သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်မှာ ပြိုင်ဘက် ၂ ဦး သမ္မတအဖြစ် စင်ပြိုင် ကျမ်းသစ္စာကျိန်ဆိုမည်


အာဖဂန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရထားသည့် Ashraf Ghani.
အာဖဂန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရထားသည့် Ashraf Ghani.

(Zawgyi / Unicode)

အာဖဂန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ Ashraf Ghani နဲ့ သူ့ရဲ့ ရွေးကောက်ပွဲပြိုင်ဘက် ဒုတိယနေရာရခဲ့တဲ့ Abdullah Abdullah တို့ဟာ သမ္မတကျမ်းသစ္စာဆိုပွဲကို ဒီနေ့ တနင်္လာနေ့မှာ စင်ပြိုင်ပြုလုပ်ဖို့ အသီးသီး ပြင်ဆင်နေတာကြောင့် နိုင်ငံရေးတင်းမာမှု ပိုတိုးလာစေမှာ ဖြစ်ပြီး အမေရိကန် ဦးဆောင်တဲ့ အာဖဂန်ငြိမ်းချမ်းရေး ကြိုးပမ်းမှုအတွက် စိန်ခေါ်မှုအသစ် ဖြစ်လာစေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက အပြင်းအထန် ယှဉ်ပြိုင်ခဲ့ရတဲ့ သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Ghani အနိုင်ရတယ်လို့ အာဖဂန် ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့လကုန်ပိုင်းမှာ ကြေညာခဲ့ပါတယ်။

ဒါပေမယ့် အာဖဂန်ရဲ့ လက်ရှိအုပ်ချုပ်ရေးအကြီးအကဲ Abdullah ကတော့ ရွေးကောက်ပွဲရလဒ်ကို မသမာတဲ့ ဆုံးဖြတ်ချက်အဖြစ် ပယ်ချခဲ့ပြီး သူ့အဖွဲ့က ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး သူ့အနေနဲ့ ကိုယ်ပိုင်အစိုးရ ဖွဲ့စည်းမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

သမ္မတ Ghani ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို ဖိတ်ကြားထားတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ကဘူးလ်အခြေစိုက် နိုင်ငံခြားသံအဖွဲ့တွေ အားလုံးနဲ့အတူ ပြိုင်ဘက်သမ္မတလောင်း Abdullah နဲ့ အရင်သမ္မတဟောင်း Hamid Karzai တို့လည်း ပါတယ်လို့ Ghani ရဲ့ ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။

Abdullah ရဲ့ ပြောခွင့်ရက ဗွီအိုအေကို ပြောရာမှာတော့ သူတို့အနေနဲ့လည်း သမ္မတနန်းတော်နဲ့ ဘေးချင်းကပ်လျက်မှာပဲ သမ္မတ Ghani ကျမ်းသစ္စာကျိန်မယ့် မရှေးမနှောင်းမှာပဲ ကျမ်းကျိန်ပွဲ လုပ်သွားမယ်လို့ ဆိုပါတယ်။

ဒီအတောတွင်း အာဖဂန်ငြိမ်းချမ်းရေးဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Zalmay Khalilzad ဟာ လက်ရှိအကျပ်အတည်းကို ကျော်လွှားဖို့ သမ္မတကျမ်းကျိန်ပွဲလုပ်မယ့် ပုဂ္ဂိုလ် ၂ ဦးစလုံးနဲ့ ကူးချီသန်းချီ သွားရောက်တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီအကျပ်အတည်းကို ကျော်လွှားနိုင်မယ့် အရိပ်အယောင် မတွေ့ရသေးပါဘူး။

--------------------------------

(Unicode)








တိုက်ရိုက် လင့်ခ်


XS
SM
MD
LG