၂၀၂၄ ခုနှစ်အတွင်း အာရှတိုက်ဟာ ၅ ရာခိုင်နှုန်း ပိုဖွံ့ဖြိုးတိုးတက်လာမယ်လို့ အာရှ ဖွံ့ဖြိုးရေးဘဏ် ADB က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ ဝယ်ယူသုံးစွဲနိုင်သူ ပမာဏပိုများလာပြီး နည်းပညာသုံးပစ္စည်းတွေ ဝယ်လိုအား ပိုများလာတာကြောင့် အခုလို ခန့်မှန်းသုံးသပ်တာပါ။ တရုတ်နိုင်ငံကလည်း စီးပွားရေး ပိုကောင်းလာအောင် ပိုပြီး အထောက်အပံ့တွေ ပေးလာဖို့ မျှော်လင့်ကြောင်းလည်း ADB က ပြောပါတယ်။
ADB ရဲ့ အာရှဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သတ်တဲ့ သုံးသပ်ချက် အစီရင်ခံစာမှာ အာရှဒေသတွင်း စီးပွားရေးကဏ္ဍအများအပြားနဲ့ ပတ်သတ်လို့ ဇူလိုင်လတုန်းက ထုတ်ပြန်တဲ့ အစီရင်ခံစာအတိုင်း သိပ်အပြောင်းအလဲတော့ မရှိပါဘူး။ ဒီနှစ်အတွက်တော့ ၅ ရာခိုင်နှုန်း ခန့်မှန်းထားပြီး လာမယ့်နှစ်မှာတော့ ၄.၉ ရာခိုင်နှုန်း ဖွံ့ဖြိုးတိုးတက်မယ်လို့ဆိုတယ်။
အာရှ ပစိဖိတ်ဒေသတွင်း ၄၆ နိုင်ငံမှာ ငွေကြေးဖေါင်းပွမှု သုံးသပ်ချက်ကို ပြန်လျှော့ချပြီး ဒီနှစ်အတွက် ၂.၈ ရာခိုင်နှုန်း၊ နောင်နှစ်အတွက်တော့ အရင် ခန့်မှန်းချက်အတိုင်း ၂.၉ ရာခိုင်နှုန်း လို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်ပပို့ကုန်တွေကို ပိတ်ပင်လာတာ၊ နယ်မြေ ပိုင်ဆိုင်မှု အငြင်းပွားစရာတွေနဲ့ ဆိုးရွာလာတဲ့ ရာသီဥတု၊ တရုတ်အိမ်ခြံမြေ စျေးကွက် ကျဆင်းလာတဲ့ အခြေအနေတွေကိုလည်း မနီလာအခြေစိုက် ADB အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
ကမ္ဘာ့ဒုတိယအကြီးဆုံး တရုတ်နိုင်ငံမှာ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ တချိန်တည်းမှာ စီးပွားရေး ပြန်အင်အားကောင်းလာအောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေပေမယ့်လည်း အခက်အခဲတွေ ဆက်ရှိနေဆဲပါ။ အင်္ဂါနေ့တုန်းက တရုတ် ဗဟိုဘဏ်က အခွန်နှုန်းထားတွေ လျှော့ချပေးတာအပြင် အိမ်ခြံမြေစျေးကွက် လည်ပတ်နိုင်အောင် စည်းမျဥ်းစည်းကမ်းတွေ ထပ်မံလျှော့ချပေးမယ်ဆိုပြီး ကြေညာထားပါတယ်။
Forum