သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ALP ခေါင်းဆောင်ပိုင်းနဲ့ ကျန်းမာရေးလုပ်သားတွေ ပြန်လွတ်ပေးဖို့ ALP တောင်းဆို


ဓါတ်ပုံ- Arakan Liberation Party
ဓါတ်ပုံ- Arakan Liberation Party

(Zawgyi/Unicode)

AA ရခိုင်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင် သွားတယ် ဆိုတဲ့ALPရခိုင်ပြည်လွတ်မြောက်ရေးပါတီ ခေါင်းဆောင်ပိုင်း အပါအဝင် ရခိုင်လူထုကျန်းမာရေး လုပ်သားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ALP ပါတီက မနေ့ ဗုဒ္ဓဟူးနေ့က တောင်းဆိုလိုက်ပါတယ်။

အခုလို ရခိုင်အဖွဲ့အချင်းချင်း ပြန်ပေးဆွဲခေါ်ဆောင်သွားတဲ့ အကြောင်းအရင်းနဲ့ပတ်သက်လို့ AA အဖွဲ့ဘက်က တရားဝင် သတင်းထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။

အကြောင်းစုံကို မအင်ကြင်းနိုင်က တင်ပြမှာပါ။

ပဋိပက္ခတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့ လို့ ယူဆရသူတွေရဲ့ ဖမ်းဆီးခေါ်ဆောင်မှု ခံရတဲ့ အဖြစ်အပျက်တွေ တဖြေးဖြေးများလာနေချိန်မှာ ပုဏ္ဏာကျွန်းဒေသမှာရှိနေတဲ့ALP တွဲဖက်အတွင်းရေးမှူး (၁) ခိုင်အောင်စိုးသန်းအပါဝင် ဆက်ဆံရေးရုံးဝန်ထမ်း ခိုင်ဌေးနဲ့ ရခိုင်လူထု ကျန်းမာရေးလုပ်သားအဖွဲ့ဝင် သုံးဦးကို သြဂုတ်လ (၁၀)ရက်နေ့က မေးမြန်းစရာရှိလို့ဆိုပြီး AA အဖွဲ့ဝင် တချို့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ALP ပါတီပြောခွင့်ရ ဗိုလ်မှူးကြီး ခိုင်စောမြ က ဗွီအိုအေကို ပြောပါတယ်။

" ကျနော်တို့အတွင်းရေးမှူးက သူ့ရဲ့အိမ်က အဲဒီမှာပဲ။ ပုဏ္ဏာကျွန်းမြို့နယ် မြောင်ကျေးရွာနားမှာ သူ့အိမ်ရှိတယ်။ သူ့အိမ်ရှိတော့ ကျနော်တို့ရဲ့ဘော်တွေနဲ့ ဆေးမှူးတွေကို သူကအဲဒီကိုခေါ်တယ်။ ခေါ်တော့ ကျနော်တို့ ဆေးမှူးတွေက သူ့ဆီကိုသွားတယ်။ ကျနော်တို့ ဒုစစ်ဦးစစ်ချုပ်လည်း ပါသွားတယ်။ အဲဒီမှာ ကျနော်တို့ဆီကသွားတဲ့ရဲဘော်နှစ်ယောက် စီးတဲ့ ဆိုင်ကယ် accident ဖြစ်ပြီး တယောက်ဆုံးသွားတယ်။ သေဆုံးသွားတဲ့ ရဲဘော်ကို အဲဒီရွာမှာပဲ သင်္ဂြိုဟ်ခွင့်ရတော့ ကျနော်ကိုယ်တိုင်လည်း အဲဒီအသုဘ ကိုသွားလိုက်သေးတယ်။ သင်္ဂြိုဟ်ပြီးလို့ ကျနော်တို့ ပြန်လာချိန် နောက်မှ ကျန်ခဲ့တဲ့ အတွင်းရေးမှူးရယ်၊ ရဲဘော်တချို့ရယ် သူတို့ကို AA က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျနော်တို့ သိရတယ်။"

အင်ကြင်းနိုင်။ ။ AA ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဘာကြောင့် အသေအချာ ပြောနိုင်တာလဲ။

ဗိုလ်မှူးကြီး ခိုင်စောမြ။ ။ သေချာတယ်လို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် ကျနော်တို့ အသုဘချတဲ့နေရာအထိ သူတို့ရဲဘော်တယောက်ပါတယ်။ ကျနော် တွေ့လိုက်တယ်။ သူတို့ အဲဒီအချိန်က ကျနော်တို့ကို ဘာမှမလုပ်ဘူး။ ကျနော်တို့အားလုံး ပြန်လာတဲ့ အချိန်အဲဒီရွာမှာ ကျန်ခဲ့တဲ့ ကျနော်တို့ဆီက သူတွေကို သူတို့ဖမ်းသွားတယ်လို့ သိရတယ်။ သူတို့ကိုယ်တိုင်က ကျနော်တို့က AA၊ မေးမြန်းစစ်ဆေးစရာရှိလို့ ခေါ်တာပါဆိုပြီး ခေါ်သွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

အင်ကြင်းနိုင်။ ။ အဲဒါဆိုရင် သူတို့ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်လို့ ဘယ်လိုထင်သလဲ။ ဘာလို့ AA က ALP အဖွဲ့ဝင်တွေကို ဖမ်းရတာလဲရှင့်။

ဗိုလ်မှူးကြီး ခိုင်စောမြ။ ။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ပြောရရင်၊ ဒီတကြိမ်ပဲ ဖမ်းတာမဟုတ်ပါဘူး။ နှစ်ကြိမ်၊ သုံးကြိမ်ရှိပါပြီ။ AA က ဖမ်းနေတာ။ အဲတာ ဘာကြောင့်ခေါ်သွားလဲဆိုတာ သူတို့ပဲ သိမယ်လို့ ကျနော်ထင်တယ်။

အင်ကြင်းနိုင်။ ။ အခုလို ဖမ်းဆီးခေါ်ဆောင်သွားတဲ့အကြောင်းကို မြန်မာအာဏာပိုင်တွေကို အကြောင်းကြားလားရှင့်။

ဗိုလ်မှူးကြီး ခိုင်စောမြ။ ။ ကျနော်တို့က NCA လက်မှတ်ထိုးလိုက်တယ်ဆိုတာနဲ့ ကျနော်တို့က ပြည်တွင်းထဲမှာ တချို့ရောက်နေတယ်။ တချို့က နယ်စပ်မှာရှိတယ်။ လက်နက်ကိုင် တချို့ရှိနေတယ်။ အခု ပြည်တွင်းထဲမှာရှိနေတဲ့ သူတွေကို သူတို့က ဖမ်းသွားတာလေ။ ပြည်တွင်းထဲမှာရှိနေတာဆိုတော့ အုပ်ချုပ်ရေးအာဏာက အစိုးရလက်ထဲမှာပဲရှိတယ်။ အဲဒီ အစိုးရအုပ်ချုပ်တဲ့လက်အောက်မှာ ကျနော်တို့ သေနတ်မကိုင်ပဲ နေတဲ့သူတွေကို ဖမ်းသွားလို့ရှိရင် အစိုးရနဲ့ တပ်မတော်မှာ တာဝန်ရှိတယ်လို့ ပြောလို့ရပါတယ်။ တပ်မတော်ကိုတော့ အကြောင်းတော့ ကြားထားပါတယ်။

အင်ကြင်းနိုင်။ ။ ရခိုင်အဖွဲ့အချင်းချင်း ဖမ်းဆီးခေါ်ဆောင်တာမျိုးတွေရှိလာတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။

ဗိုလ်မှူးကြီး ခိုင်စောမြ။ ။ ပြောရမယ်ဆိုရင် ကျနော်ကတော့ စိတ်မကောင်းဘူး။ ရခိုင်လူမျိုးအနေနဲ့ သိပ်နာမည်မကောင်းဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ရခိုင်အချင်းချင်း အခုလို တယောက်နဲ့ တယောက်၊ တဖွဲ့နဲ့ တဖွဲ့ အခုလိုဖြစ်နေတယ်ဆိုတော့ ရခိုင်သားတွေရဲ့ ဂုဏ်သိက္ခာ ထိခိုက်ပါတယ်။ အမှန်တော့ မဖြစ်သင့်ပါဘူး။ ကိုယ်တွေအချင်းချင်း ဦးတည်ချက်လည်း တူတယ်။ ရခိုင်ပြည်သူတွေရဲ့ အခွင့်အရေးရဖို့တိုက်ပွဲဝင်နေကြတာလည်း တူတယ်။ ဦးတည်ချက်လည်း တူတဲ့ အဖွဲ့နှစ်ဖွဲ့က တဖွဲ့နဲ့ တဖွဲ့ အခုလို နိုင်ထက်စီးနင်းလုပ်တဲ့ ပုံစံမျိုးနဲ့ ဖမ်းဆီးတာမျိုးလုပ်နေရင်း ရခိုင်ပြည်သူတွေအတွက် လုံးဝသမိုင်းကောင်းမှာ မဟုတ်ဘူး။

AA လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ALP တွဲဖက်အတွင်းရေးမှူး (၁) ခိုင်အောင်စိုးသန်း အပါအဝင် ကျန်တဲ့ သူ လေးဦးလုံးဟာ အသက် (၃၀)နဲ့ (၂၀) ကျော် ပတ်ဝန်းကျင်တွေဖြစ်ပြီး သူတို့အားလုံးကို အမြဲဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်း ဗိုလ်မှူးကြီး ခိုင်စောမြ ကပြောပါတယ်။ AA အဖွဲ့က အခုလို ဖမ်းဆီးခေါ်ဆောင်မှုဟာ အခုအကြိမ်နဲ့ပါဆို လေးကြိမ်ရှိနေပြီး ၂၀၁၇ ခုနှစ်က နှစ်ကြိမ်၊ အခု ၂၀၂၀ပြည့်နှစ်မှာ နှစ်ကြိမ် ALP ပါတီထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဒါအပြင် လေးကြိမ်စလုံးမှာ ဖမ်းဆီးခေါ်ဆောင်ခံရသူတွေကို တဦးမှ လွတ်မြောက်လာခြင်းမရှိသေးဘူးလို့လည်း ဗိုလ်မှူးကြီး ခိုင်စောမြက ပြောပါတယ်။

AA အဖွဲ့ရဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဗွီအိုအေက AA အဖွဲ့တာဝန်ရှိသူတွေကို အကြိမ်ကြိမ် ကြိုးစား ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ALP ရခိုင်ပြည်လွတ်မြောက်ရေး ပါတီဟာ အရင်က လက်နက်ကိုင်အဖွဲ့အနေနဲ့နှစ်ပေါင်းများစွာ နယ်စပ်မှာ အခြေစိုက် လှုပ်ရှားခဲ့ပြီးနောက် ၂၀၁၅မှာ NCA အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တာပါ။ ပြည်တွင်းကိုတော့ ၂၀၁၂ခုနှစ်ကတည်းက ဝင်ရောက်လာခဲ့ပေမဲ့ လက်ရှိ ALP တပ်ဖွဲ့တချို့ကတော့ အိန္ဒိယနဲ့ ထိုင်းနယ်စပ်မှာ အခြေစိုက် လှုပ်ရှားနေဆဲရှိပါတယ်။

တိုက်ရိုက် လင့်ခ်


............

(Unicode)

















XS
SM
MD
LG