သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံချပ်ကြောင့် ထောင်ကျခံရသူတွေ ပြန်လွှတ်ပေးဖို့ AI အဖွဲ့ကြီးကတောင်းဆို


ဒေါင်းတို့မျိုးဆက်
ဒေါင်းတို့မျိုးဆက်

{{Zawgyi/Unicode}}

သံချပ်တွေက နိုင်ငံတော်အကြည်ညိုပျက်စေတယ်ဆိုပြီး စစ်တပ်ကနေတရားစွဲလို့ ထောင်နှစ်ရှည်ကျခံနေရတဲ့ ဒေါင်းတို့မျိုးဆက်ဆီ ခွန်အားဖြည့်စာတွေ ဝိုင်းပေးပို့ကြဖို့နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆီ ဒေါင်းတို့မျိုးဆက်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့ AI နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နဲ့အတူ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားသူတွေက တောင်းဆိုကြတဲ့သတင်းကို မဆုမွန် ကတင်ဆက်ပေးချင်ပါတယ်။

ပြီးခဲ့တဲ့၂၀၁၉ခုနှစ် ဧပြီလ သင်္ကြန်ကာလတွင်းမှာ ဆင်ဆာမတင်ပဲ သံချပ်စပ်ဆိုခဲ့ကြတဲ့ဒေါင်းတို့မျိုးဆက်ရဲ့သံချပ်တွေထဲ တပ်မတော်ကို ထိခိုက်စေတဲ့ အသုံးအနှုန်းတွေနဲ့ နိုင်ငံတော်အကြည်ညိုပျက်စေအောင်လုပ်တယ်ဆိုတဲ့စွဲချက်တွေနဲ့ စစ်တပ်ဘက်ကနေ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ခေါင်းဆောင်တွေကို တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ နှစ်ရှည်ထောင်ချ ခံခဲ့ကြရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က ကိုဇေယျာလွင်၊ ကိုပိုင်ဖြိုးမင်းနဲ့ ကိုပိုင်ရဲသူတို့(၃)ဦးအတွက် ခွန်အားဖြည့်စာတွေ ပေးပို့ကြဖို့ပြင်ဆင်နေကြတဲ့အကြောင်း သံချပ်ထိုးလို့ ထောင်ချခံခဲ့ရသူတဦးလည်းဖြစ်တဲ့ ဒေါင်းတို့မျိုးဆက်အဖွဲ့ဝင် မဆုရတနာမြင့်ကပြောပြပါတယ်။

"ကိုပိုင်ဖြိုးမင်းက ၆နှစ်ခွဲပါ ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူက ခြောက်နှစ်စီ ပေါ့ အားလုံးပေါင်းပေါ့နော်။ အခုသူတို့ထောင်ကျ ၂နှစ်ပြည့်ခါနီးပါပြီ ၄လပိုင်းဆို ၂နှစ်ပြည့်ပါပြီ။ အခုကိုဗစ်နောက်ပိုင်းမှာ မိသားစုကအစ ထောင်ဝင်စာတွေ့ရတာ အရမ်းခက်သွားတယ်။ အဲ့တော့ ညီမတို့ သူတို့နဲ့ အဆက်အသွယ် တော်တော်ပြတ်သွားတယ်ပေါ့။ အဲ့တာနဲ့ သူတို့ကို အားပေးစကားပြောချင်တယ်ပေါ့နော် ဘယ်လိုပုံစံမျိုးပြောကြမလဲဆိုတော့ ညီမတို့ ဒေါင်းတို့မျိုးဆက်Page ကို စာတိုက်ရိုက်ပို့ပြီးတော့ ပေးပို့လို့ရတယ်။ ညီမတို့ဘက်ကတော့ ထောင်ကိုပို့ဖို့ တတ်နိုင်သလောက် ကြိုးစားကြမယ်။ ထောင်က လက်မခံဘူး ဘာညာဆိုရင်လည်း သူတို့အတွက် အမှတ်တရဖြစ်အောင် သူတို့မိသားစုတွေဆီကို တဆင့်အပ်ပေးပါမယ်။ မိသားစုထောင်ဝင်စာတွေ့ရင်လည်း သူတို့ကို ပြောပြလို့ရတာပေါ့။ ဒါလေးတွေ ပြလို့ရတယ်ပေါ့နော်။ ရေးသားပြီး ပေးပို့တဲ့သူတွေက ခွင့်ပြုမယ်ဆိုရင်လည်း သူတို့အတွက် ပေးစာတွေကို ပေ့ချ်မှာ အယ်လဘမ်လေးထားပြီး တင်သွားဖို့ အစီအစဉ်ရှိပါတယ်။ ပြီးရင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အဖွဲ့အစည်းတွေ နောက် လွှတ်တော် အမတ်ဖြစ်သွားတဲ့ အထဲမှာလည်း ဒီအကိုတွေရဲ့သူငယ်ချင်းတွေလည်းပါတယ်။ ဒီလိုမျိုးလူတွေဆီကနေလည်း စာတွေတောင်းမယ် သူတို့ကို ဘာမတ်ဆေ့ပေးချင်လဲ ဒီလိုအခြေအနေမျိုးမှာပေါ့နော် အဲ့တာမျိုးတွေလည်း စီစဉ်ထားပါတယ်။ "

တချိန်တည်းမှာပဲ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဆီကို ဒေါင်းတို့မျိုးဆက်အဖွဲ့အပါအဝင် မြန်မာနိုင်ငံကနိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ( Amnesty International ) ရဲ့ "Write For Rights" ဆိုတဲ့ကမ်ပိန်းနဲ့ စာရေးသားတောင်းဆိုလှုပ်ရှားနေကြတယ်လို့လည်း မဆုရတနာမြင့်ကပြောပြပါတယ်။

"ညီမတို့ကို Amnesty International ကလည်းဆက်သွယ်တယ်။ သူတို့က ဒေါင်းတို့မျိုးဆက်အဖွဲ့ကနေထောင်ကျနေတဲ့ ကျန်တဲ့(၃)ယောက် လွတ်မြောက်ဖို့အတွက် World Wide ကမ်ပိန်း သူတို့လုပ်နေကြပြီပေါ့။ ဒေါင်းတို့မျိုးဆက်ထဲက ကိုပိုင်ဖြိုးမင်းကို ကာရိုက်တာရွေးပြီးမှ "Write For Rights" ပေါ့နော် အခွင့်အရေးအတွက် စာရေးကြမယ်ဆိုတဲ့ခေါင်းစဉ်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို လိပ်မူပြီးတော့ စာရေးတဲ့ကမ်ပိန်းပေါ့နော်။အဲ့တော့ ညီမတို့ကလည်း အဲ့တာနဲ့တဆက်တည်း အာဏာရှိတဲ့သူတွေကို သတိပေးတာမျိုးအပြင် ဒေါင်းတို့မျိုးဆက်အဖွဲ့ကို လွတ်လည်းလွတ်စေချင်တယ် သူတို့နဲ့ တသားတည်းရှိနေတယ် သူတို့ကိုလည်း အရမ်းသတိရနေတယ် မမေ့ထားဘူး ဆိုတဲ့ Solidarity ကိုပြချင်တဲ့အနေနဲ့ လုပ်ဖြစ်ကြတာပါ။"

မြန်မာနိုင်ငံမှာ လူထုကရွေးချယ်တင်မြှောက်ထားတဲ့ NLD အရပ်သားအစိုးရလက်ထက် နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးတဲ့ အခြေအနေ နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် နိုင်ငံရေးအကျဉ်းသားတွေ ခြွင်းချက်မရှိ ပြန်လွှတ်ပေးသင့်ပါပြီလို့လည်း နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားနေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPB ရဲ့ တွဲဖက်အတွင်းရေးမှူးကိုဘိုကြည်က တိုက်တွန်းပါတယ်။

" အရင်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြောခဲ့ဖူးတာရှိပါတယ်။ " နိုင်ငံရေးအကျဉ်းသား (၁) ယောက် ရှိနေရင်တောင်မှ အများကြီးပါလို့" သူကိုယ်တိုင်ပြောခဲ့တာပါ။ အဲ့ဒီ့စကားကို သူ တကယ် ပြန်မှတ်မိလိမ့်မယ်လို့ ကျနော်တို့မျှော်လင့်ပါတယ်။ အဲ့တာကြောင့်မို့လို့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးခြွင်းချက်မရှိ ပြန်လွှတ်ပေးသင့် ပါတယ်။ လက်ရှိ နိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ထောင်ကျနေတာက (၃၆)ယောက်ရှိတယ်။ နောက် ထောင်ထဲကနေ အမှုရင်ဆိုင်နေတာက (၁၉၃) ယောက်ရှိတယ်။ နောက် အာမခံရတာအပါ အပြင်ကနေ အမှုရင်ဆိုင်နေရတာက (၃၅၅) ယောက်ပေါ့။ ဒါကြောင့် နိုင်ငံရေးအရ အမှုဖြစ်တာ စုစုပေါင်း (၅၈၄)ယောက် ရှိနေပါတယ်။ အခု လက်ရှိထောင်အခြေအနေ ကလည်း အခုက ကိုဗစ်လည်းဖြစ်နေတယ်ဆိုတော့ တချို့ထောင်တွေ အချုပ်တွေမှာ ကိုဗစ်တွေဖြစ်နေတာတွေ လည်းရှိတယ်။ နောက် ထောင်ထဲမှာလည်း အရေအတွက်က လိုတာထက်ပိုများနေတဲ့အတွက် အကျဉ်းသားတွေက ထောင်ထဲမှာ အိပ်တဲ့နေရာကအစ လုံလုံလောက်လောက်မရဘဲ အခုအချိန် အကျဉ်းသားတွေအတွက် လုံလောက်တဲ့ အာဟာရလည်းလိုတယ်။ အဲ့လိုအထောက်အကူပြုပစ္စည်းတွေ အဖြတ်ခံရတဲ့အနေအထားတွေလည်းရှိတော့ အကျဉ်းသားတွေရဲ့ ကျန်းမာရေးအတွက်ကိုလည်း ကျနော်တို့ အတော့်ကိုစိုးရိမ်နေတာတွေရှိပါတယ်။"

အခုလက်ရှိ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း အာဏာရပါတီ NLD ဘက်က နိုင်ငံကိုဆက်အုပ်ချုပ်သွားမယ့် အနေအထားရှိနေတဲ့အပေါ် လွတ်လပ်စွာပြောဆိုခွင့် လူထုဆန္ဒထုတ်ဖော်ခွင့် ဒီမိုကရေစီရဲ့အခြေခံစံနှုန်းတွေကို ဖော်ဆာင်ပေးဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေအမြန်ဆုံး လွှတ်ပေးပါလို့ အကျဉ်းသားရေးလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး ဒီမိုကရေစီရေးနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေးလှုပ်ရှားသူတွေဘက်က NLD အစိုးရကို တိုက်တွန်းနိုးဆော်နေချိန်လည်း ဖြစ်ပါတယ်။ ကျမဆုမွန်ပါ။

.........................

{{Unicode}}








ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့
please wait

No media source currently available

0:00 0:03:57 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG