သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသတင်းထောက် မြတ်ကျော်သူ AFP သတင်းဆုရရှိ


Kate Webb Prize ကိုရရှိတဲ့ ကိုမြတ်ကျော်သူ ( Mratt Kyaw Thu facebook )
Kate Webb Prize ကိုရရှိတဲ့ ကိုမြတ်ကျော်သူ ( Mratt Kyaw Thu facebook )

AFP သတင်းဌာနက အာရှသတင်းသမားတွေကို ချီးမြှင့်တဲ့ သတင်းစာပညာ ဂုဏ်ပြုဆု Kate Webb Prize ကို Frontier သတင်းဌာနရဲ့ အကြီးတန်းသတင်းထောက် ကိုမြတ်ကျော်သူက ရရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ရခိုင်ပြည်နယ် ပဋိပက္ခ၊ ရှမ်းပြည်နယ်တိုက်ပွဲအကြောင်းစတဲ့ သတင်းတွေကို တင်ပြခဲ့တဲ့အတွက် ခုလိုဆုပေးခံရတာပါ။ ရခိုင်ပဋိပက္ခ နဲ့ပတ်သက်လို့ သတင်းထောက်တွေ ဖမ်းဆီးခံထားရချိန်မှာ ခုလို ဆုရရှိခဲ့တဲ့အတွက် မြန်မာနိုင်ငံက သတင်းထောက်တွေအတွက် ခွန်အားဖြစ်စေတယ်လို့ ကိုမြတ်ကျော်သူက ပြောပါတယ်။ ဒီအကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

AFP သတင်းဌာနက ပဋ္ဋိပက္ခဖြစ်ပွားရာဒေသတွေမှာ ခက်ခက်ခဲခဲသတင်းသွားရောက်ရယူတဲ့ သတင်းထောက်တွေကို ဆုချီးမြှင့်တဲ့ထဲက အာရှသတင်းထောက်တွေကိုပေးတဲ့ Kate Webb Prize ဂုဏ်ပြုဆု ကိုမြတ်သူကျော်က ရရှိခဲ့တာပါ။ မြန်မာနိုင်ငံသားတယောက်အနေနဲ့ ဒီဆုကို ပထမဆုံးရရှိခဲ့တာဖြစ်ပါတယ်။ ၂၀၁၆ ထဲကစလို့ ရခိုင်ပြည်နယ် ပဋိပက္ခတွေအကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေအကြောင်းတွေကို အဓိက အာရုံစိုက် ရေးသားတင်ပြခဲ့လို့ ကိုမြတ်ကျော်သူကို ဒီဆုပေးရတာဖြစ်တယ်လို့ AFP သတင်းဌာနက ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းကိစ္စ သတင်းလိုက်ရင်းနဲ့ ရိုက်တာသတင်းဌာနက ကိုဝလုံး ကိုကျော်စိုးဦးတို့ ဖမ်းဆီးခံရချိန်မှာ Kate Webb ဆုရရှိတာဟာ မြန်မာနိုင်ငံက သတင်းထောက်တွေကို စိတ်ဓာတ်တွန်းအားတခု ဖြစ်စေတယ်လို့ ကိုမြတ်ကျော်သူက ဗွီအိုအေကို ပြောပါတယ်။

"အခုဝလုံးတို့ ရခိုင်အရေးနဲ့ ပတ်သက်ပြီးတော့ သူတို့ ဖမ်းဆီးခံရတာပေါ့လေ။ တဖက်မှာ ဝလုံးတို့လို ရခိုင်အရေးကို ရေးသားနေတဲ့ တခြားသူတွေအများကြီးရှိသေးတယ်။ ဒီလူတွေရဲ့ နောက်ထပ်လာမယ့်အနာဂတ်ကရော ဘယ်လိုရှိမလဲ ၊ ကျနော်ကိုယ်တိုင်စိုးရိမ်တယ်။ ကျနော် သတင်းထောက်သူငယ်ချင်းတွေကိုတွေ့ရင် ဒီအကြောင်းကိုပဲ ပြောနေရတာပေါ့ ကျနော်တို့ရော ဘယ်နေ့လဲ ၊ ကျနော်တို့ရဲ့ သတင်းရေးသားနေရတဲ့ အနာဂတ်ကရော ဘယ်လိုရှိမလဲပေါ့ ဆိုတော့ ဝလုံးတို့ ဖမ်းဆီးခံရတယ် ကျနော်ဒီဆုယူတုန်းမှာ ချက်ချင်းပြေးမြင်လိုက်တာက ဒီကိစ္စ ကိုပြေးမြင်တာ။ မြန်မာနိုင်ငံက သတင်းထောက်တွေက ဖမ်းဆီးခံနေရတဲ့အချိန်မှာ ဒီမြန်မာနိုင်ငံက သတင်းထောက်တယောက်က ဒီဆုကိုရတယ်ပေါ့နော် ။ ဆိုတော့ ဒီဆုက ကျနော်ဘယ်လိုခံယူလိုက်သလဲဆိုတော့ ကျနော်တို့ မြန်မာသတင်းထောက်တွေက ဒီလိုခံနေရတယ်၊ အဲလိုပဲ ဒီဆုကနေပြီးတော့ မြန်မာသတင်းထောက်တွေကို စိတ်ဓါတ်မကျနဲ့ တွန်းအားတခုဖြစ်သွားစေတဲ့ဟာမျိုးလို့တော့ ကျနော်က ယူဆပါတယ်။"

ထိပ်တန်း သတင်းစာပညာ ဂုဏ်ပြုဆု Kate Webb Prize ဆုဟာ AFP သတင်းဌာနရဲ့ သြဇာကြီးမားတဲ့ ဆုတခုဖြစ်ပြီး အခုလို သတင်းလွတ်လပ်ခွင့်ကို အသိအမှတ်ပြုပြီး လူငယ်တယောက်ဆုရရှိတဲ့အတွက် ဝမ်းသာဂုဏ်ယူမိတယ်လို့ Myanmar Journalism Institute က သင်ကြားရေးတာဝန်ခံ ကိုစိန်ဝင်းက မှတ်ချက်ပြုပါတယ်။

"ကျနော့်အနေနဲ့ကတော့ ဆုရတဲ့အတွက် ကျေးဇူးတင်တယ် ဘာဖြစ်လို့လဲဆိုတော့ သတင်းကို သတင်းနဲ့ တူအောင်လုပ်ခွင့်ပေးလို့ ၊ သတင်းတိုက်ပိုင်ရှင်တွေက စိုးရိမ်ကျောင့်ကျမှုမရှိပဲနဲ့ သတင်းလွတ်လပ်ခွင့်ကို အသိအမှတ်ပြု လုပ်ခွင့်ပေးတာ ကျနော်ကတော့ ဝမ်းသာပါတယ်။ ပြီးတော့ သူက ရခိုင်သတင်းသမားလေ ၊ ရခိုင်အမျိုးသားလည်းဖြစ်တယ်၊ ၇ခိုင်အမျိုးသား ၁ ယောက်အနေနဲ့ ရခိုင်အရေးလိုဟာမျိုးကို သတင်းလုပ်ရတာ အင်မတန်ခက်တယ်ခင်ဗျ ဖိအားတွေရှိတယ် အဲလိုအနေအထားတွေကနေပြီးတော့ လုပ်ရတာ။ သူက သတင်းစာကို သတင်းစာနဲ့တူအောင် အချက်အလက်ကို အခြေခံပြီး ရှာဖွေဖော်ထုတ်တယ်၊ ဒီဆုရတဲ့အနေနဲ့ တော်တော်ဝမ်းသာစရာကောင်းပါတယ်ခင်ဗျ။"

AFP သတင်းဌာနက ဒီဆုကို ၂၀၀၈ ခုနှစ်က စတင်ပေးအပ်ပြီး ဗီယက်နမ် စစ်ပွဲအတွင်း သတင်းရယူခဲ့တဲ့ သြစတြေးလျ ဝါရင့်ဂျာနယ် လစ်တစ်ဦးဖြစ်တဲ့ Kate Webb အမည်ကို အစွဲပြုပြီး နှစ်တိုင်းပေးအပ်တာဖြစ်ပါတယ်။ ကိုမြတ်သူကျော်ဟာ ၂၀၁၀ ခုနှစ်က သတင်းလောကကို စတင်ဝင်ရောက်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ လက်ရှိ Frontier မဂ္ဂဇင်းမှာ နိုင်ငံရေး တိုင်းရင်းသားအရေး စစ်ပွဲတွေအကြောင်း ရခိုင်အရေးတို့ကို အဓိကထား သတင်းရေးသားသူတစ်ဦးလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG