သုံးရလွယ်ကူစေသည့် Link များ

အာဖဂန်တောင်ပိုင်း၊ အသေခံကားဗုံးခွဲတိုက်မှု ၂၉ ဦးထက်မနည်းသေဆုံး


အာဖဂန်တောင်ပိုင်း၊ အသေခံကားဗုံးခွဲတိုက်မှု ၂၉ ဦးထက်မနည်းသေဆုံး

အာဖဂနစ္စတန်နိုင်ငံတောင်ပိုင်း Helmand ပြည်နယ်မှာ ပြင်းထန်တဲ့ အသေခံကားဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူ ၂၉ ဦးထက်မနည်း သေဆုံးပြီး၊ ၆၀ ကျော် ဒဏ်ရာရရှိသွားပါတယ်။ ပြည်နယ်မြို့တော် Lashkargah မြို့က New Kabul ဘဏ်ရှေ့မှာ စစ်သားတွေနဲ့ အစိုးရ၀န်ထမ်းတွေ လစာထုတ်ဖို့ စောင့်ဆိုင်းနေတုန်းမှာပဲ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့လည်း ကိုယ်တိုင်တွေ့သူတွေက ပြောပါတယ်။

ဒဏ်ရာရသူတချို့ရဲ့ အခြေအနေဟာ စိုးရိမ်ရတယ်လို့လည်း ပြည်နယ်အစိုးရ ပြောခွင့်ရသူ Omar Zwak က ဗွီအိုအေကို ပြောပါတယ်။ ထိခိုက်သေဆုံးသူတွေထဲ အရပ်သားတွေနဲ့ စစ်ဖက်ဆိုင်ရာ ၀န်ထမ်းတွေ ပါဝင်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ အစ္စလာမ်ဘာသာဝင်တွေရဲ့ Ramadan ဥပုသ်လ ကုန်ဆုံးချိန်အဖြစ် အာဖဂန်မှာ တနင်္ဂနွေနေ့ အိဒ်ပွဲတော် ကျင်းပဖို့ ရှိနေချိန်မှာပဲ တိုက်ခိုက်မှုနဲ့ ကြုံခဲ့ရတာလည်း ဖြစ်ပါတယ်။ တာလီဘန် အဖွဲ့ကတော့ တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့ပြီး၊ အာဖဂန်တပ်ဖွဲ့တွေနဲ့ ထောက်လှမ်းရေး ၈၀ ကျော် သေဆုံးခဲ့တယ်လို့လည်း ပြောဆိုခဲ့တာပါ။ ဘဏ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုပဲ ဦးစားပေးပြီး အရပ်သားတွေကို ၀င်ခွင့်မပေးတဲ့နေ့မှာ တိုက်ခိုက်မှု လုပ်ခဲ့တာလို့လည်း တာလီဘန်အဖွဲ့ရဲ့ ပြောခွင့်ရသူ Mohammad Yousaf Ahmadi က ပြောဆိုခဲ့ပါတယ်။

အမေရိကန် တပ်မှူးတဦးဖြစ်တဲ့ ဗိုလ်မှူးချုပ် Roger Turner ကတော့ အပြစ်မဲ့သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုအဖြစ် ပြစ်တင်ရှုတ်ချခဲ့တာပါ။ အာဖဂနစ္စတန်နိုင်ငံမှာ အကြီးဆုံးဖြစ်တဲ့ Helmand ပြည်နယ်ရဲ့ နေရာတော်တော်များများကိုတော့ တာလီဘန်စစ်သွေးကြွတွေက သြဇာလွှမ်းမိုး ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ အာဖဂန်နိုင်ငံ လုံခြုံရေးနဲ့ နိုင်ငံရေး နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့ နယူးယောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အစီရင်ခံ တင်ပြခဲ့ပြီး နောက်တနေ့မှာပဲ တိုက်ခိုက်မှုနဲ့ ကြုံခဲ့ရတာပါ။

ကုလသမဂ္ဂဆိုင်ရာ အာဖဂန်ကိုယ်စားလှယ် Tadamichi Yamamoto ကတော့ တာလီဘန် စစ်သွေးကြွတွေဟာ ပိုမိုအသာစီးရလာနေပြီး၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိဖို့ အလျှင်အမြန် ဆောင်ရွက်ဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း မနေ့တုန်းက လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။ နိုင်ငံရေးအရ အဖြေရှာနိုင်ဖို့ အစိုးရနဲ့ တာလီဘန်တို့ကြား တိုက်ရိုက် ဆွေးနွေးဖို့ လိုအပ်နေကြောင်းလည်း ပြောဆိုခဲ့တာပါ။ အာဖဂန်မှာ လုံခြုံရေး အခြေအနေတွေ ယိုယွင်းလာနေတဲ့အတွက်၊ အစိုးရတွင်းမှာ နိုင်ငံရေးအရ တင်းမာမှုတွေ ကြီးထွားလာနေပြီး၊ နိုင်ငံရေးအရ ဘုံသဘောထား ရရှိဖို့ ခက်ခဲလာနေကြောင်းလည်း သတိပေးခဲ့ပါတယ်။

XS
SM
MD
LG