သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်ကျွန်းမှာ အရပ်သားတွေ ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်


(zawgyi / Unicode)

ထိုင်ဝမ်ကျွန်းအနီးတဝိုက် တရုတ်က စစ်ရေးလေ့ကျင့်မှုတွေ တိုးမြှင့်လာနေချိန်မှာ ထိုင်ဝမ်ကျွန်းက လူထုကြားမှာတော့ တည်တည်ငြိမ်ငြိမ် ရှိနေပါတယ်။ ထိုင်ဝမ်ဒေသခံ တချို့ကတော့ စစ်ဖြစ်ခဲ့မယ်ဆိုရင် အသင့်ဖြစ်အောင် ကြိုတင်ပြင်ဆင်နေသူတွေလည်း ရှိပါတယ်။ ဒီအကြောင်း တိုင်ပေမြို့တော်ကနေ ဗွီအိုအေ သတင်းထောက် William Gallo သတင်းပေးပို့ ထားတာကို ကိုရဲမွန် ပြောပြမှာ ဖြစ်ပါတယ်။

မစဉ်းစားဝံ့တဲ့ အခြေအနေမျိုးနဲ့ ကြုံလာခဲ့ရင် အသင့်ဖြစ်နေအောင် အရပ်သားတွေအတွက် ကာကွယ်ရေးဆိုင်ရာ သင်တန်းကျောင်းမှာ ထိုင်ဝမ်ဒေသခံတချို့ ဒဏ်ရာရသူတွေကို ပတ်တီးစည်းနည်း၊ ပြုစုနည်းတွေကို လေ့ကျင့်နေကြတာပါ။ ထိုင်ဝမ်က လူအများစုကတော့ ချက်ခြင်းလက်ငင်း စစ်ဖြစ်လိမ့်မယ်လို့ မထင်ကြပေမဲ့ ဖြစ်လာခဲ့ရင် အသင့်ဖြစ်အောင် Paul Hsu တို့လို ကြိုတင်ပြင်ဆင်သူတွေလည်း တိုးလာနေပါတယ်။

“သွေးတိတ်အောင် ဘယ်လိုလုပ်ရမလဲ၊ ကိုယ်ကိုယ်တိုင်နဲ့ တခြားသူတွေကို ဘယ်လို ကူညီရမလဲ ဆိုတာတွေကို သင်ကြားထားပါတယ်။”

ထိုင်ဝမ်သူ Jean Hong ကလည်း အသင့်ဖြစ်နေဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

“လတ်တလော ထိုင်ဝမ်အခြေအနေအရ အသင့်ဖြစ်နေဖို့၊ အသင့်ဖြစ်နေတယ်ဆိုတဲ့ အသိရှိနေဖို့က အရေးကြီးတယ်လို့ ထင်ပါတယ်။”

တကယ်တော့ ထိုင်ဝမ်သားတွေ တရုတ်ပြည်ပကြီးရဲ့ ခြိမ်းခြောက်မှုကို ဆယ်စုနှစ်နဲ့ချီ ရင်ဆိုင်နေရတာပါ။ ဒါပေမဲ့လည်း လက်ရှိအခြေအနေကတော့ အရင်ထက်ပိုပြီး အရေးကြီးတယ်လို့ ရှေ့သို့မဟာမိတ်အဖွဲ့ ထူထောင်သူ Enoch Wu ကပြောပါတယ်။

“ကျနော်တို့ ဒီမိုကရေစီထူထောင်ခဲ့တာ နှစ် ၃၀ နီးပါး ရှိပါပြီ။ အခုအခါ ငြိမ်းချမ်းရေးကို ထိန်းသိမ်းတဲ့ တချိန်တည်းမှာပဲ ခက်ခက်ခဲခဲ ရယူထားရတဲ့ ဒီမိုကရေစီကိုလည်း အကောင်းဆုံး နည်းလမ်းနဲ့ ကာကွယ်စောင့်ရှောက်ကြရမှာပါ။ ငြိမ်းချမ်းရေးထိန်းသိမ်းရင်း၊ ခက်ခက်ခဲခဲ ထူထောင်ထားတဲ့ ဘဝတွေကို ကာကွယ်ဖို့ဟာ ကျနော်တို့ရဲ့ အဓိကရည်မှန်းချက်ပါ”

သူဦးဆောင်တဲ့အဖွဲ့က ရှေးဦးသူနာပြု သင်တန်းတွေ ပို့ချပေးနေတာပါ။

“ပဋိပက္ခကို တားဆီးတဲ့ နေရာမှာ စစ်တပ် တတပ်ရဲ့ စွမ်းဆောင်ရည်နဲ့ အားကိုးနိုင်စွမ်းလိုပဲ နိုင်ငံသားအသိစိတ်ဓာတ် ရှိဖို့လည်း အရေးကြီးပါတယ်။ ဒါကြောင့်လည်း အခုကျနော်တို့ ဒီမှာလုပ်နေတာက ကျနော်တို့ လူမှုအသိုက်အဝန်းနဲ့ တိုင်းပြည်ကို တဦးချင်းက ဘယ်လို ပိုပြီး ကူညီနိုင်မလဲဆိုတဲ့ မေးခွန်းကို အဖြေထုတ်ရမှာပါ။”

တချို့ကတော့ စစ်ရေးကို ပိုပြီးအာရုံစိုက် ချဉ်းကပ်ကြပါတယ်။ မြို့ပြတိုက်ပွဲမှာ အရပ်သားတွေ ဘာလုပ်ရမယ်ဆိုတာကို ပြင်ဆင်ပေးနေတဲ့ သင်တန်းတက်နေတဲ့ Arthur Chang ကတော့ -

“ဘယ်သူမှ စစ်ကို မလိုလားပါဘူး။ ဒါပေမဲ့ စစ်ဖြစ်လာခဲ့ရင်တော့ ကိုယ်ချစ်ခင်သူတွေ၊ အရာဝတ္ထုတွေ တန်ဘိုးထားတာတွေကို ကာကွယ်စောင့်ရှောက်ဖို့ မားမားမတ်မတ်ရပ် တိုက်ပွဲဝင်ရမှာပါ။”

များများစားစား မဟုတ်ပေမဲ့ ထိုင်ဝမ်သား အများအပြားဟာ စစ်ရေးအတွေ့အကြုံတွေ ရှိကြပါတယ်။ လတ်တလောမှာ ထိုင်ဝမ်အမျိုးသားတွေ အခြေခံစစ်သင်တန်း ၄ လ သင်ယူဖို့ သတ်မှတ်ထားပါတယ်။ ထိုင်ဝမ်စစ်ဖက်ဆိုင်ရာ ထိပ်တန်းအရာရှိဟောင်း Lee Hsi-min ကတော့ အမျိုးသားလုံခြုံရေးအတွက် အရပ်သားတွေကို သင်တန်းတွေ ပိုမိုပို့ချပေးဖို့ လိုတယ်လို့ ပြောပါတယ်။

“လူငယ်အများအပြားက တရုတ်ကိုမုန်းကြပါတယ်။ သူတို့ကိုယ်သူတို့လည်း ကာကွယ်ချင်ကြပါတယ်။ ဒါပေမဲ့ တပ်ထဲမှာလည်း မနေချင်ကြပါဘူး။”

ဒါကြောင့်လည်း ထိုင်ဝမ်သားတွေ ကိုယ့်မိသားစု၊ ကိုယ့်အိမ်ကို ဘယ်လိုကာကွယ်ရမယ်ဆိုတာ စေတနာ့ဝန်ထမ်း ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ လေ့ကျင့်ပေးဖို့လည်း သူကအကြံပြုပါတယ်။ ထိုင်ဝမ်ကို ကာကွယ်ဖို့ တိုက်ပွဲဝင်မယ်လို့ ပြောကြာသူတွေကတော့ တနေ့တခြား တိုးလာနေတာပါ။ စစ်မဖြစ်စေချင်ပေမဲ့ ဖြစ်လာခဲ့ရင် အိမ်နားနီးချင်းတွေကို ကူညီနိုင်အောင် ပြင်ဆင်ထားချင်တယ်လို့လည်း ထိုင်ဝမ်သားတချို့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)
















XS
SM
MD
LG