတွေရောင်းချရင်း မြန်မာပြည်တွင်းက အခက်ခဲကြုံနေသူတွေကို ကူညီဖို့ ရန်ပုံငွေရှာ ဈေးရောင်းပွဲကို စနေနေ့က ကျင်းပခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုမှာလိုပဲ ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့မှာလည်း ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ဆန္ဒပြခဲ့ကြတာပါ။ ကိုဗစ်ထိန်းချုပ်တဲ့ စည်းကမ်းချက်တွေကြားကပဲ သူတို့ ဘာကြောင့် ဆန္ဒပြရသလဲ ဆိုတဲ့အကြောင်း ကိုဂျွန်တင်က ပြောပြပါတယ်။

" ဒီမှာ ကိုဗစ်ကန့်သတ်ချက်ရှိတော့ ကျနော်တို့ လူအများကြီး မစုနိုင်ဘူး။ ဒါပေမဲ့လည်း ကရင်၊ ကချင် တိုင်းရင်းသားတွေ အတော်လေး လာကြပါတယ်။ လတ်တလော ဖွဲ့စည်းလိုက်တဲ့ NUG အစိုးရကို ကျနော်တို့ ထောက်ခံတယ် အားပေးတယ် ပူးပေါင်းဆောင်ရွက်သွားမယ် ဆိုတဲ့အကြောင်း ပြသကြတယ်။ ဒီအမျိုးသား ညီညွတ်ရေးအစိုးရကို ကနေဒါနိုင်ငံကလည်း လက်ခံပြီး ထောက်ခံမှုပေးအောင် တောင်းဆိုနေကြပါတယ်။ "

ကနေဒါနိုင်ငံအပြင် ဥရောပတိုက်ထဲက မြန်မာတွေရှိကြတဲ့ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှာလည်း NUG အစိုးရသစ်ကို ကြိုဆိုကြောင်းနဲ့ CRPH / CDM သမားတွေအတွက် ရန်ပုံငွေရှာ ဈေးရောင်းပွဲ လုပ်ခဲ့ကြောင်း မမာစံက ပြောပါတယ်။

" ကျမတို့ ဒီနေ့လုပ်တဲ့ပွဲက အစိုးရသစ် NUG ကိုလည်း ထောက်ခံတယ်ဆိုတာ ပြသရင်း ၊ မြန်မာပြည်ထဲမှာရှိတဲ့ အာဏာရှင်စနစ် ဆန့်ကျင်နေတဲ့ပြည်သူတွေနဲ့ ထပ်တူရှိတယ်ဆိုတာကိုလည်း ပြသကြတယ်ပေါ့နော်။ နောက်ပြီး မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေကို ဒီ နယ်သာလန်နိုင်ငံသားတွေ ပိုသိလာအောင် ၊ ပြီးတော့ သူတို့ကတဆင့် သူတို့အစိုးရနေ မြန်မာပြည်အရေးမှာ ကူညီဆောင်ရွက်လာအောင် ကျမတို့က သက်ဆိုင်ရာ လွှတ်တော်အမတ်တွေကို စာရေးတယ် ၊ ဖုန်းဆက်တယ် ၊ သူတို့ကလည်း အကြောင်းပြန်တယ်။ အဲလိုတွေ လုပ်နေကြပါတယ်။ တဖက်မှာလည်း CDM နဲ့ CRPH ကို အကူအညီပေးနိုင်ဖို့ ရန်ပုံငွေရှာတဲ့ ဈေးရောင်းပွဲတွေလည်း လုပ်နေပါတယ်။ "

ခုလို အနောက်နိုင်ငံတွေမှာသာမက ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာလည်း မြန်မာတွေက စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ဆန့်ကျင်ဆန္ဒပြကြသလို၊ သက်ဆိုင်ရာ နိုင်ငံက ပြည်သူတွေပိုသိအောင် လှုံ့ဆော်တာ မျိုးလည်း လုပ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

[ Unicode ]

















XS
SM
MD
LG