သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Frontier သတင်းထောက် မြတ်ကျော်သူ ၂၀၁၇ AFP Kate Webb ဆုလက်ခံ


Frontier သတင်းထောက် မြတ်ကျော်သူ (Mratt Kyaw Thu facebook )
Frontier သတင်းထောက် မြတ်ကျော်သူ (Mratt Kyaw Thu facebook )

၂၀၁၆ ခုနှစ်အတွင်း ပြည်တွင်းပဋိပက္ခဖြစ်ပွါးတဲ့ နေရာတွေမှာ သွားရောက်သတင်းယူတဲ့ အာရှဒေသတွင်းက သတင်းသမားတွေ အတွက် ရည်ရွယ်ပြီးချီးမြှင့်တဲ့ “၂၀၁၇ AFP Kate Webb ဆု” ကို မြန်မာနိုင်ငံမှာ လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခဖြစ်ပွါးတဲ့ နေရာတွေနဲ့ ရှေ့တန်းအန္တရာယ်ကြီးတဲ့ နေရာတွေကို သွားရောက်သတင်းယူခဲ့တဲ့ ရန်ကုန်အခြေစိုက် Frontier မြန်မာ သတင်းဌာနက သတင်းထောက် ကိုမြတ်ကျော်သူ ရရှိသွားပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ဖေဖေါ်ဝါရီလ ၅ ရက် တနင်္လာနေ့မှာ ရန်ကုန်- ပြင်သစ်ယဉ်ကျေးမှုဌာန French Institute မှာ ၂၀၁၇ AFP Kate Webb ဆု ချီးမြှင့်မှုကို လက်ခံ ရယူ ခဲ့တယ်လို့ Frontier သတင်းထောက်ကိုမြတ်ကျော်သူက ပြောပါတယ်။

" Kate Webb ဆိုတဲ့ အမျိုးသမီးကို အစွဲပြုပြီးတော့ သူ့နာမည်နဲ့ ပေးတဲ့ ဆုပေါ့ခင်ဗျ။ သူက အရင်တုန်းက AFP မှာ လုပ်ခဲ့ဖူးတယ်။ ဒီ AFP ကနေပြီးတော့ သူ့နာမည်ကို စွဲပြုပြီးတော့ ပေးတာပေါ့ ။ အဓိကပေးတာကတော့ Kate Webb Family ကနေ ပေးတာပါခင်ဗျ။ AFP ကတော့ Organizer သဘောမျိုးပေါ့ခင်ဗျ ။ အဓိကတော့ Conflict နဲ့ War စတဲ့ ဒေသတွေကို သွားသတင်းယူတဲ့ Front line Journalist တွေကို အဓိကပေးတာပေါ့လေ။ Human Rights တိုဘာတို့ စတဲ့ ကိစ္စတွေနဲ့ တော့ မဆက်နွယ်ဘူးခင်ဗျ။"

ဒီဆုဟာ AFP ရဲ့ အတော်ဆုံး သတင်းထောက်တဦးဖြစ်တဲ့ ၂၀၀၇ ခုနှစ် အသက် ၆၄ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့သူ Kate Webb ကို အစွဲပြုပေးအပ်တာပါ။ အာရှတလွှားက ခက်ခဲပြီး အန္တရာယ်ကြီးတဲ့ နေရာတွေမှာသတင်းယူတဲ့ ဒေသတွင်းသတင်းထောက်တွေထဲက ထူးချွန်သူတွေကို ရွေးပြီးပေးတာ ဖြစ်ပါတယ်။

အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ ကိုမြတ်ကျော်ဟာ ၂၀၁၆ အတွင်း ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ ဖြစ်ပွါးတဲ့ အကြမ်းဖက်မှုတွေနဲ့ တိုက်ပွဲတွေမှာ သတင်းသွားယူခဲ့သူ ဖြစ်ပြီး သူရေးသားခဲ့တဲ့ သတင်းတွေကြောင့် ဆုချီးမြှင့်ခံရတာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

"ကျနေ်ာကဒီ မောင်တောမှာလည်း သွားပြီးတော့ သတင်းယူခဲ့တယ်။ မောင်တောပြီးတဲ့အချိန်မှာပဲ တပြိုင်နက်ထဲမှာ ၂၀၁၆ ထဲမှာပဲ ရှမ်းပြည်နယ် မူဆယ် မှာ မုန်းကိုးမှာ ဖြစ်တယ် ။ အဲဒီမှာဆိုရင်လည်း ကျနော်တရုတ်ပြည် ထဲမှာ ဝင်ပြီးတော့ တရုတ်စစ်တပ်တွေ စစ်အင်အားတိုးချဲ့နေတဲ့ ဟာတွေ အဲဒီအထိ ကျနော်သွားပြီးတော့ သတင်းယူခဲ့တယ်ခင်ဗျ။ အဓိကတော့ သူတို့ကတော့ မြန်မာနိုင်ငံထဲမှာ တကယ့် Conflict ဖြစ်တဲ့နေရာတွေ စစ်ပွဲတွေ ဖြစ်တဲ့နေရာတွေ၊ ရခိုင်ဆိုရင်လည်း မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့အထဲမှာ ဒါလုံး၀ သမိုင်းတွင်လို့တောင်ပြောလို့ရတယ် အဲဒီမှာ ဖြစ်ခဲ့တဲ့နေရာမှာ သွားယူတဲ့ သတင်းထောက်တွေထဲကမှ သူတို့ ရွေးတာပေါ့ ။ အဓိကတော့ သူတို့ရွေးတယ်ဆိုတာက ကျနော် သူတို့ကို AFP မြန်မာ ဗျူရိုက မလှလှဌေး နဲ့ အရင်က ဘန်ကောက်ပိုစ့်က ပီချိုင်းတို့ ကျနော်ကို Encourage လုပ်တာပေါ့။ ဆုကို apply လုပ်ဖို့ အဲဒါနဲ့ ကျနော် တင်ပါတယ်။ တောင်းတာကတော့ ကျနော်ရေးထားတဲ့ Story ထဲက ၄ ခုတောင်းတယ် ကျနော်ကတော့ ၅ ခုတင်လိုက်တယ်။ အဓိကတော့ ၂၀၁၆ ခုထဲမှာ ရေးခဲ့သမျှ သွားခဲ့သမျှကိုပြောပေမယ့် ၂၀၁၇ ထဲမှာ ဖြစ်ခဲ့တဲ့ ကိစ္စတခုကို ကျနော် မောင်တောမှ အသက်အန္တရာယ်ခြိမ်းခြောက်ခံရတဲ့အထိ အဲဒီ Case တွေ အဲဒါလေးပါ ကျနော် နောက်တခု ထည့်ပေးလိုက်တယ်။ အဲဒါကို သူတို့ကြည့်ပြီးတော့ အဓိကတော့ ဒီ အာရှတိုက် သတင်းထောက်တွေ Front Line ကိုရောက်တဲ့ စစ်ပွဲ အဓိကရုဏ်း တွေကြားထဲမှာ လုပ်တဲ့သူတွေ ရေးတဲ့ ဆောင်းပါးတွေ အကုန်လုံးကမှ မြန်မာနိုင်ငံကနေ ကျနေ်ာကို ရွေးတာပါခင်ဗျ။"

ပဋိပက္ခဖြစ်ပွါးနေတဲ့ဒေသတွေကို သွားရောက်သတင်းယူရာမှာ အခက်အခဲတွေ အများအပြား ရှိနေသလို အသွင်ကူးပြောင်းဆဲ မြန်မာနိုင်ငံမှာ သတင်းထောက်တွေအပေါ် ခြိမ်းခြောက်မှုတွေ ကြုံနေရတယ်လို့ ကိုမြတ်ကျော်သူက ပြောပါတယ်။

"သတင်းလွတ်လပ်ခွင့်ကတော့ မရှိဘူးလို့ ပြောလို့ရမယ်။ ဒါပေမယ့် ရေးလို့မရဘူးလားဆိုတော့ ကျနော်တို့ အကုန်ရေးလို့ရတယ်။ ဒါပေမယ့်ကျနေ်ာတို့ ဘာပြန်ကြည့်ရသလဲဆိုတော့ အရင်တုန်းကတော့ သတင်းထောက်ကို တိုက်ရိုက်ခြိမ်းခြောက်တာမျိုး မဟုတ်ပဲနဲ့ ပိုင်ရှင်တွေကို လှမ်းပြီးတော့ အကျပ်ကိုင်တာမျိုး ၊ ဖုန်းဆက်ပြီးတော့ မင်းတို့စပြီး သတိထား ၊ စာကောင်းကောင်းရေးဆိုပြီးတော့ အရင်တုန်းကတော့ အဲလိုမျိုးတွေ ပြောခဲ့ဖူးတယ်။ အခုနောက်ပိုင်းကတော့ သတင်းထောက်တွေကို တိုက်ရိုက်ခြိမ်းခြောက်လာတယ်။ Reuters လိုကိစ္စမျိုး ၊ မနက်က ဖြစ်ခဲ့တဲ့ ဧရာဝတီနဲ့ DBV ကကိစ၊္စ အဲလိုမျိုး ဟာတွေ ကတော့ သတင်းထောက်တွေကို တိုက်ရိုက်ရောက်လာပြီပေါ့နော်။ ကျနော်တို့ပြောလို့ရတာက မြေပြင်မှာကို တကယ် သတင်းလိုက်ယူနေတဲ့ သတင်းထောက်တွေ ဆီကို ခြိမ်းခြောက်မှုတွေ ရှိလာပြီ ။ ကျနော်ကိုယ်တိုင် ဆိုရင်လည်း ခြိမ်းခြောက်မှုတွေ အစိုးရကိုယ်တိုင်က လှမ်းပြီးတော့ သတိပေးတာတွေကို ကြုံခဲ့ရတယ်။ ဆိုတော့ သတင်းလွတ်လပ်ခွင့်ကတော့ မရှိတော့ဘူး။ ကျနော်တို့ ဘယ်လောက်တောင့်ခံမလဲဆိုတဲ့ မေးခွန်းပဲရှိတော့တယ်။ ကျနော်တို့ရဲ့ ခံနိုင်ရည်စွမ်း ကိုပဲ ပြန်ပြီးတော့ မေးခွန်းထုတ်ရမယ့် အခြေအနေပဲဗျ။"

၂၀၁၀ မှာ ယူနတီ အပတ်စဉ် စာစောင်မှာ ဝင်လုပ်ရင်း သတင်းလောကထဲ ရောက်လာတဲ့ ကိုမြတ်ကျော်သူဟာ မဉ္ဖိမနဲ့ မြန်မာတိုင်းမ်စ် သတင်းဌာန တွေမှာပါ လုပ်ကိုင်ခဲ့သူဖြစ်ပြီး Frontier မြန်မာသတင်းဌာနမှာတော့ စတင်ထူထောင်ချိန်ကတည်းကနေ အခုထိ တာဝန်ထမ်းဆောင် နေသူ ဖြစ်ပါတယ်။ ဆုငွေအဖြစ် ယူရိုငွေ သုံးထောင်ကိုပါချီးမြှင့်တဲ့ ဒီဆုကို ၂၀၁၆ တုန်းက လွတ်လပ်တဲ့ အာဖဂန်ရုပ်သံ Tolo ကရရှိခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG