သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်္ကာပူကရွှေ ကမ္ဘောဒီယားဘယ်လိုတင်သွင်းသလဲ


ကမ္ဘောဒီးယားနိုင်ငံကို ငါးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၅ဘီလျှံတန်ဘိုးရှိတဲ့ ရွှေတွေ စင်္ကာပူနိုင်ငံကနေတင်သွင်းခဲ့ တဲ့ကိစ္စနဲ့ပတ်သက်ပြီး တရားမဝင်တင်သွင်းခဲ့တာလား၊ အာဏာပိုင်တွေရဲ့အကျင့်ပျက်ခြစားမှုလားဆိုတာ မေးခွန်းထုတ် စရာဖြစ်နေတယ်လို့ ကမ္ဘောဒီးယားအခြေစိုက် NGO အဖွဲ့တခုကထောက်ပြလိုက်ပါတယ်။ ဒီအကြောင်း David Boyle နဲ့ Tum Malisတို့ရေးသားတဲ့ သတင်းကို ကိုကျော်အောင်လွင်က ဆက်ပြောပါလိမ့်မယ်။

အခုလိုငွေကြေးတန်ဖိုး ပမာဏများပြားတဲ့ ရွှေတင်သွင်းမှုတွေရှိခဲ့တာကို ဖေါ်ထုတ်ခဲ့တာက အစိုးရမဟုတ်တဲ့အဖွဲ့အစည်း တခုဖြစ်တဲ့ Mother Nature Cambodia ဆိုတဲ့အဖွဲ့ကဖြစ်ပြီး အစိုးရရဲ့စာရင်းအင်း အချက်အလက်တွေကတဆင့် သိရတာ လို့ဆိုပါတယ်။ တန်ဖိုးများလှတဲ့ရွှေတွေ စာရင်းမရှိပဲ စင်္ကာပူကနေဝင်လာတဲ့ ကိစ္စက ဘဏ္ဍာရေးဆိုင်ရာပြစ်မှု ကျူးလွန်မှု လား၊ မှောင်ခိုတင်သွင်းခဲ့တာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ Mother Nature Cambodia အဖွဲ့ ကိုပူးတွဲထူထောင်သူ Alejandro Gonzalez-Davidson က ဗုဒ္ဓဟူးနေ့တုန်းက ပြောပါတယ်။

"တန်ချိန်၃၇၀ရှိတဲ့ ရွှေချောင်းတွေရဲ့တန်ဘိုးက ဒေါ်လာ၁၅ဘီလျှံကျော်ပါတယ်။ ၂၀၁၂ခုကနေ ၂၀၁၇ခုနှစ်အတွင်း စင်္ကာ ပူနိုင်ငံက တင်သွင်းခဲ့တာပါ။ အစိုးရရဲ့စာရင်းတွေမှာ ဒီရွှေတွေဝင်လာတာနဲ့ပတ်သက်ပြီး မှတ်တမ်းမရှိပါဘူး။ တရားမဝင် နည်းနဲ့ရောက်လာတာမဟုတ်ဘူးဆိုရင် စာရင်းအင်းတွေမှားယွင်းပြီးလုပ်မိတာလားဆိုတာမေးစရာရှိပါတယ်။ အခုလို စာရင်းပျောက်မှုတွေ ကွာဟမှုတွေကိုတွေ့ရတာကြောင့် ဘဏ္ဍာရေးဆိုင်ရာပြစ်မှုကျူးလွန်မှုတွေရှိနေပြီလားလို့လည်း စိုးရိမ်စရာဖြစ်နေပါတယ်။"

အခုလိုစွပ်စွဲချက်ရှိလာတာကို ကမ္ဘောဒီးယားအရာရှိတွေကတော့ မဟုတ်ဘူးလို့ငြင်းပါတယ်။ နိုင်ငံထဲကိုရွှေတွေပုံမှန်အတိုင်းဝင်နေ တာပဲလို့လည်းဆိုပါတယ်။ စင်္ကာပူကနေ ကမ္ဘောဒီးယားကို ငါးနှစ်အတွင်းတင်သွင်းခဲ့တဲ့ တခြားကုန်ပစ္စည်းတွေအားလုံး ရဲ့တန်ဖိုးထက် အခုရွှေတွေဝင်လာတဲ့တန်ဖိုးက ဒေါ်လာ၁၂ဘီလျှံ ပိုများနေတာပါ။ Mother Nature အဖွဲ့က ကမ္ဘောဒီးယား ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့စာရင်းဇယားတွေကိုလေ့လာပြီးပြောတာဖြစ်ပါတယ်။ အရင်တုန်းကတော့ တရားမဝင်သစ်လုပ် ငန်းနဲ့ တရားမဝင်သဲတူးဖေါ်ရောင်းချမှုတွေနဲ့ပတ်သက်ပြီး စာရင်းအင်း မှားယွင်းတွက်ချက်မှုတွေရှိခဲ့တယ်ဆိုပြီး အစိုးရက လက်ညှိုးထိုးခဲ့ပါတယ်။ စာရင်းအင်းမှားယွင်းမှုဆိုတာဖြစ်တတ်တဲ့ကိစ္စဆိုပေမဲ့လည်း နိုင်ငံတော်အသုံးစရိတ်ထက်တောင် ပိုများနေတဲ့ စာရင်းကွာဟမှုကို ဘယ်လိုရှင်းမလဲလို့လည်း Alejandro Gonzalezက မေးခွန်းထုတ်ပါတယ်။ ၂၀၁၈ခုနှစ် အတွက် ကမ္ဘောဒီးယားရဲ့ ဘဏ္ဍာရေးအသုံးစရိတ်က ဒေါ်လာ ၆ဘီလျှံချထားတာပါ။

"အဲဒါကြောင့် အခုရွှေကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအစိုးရဌာနတွေကနေ ဖြေရှင်းပေးဖို့လိုပါတယ်။ အထူးသဖြင့် အကောက်ခွန်ဌာနနဲ့ ကမ္ဘောဒီးယားအမျိုးသားဘဏ် တို့ဘက်က ဖြေရှင်းပေးဖို့လိုပါတယ်။"

အခုကိစ္စကိုသိနိုင်အောင် ဗွီအိုအေက ကမ္ဘောဒီးယားအကောက်ခွန်နဲ့ အမျိုးသားဘဏ်တွေကိုဆက်သွယ်ခဲ့ပေမဲ့လည်း ဘာအဖြေမှမရခဲ့ပါဘူး။ ကမ္ဘောဒီးယားအစိုးရရဲ့ပြောရေးဆိုခွင့်ရှိသူ Phay Siphanကလည်း ဒီရွှေကိစ္စနဲ့ပတ်သက်ပြီး အာဏာပိုင်တွေရဲ့စုံစမ်းစစ်ဆေးမှုရှိတယ်ဆိုတာလည်း သူမကြားမိဘူး၊ အခုလိုစွပ်စွဲချက်ကလည်း အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်သက်သက်ပါလို့ဆိုပါတယ်။

ထိုင်းအခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူ George Mcleod ဟာ ကမ္ဘောဒီးယားနဲ့ဆိုင်တဲ့ရွှေကုန်ကူးမှုကိုစုံစမ်းစစ် ဆေးခဲ့သူဖြစ်ပါတယ်။ သူကလည်း Mother Nature အဖွဲ့ရဲ့တင်ပြချက်ကိုကြည့်ပြီး ကြီးမားတဲ့ရွှေမှောင်ခိုလုပ်ငန်းဖြစ် နေတဲ့သဘောပဲလို့ခန့်မှန်းပါတယ်။ စင်္ကာပူနိုင်ငံဟာ ရွှေနဲ့ပတ်သက်ရင် ဈေးကွက်လွတ်လပ်မှုလုံးဝရှိတဲ့နိုင်ငံဖြစ်ပြီး ကြိုက်သလောက်ပမာဏ အရောင်းအဝယ်လုပ်လို့ရပါတယ်။ ဘီလျှံဒေါ်လာနဲ့ချီပြီး ရွှေအရောင်းအဝယ်လုပ်ရင်လည်း စင်္ကာပူမှာ ဘာမှမေးခွန်းထုတ်မှာမဟုတ်ဘူးလို့လည်း George Mcleodကဆိုပါတယ်။ ကမ္ဘောဒီးယားကိုရွှေတင်သွင်းမယ်ဆိုရင် အစိုးရဘဏ်ကို ငွေလွှဲခပေးရတာကလွဲပြီး အခွန်မဆောင်ရပါဘူး။ ဒါပေမဲ့ ကမ္ဘောဒီးယားနဲ့ကပ်ရက်ရှိတဲ့ ဗီယက်နမ်နိုင်ငံ ကတော့ ရွှေတင်သွင်းမှုကို တင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားတာပါ။

တဘက်မှာ ဗီယက်နမ်ရဲ့စီးပွါးရေးကလည်း တော်တော်ကောင်းနေတာကြောင့် ဗီယက်နမ်စီးပွါးရေးသမားတွေတော်တော်များများက ဗီယက်နမ်ငွေအစား ရွှေကိုဝယ်စု ထားချင်ကြတာပါ။ အဲဒါကြောင့်လည်း ဗီယက်နမ်မှာရွှေမှောင်ခိုလုပ်မှုတွေ မကြာခဏတွေ့ရတတ်တယ်လို့ ရွှေကုန်ကူးမှုကို လေ့လာသူ George Mcleod ကဆိုပါတယ်။

Transparency International လို့ခေါ်တဲ့ နိုင်ငံတကာအဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ရဲ့ အဆိုအရ ကမ္ဘောဒီးယားဟာ အရှေ့တောင်အာရှမှာ အကျင့်ပျက်ခြစားမှုအများဆုံးနိုင်ငံဖြစ်ပါတယ်။ Mother Nature Cambodia အဖွဲ့ က ကမ္ဘောဒီးယားအစိုးရရဲ့ဘဏ္ဍာရေးဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး ထောက်ပြ ဝေဖန်တာ ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။

၂၀၀၇နဲ့၂၀၁၅ခုနှစ်အကြားမှာ ကမ္ဘောဒီးယားက သဲတွေ ဒေါ်လာသန်း၇၀၀ဖိုး စင်္ကာပူနိုင်ငံက ဝယ်ယူခဲ့တယ်ဆိုတဲ့စာရင်းကိုထောက်ပြပြီး ကမ္ဘာဒီးယားအစိုးရကို ၂၀၁၆ခုနှစ်တုန်းက မေးခွန်းထုတ်ခဲ့ပါ သေးတယ်။ အဲဒီတုန်း ကလည်း ကမ္ဘောဒီးယားအကောက်ခွန်ဌာနမှာ စင်္ကာပူကို တင်သွင်းမှု စာရင်းလုံးဝမရှိခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG