သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေတိုးအဖွဲ့ထဲ ဖင်လန်ဝင်ရောက်ခွင့် အဖွဲ့ဝင်အားလုံးအတည်ပြု


ဖင်လန်နိုင်ငံနေတိုးအဖွဲ့ဝင်ဖြစ်လာတော့မယ့်အကြောင်း ကြေညာနေတဲ့ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ (NATO) အတွင်းရေးမှူးချုပ် Jens Stoltenberg (မတ် ၃၁၊ ၂၀၂၃)
ဖင်လန်နိုင်ငံနေတိုးအဖွဲ့ဝင်ဖြစ်လာတော့မယ့်အကြောင်း ကြေညာနေတဲ့ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ (NATO) အတွင်းရေးမှူးချုပ် Jens Stoltenberg (မတ် ၃၁၊ ၂၀၂၃)

ဖင်လန်နိုင်ငံကို မြောက်အတ္တလန်တိတ် စာချုပ် NATO နေတိုးမဟာမိတ် အဖွဲ့ဝင်အဖြစ် တူရကီလွှတ်တော်မှာ မနေ့ ကြာသပတေးနေ့ နှောင်းပိုင်းက အတည်ပြု လိုက်ပြီမို့ ဖင်လန်အနေနဲ့ နိုင်ငံပေါင်း ၃၀ ပါတဲ့ အနောက်မဟာမိတ် နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ သေချာသွားပါပြီ။ နေတိုး မဟာမိတ် အဖွဲ့ဝင် ဖြစ်ဖို့အတွက် လက်ရှိ အဖွဲ့ဝင်နိုင်ငံ အားလုံးရဲ့ သဘောတူညီချက် လိုအပ်ပါတယ်။ ဖင်လန်ကို လက်ခံဖို့ ဟန်ဂေရီလွှတ်တော်မှာ ဒီသီတင်းပတ်အစောပိုင်းက အတည်ပြုခဲ့ပြီးတဲ့နောက် နောက်ဆုံး အတည်ပြုဖို့ကျန်နေတဲ့ တူရကီလွှတ်တော်မှာ မနေ့ ညပိုင်းက အတည်ပြုလိုက်တာပါ။

ဖင်လန်နိုင်ငံဟာ ရုရှားနဲ့ မိုင် ၈၀၀ ကျော် နယ်စပ်ချင်း ထိစပ်နေတာကြောင့် နေတိုးအဖွဲ့ထဲမှာ ဖင်လန် ပါလာပြီးတာနဲ့ ရုရှားနဲ့ နေတိုး ထိစပ်နယ်မြေ ၂ ဆ တိုးသွားမှာပါ။ ဖင်လန် အနေနဲ့ ၃၁ နိုင်ငံမြောက် နေတိုးအဖွဲ့ဝင် တရားဝင် ဖြစ်လာဖို့မှာတော့ နောက်ထပ် လုပ်ထုံးလုပ်နည်း အဆင့်အနည်းငယ် ကျန်ပါသေးတယ်။ ဖင်လန်ကို အခုနောက်ဆုံး လက်ခံလိုက်တဲ့ ဟန်ဂေရီနဲ့ တူရကီနိုင်ငံတွေရဲ့ လက်ခံ အတည်ပြုလွှာတွေကို နေတိုးအဖွဲ့နဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေ ထိန်းသိမ်းထားရှိတဲ့ အမေရိကန်ပြည်ထောင်စုကို ပေးပို့တာ၊ နေတိုး အတွင်းရေးမှူးချုပ် လက်မှတ်ထိုးထားတဲ့ အဖွဲ့ဝင်ဖိတ်ကြားလွှာ ဖင်လန်ကို ပေးပို့ပြီး ဖင်လန်ဘက်က လက်ခံအတည်ပြုလွှာ ပြန်လည် ပေးပို့တာ စတဲ့ လုပ်ထုံးလုပ်နည်းတချို့ ကျန်နေတာပါ။ ဒါတွေပြီးတာနဲ့ တရားဝင်အဖွဲ့ဝင် ဖြစ်လာတော့မှာပါ။

ဖင်လန်နဲ့အတူ နေတိုး အဖွဲ့ဝင်လျှောက်လွှာ တချိန်တည်း တင်ခဲ့တဲ့ ဆွီဒင်နိုင်ငံကိုတော့ တူရကီက အတည်မပြုသေးပါဘူး။ ကြမ်းဖက် အဖွဲ့အစည်းတွေအဖြစ် တူရကီအစိုးရက သတ်မှတ်ထားတဲ့ အဖွဲ့တွေကို ဆွီဒင်နိုင်ငံက ပျောပျော့ပြောင်းပြောင်း ဆက်ဆံလွန်းတယ်လို့ တူရကီဘက်က စွပ်စွဲပြီး နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေတာကြောင့် ဒါကို အရင်ညှိနှိုင်းဖြေရှင်းနေရတာပါ။ အလားတူ ဟန်ဂေရီလွှတ်တော်မှာလည်း ဆွီဒင်ကို နေတိုးအဖွဲ့ဝင်အဖြစ် လက်ခံဖို့ မဲခွဲမဆုံးဖြတ်ရသေးပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG