သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်တောင်ပိုင်းခရိုင်တခု လုံခြုံရေးတပ်ဖွဲ့တွေ ပြန်သိမ်းယူ


အာဖဂန်နစ္စတန် နိုင်ငံ တောင်ပိုင်းက မဟာဗျူဟာမြောက် ခရိုင်ဒေသ တခုထဲက တာလီဘန် သူပုန်တွေကို အာဖဂန် လုံခြုံရေး တပ်ဖွဲ့တွေက ရှင်းလင်းတိုက်ထုတ်နိုင်ခဲ့ပါတယ်။ တာလီဘန်တို့ ၉ လကြာ ထိန်းချုပ်ထားတဲ့ ဒီဒေသကိုတော့ အမေရိကန်စစ်တပ်ရဲ့ အကြံဉာဏ်၊ လေကြောင်း အထောက်အကူတွေနဲ့ အာဖဂန် လုံခြုံရေးတပ်ဖွဲ့တွေက ရှင်းလင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတောင်ပိုင်း ဟယ်လ်မန်းပြည်နယ် Nawa ခရိုင်ကို ဒီကနေ့ တနလာၤနေ့ အစောပိုင်းမှာ အာဖဂန် အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ ဝင်ရောက်နိုင်ခဲ့တာလို့ ဒေသတွင်း စစ်ရေးပြောခွင့်ရ ဝါလီ မိုဟာမက် အာမက်ဇိုင်က VOA ကို ပြောပါတယ်။ ဒီဒေသတွင်းမှာ တာလီဘန် သူပုန်တွေနဲ့ ၂ ရက်ကြာ အပြင်းအထန် တိုက်ခိုက်ခဲ့ရပြီးနောက် အစိုးရက ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဒေသတွင်းက တာလီဘန်တို့ရဲ့ အရေးကြီးတဲ့ အခြေစိုက် စခန်း သုံးခုကို အမေရိကန်ရဲ့ လေကြောင်းကနေ တိုကခိုက်မှုကြောင့် စစ်သွေးကြွ ၂၀ ကျော် သေဆုံးခဲ့ပြီး ခရိုင်ရဲ့ ဗဟိုချက်ကို အာဖဂန် တပ်ဖွဲ့တွေ ထိန်းချုပ်နိုင်ရေး ပိုပြီး လွယ်ကူသွားစေတာလို့လည်း ပြောပါတယ်။ အောင်မြင်မှုရခဲ့တယ်ဆိုတဲ့ အစိုးရ တာဝန်ရှိသူတွေရဲ့ ပြောဆိုချက် အပေါ်မှာတော့ တာလီဘန် အဖွဲ့ဘက်က မှတ်ချက်ပေး ပြောဆိုမှု မရှိသေးပါဘူး။

သူပုန်တွေက ဒေသတွင်း အရေးပါတဲ့ အဆောက်အအုံကြီးတွေ တဝိုက်မှာ မိုင်းတွေ ထောင်ထားတာကြောင့် ရှာဖွေ ရှင်းလင်းရေး လုပ်ဆောင်နေရဆဲ ဖြစ်တယ်လို့လည်း အာဖဂန် စစ်တပ် ပြောခွင့်ရ Ahmadzai က ပြောပါတယ်။ Nawa ဒေသ ပြန်လည် သိမ်းပိုက်ရေး ပြီးခဲ့တဲ့ စနေနေ့က စခဲ့တဲ့ အာဖဂန် တပ်ဖွဲ့တွေရဲ့ ထိုးစစ်တွေ အတွင်း တလီဘန် တိုက်ခိုက်ရေးသမား ဒါဇင်နဲ့ချီကျဆုံးခဲ့တယ်လို့လည်း ပြောဆိုပြီး နှစ်ဘက်စလုံးက အထိအခိုက် အကျအဆုံး စာရင်းကို ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG