သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး တရုတ်ချဉ်းကပ်မှုအပေါ် သုံးသပ်သူတွေအမြင်


တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နေပြည်တော်မှာတွေ့ဆုံနေစဉ် (ဩဂုတ် ၁၄၊ ၂၀၂၄)
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နေပြည်တော်မှာတွေ့ဆုံနေစဉ် (ဩဂုတ် ၁၄၊ ၂၀၂၄)

မြန်မာ့အရေး တရုတ်နိုင်ငံရဲ့ ကြားဝင်ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေဟာ လက်တွေ့ကျရဲ့လားလို့ အကဲခတ်အချို့က မေးခွန်းထုတ်နေကြပါတယ်။ ရန်ကုန်မှာရှိတဲ့ တရုတ်သံရုံးကတော့ မြန်မာပြည်သူတွေ ဦးဆောင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လိုက်နာမှာဖြစ်ပြီး ပြည်တွင်းရေးကို မစွက်ဖက်ရေးမူအတိုင်း ဆက်လက် ကိုင်ဆွဲထားကြောင်း သတင်းထုတ်ပြန်ခဲ့တာပါ။ မြန်မာ့အရေး တရုတ်နိုင်ငံရဲ့ ကြိုးပမ်းမှုတွေအပေါ် သုံးသပ်သူတွေ အမြင်နဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်း တင်ပြထားပါတယ်။

ရန်ကုန်မြို့က တရုတ်သံရုံးရဲ့ စနေနေ့က ထုတ်ပြန်ချက်မှာတော့ မကြာသေးမီက အချို့သောမီဒီယာတွေနဲ့ လူပုဂ္ဂိုလ်တွေက တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ ပြည်တွင်းရေးကို စွက်ဖက်နေကြောင်း အကြောင်းမဲ့ ပြစ်တင်ခဲ့ကြတာကြောင့် တုံ့ပြန်ရတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

တရုတ်နဲ့ မြန်မာဟာ အစဉ်အလာချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ နိုင်ငံတစ်သားတည်းဖြစ်တည်မှုနဲ့ နယ်မြေတည်တံ့မှု စတာတွေ ထိန်းသိမ်းကာကွယ်တာကို ထောက်ခံအားပေးကြောင်းနဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ခြင်းမူဝါဒကို ခိုင်ခိုင်မာမာ ကိုင်စွဲထားပြီး မြန်မာပြည်သူတွေ ဦးဆောင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လိုက်နာမှာဖြစ်ကြောင်း ဖော်ပြပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ မတည်မငြိမ်ဖြစ်မှု၊ စစ်ပွဲဖြစ်ပွားနေမှုကို ဆန့်ကျင်ကြောင်း ၊ ပြည်ပအင်အားစုက မြန်မာနိုင်ငံပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ကြောင်းနဲ့ တရုတ်-မြန်မာဆက်ဆံရေးကို သွေးခွဲလိုတဲ့ တရုတ်နိုင်ငံအပေါ် အကြောင်းမဲ့ပြစ်တင်တဲ့ မည်သည့်ပြောဆို လုပ်ဆောင်မှုကို မဆို ဆန့်ကျင်ကြောင်းလည်း သဘောထားထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ နောက်ဆုံးမှာ သက်ဆိုင်ရာဘက်အသီးသီးက အမြန်ဆုံး အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ သဘောထားကွဲလွဲတာတွေကို ဖြေရှင်းဖို့ နဲ့ တရုတ်နိုင်ငံအနေနဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍက ပါဝင်သွားဖို့ ဆန္ဒရှိကြောင်း ပါရှိပါတယ်။ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်အပေါ် တရုတ်-မြန်မာအရေးစောင့်ကြည့်လေ့လာသူ ဒေါက်တာလှကျော်ဇော်က အခုလို ပြောဆိုပါတယ်။

“ ဗမာပြည်မှာ တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်တွေ သိပ်များနေလို့များလား မပြောတတ်ဘူး။ တရုတ်ဘက်ကတော့ တရုတ်ရဲ့ သူ့ရဲ့ဗျူဟာကတော့ ဗမာပြည်မှာ ဘက်ပေါင်းစုံပေါ့နော်။ စစ်ကောင်စီအပါအဝင် အဖွဲ့အသီးသီးက ငြိမ်းချမ်းရေးစားပွဲပေါ်ရောက်ဖို့ပဲ သူက တိုက်တွန်းနေတာဖြစ်တာကို။ အဲဒါ မဖြစ်နိုင်ဘဲနဲ့ တမင်သက်သက် ပျက်အောင်လုပ်တယ်လို့ တွက်ပုံရတယ်။ တရုတ်ဆန့်ကျင်ရေးက။ အဲတော့ နိုင်ငံရေးနည်းနဲ့ ထွက်လို့ မရရင် ခက်မယ်လို့ သူက တွက်သလားမှ မသိတာ။ အဲဒါကြောင့်မို့ သူက ဒါမျိုးတွေ ထုတ်နေတာ။ ”

တရုတ်နိုင်ငံက အာဆီယံအပါအဝင် ကမ္ဘာတောင်ဘက်ခြမ်းနိုင်ငံတွေနဲ့ စီးပွားရေးဇုံတခု ဖော်ဆောင်ဖို့ မဟာဗျူဟာရှိနေတာကြောင့် မြန်မာပြည်တည်ငြိမ်ရေးဟာ အရေးကြီးနေတာဖြစ်ကြောင်းလည်း သုံးသပ်ပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ တိုက်တွန်းမှုဟာ တိုင်းပြည်အခြေအနေနဲ့ မကိုက်ညီတာကြောင့် မြန်မာပြည်သူလူထုက လက်မခံနိုင်တာဖြစ်နိုင်ကြောင်းလည်း ဆက်ပြောပါတယ်။

“ သူကလည်း နိုင်ငံကြီး တနိုင်ငံအနေနဲ့ အိမ်နီးနားချင်း နိုင်ငံအနေနဲ့ သူပြောဖို့ လိုတဲ့ သူ့မဟာဗျူဟာကို သူ ပြောနေပုံရပါတယ်။ ဒါပေမဲ့ ကျမတို့ ပြည်သူလူထုလိုချင်တဲ့ ကျမတို့ ပြည်သူလူထုအတွက် အကျိုးရှိမယ့်ဟာ မဟုတ်တဲ့အတွက် ကျမတို့ ပြည်သူလူထုက လက်မခံနိုင်ဖြစ်နေတာ ဖြစ်မှာပေါ့ဗျာ။ ဒါပါပဲ။”

ပြည်ထောင်စု Institute က သုတေသန တာဝန်ခံ ဒေါက်တာစိုင်းဦးကတော့ တရုတ်နဲ့ အာဆီယံနိုင်ငံတွေအနေနဲ့ စစ်ကောင်စီနဲ့ အတိုက်အခံအင်အားစုတွေအကြား တွေ့ဆုံဆွေးနွေးနိုင်ဖို့ ကြိုးပမ်းတာတွေ ရှိခဲ့ကြောင်း။ ဒါပေမယ့် နှစ်ဘက်စလုံးက လက်ခံနိုင်တဲ့အခြေအနေမရှိတဲ့နောက်မှာ တရုတ်နိုင်ငံဘက်က ရွေးကောက်ပွဲနဲ့ လက်ရှိအခြေအနေကို ပြောင်းလဲဖို့ ကြိုးစားလာတာတွေ့ရကြောင်း ပြောပါတယ်။ လက်ရှိအခြေအနေမှာ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးအဖြေရှာမယ်ဆိုရင် မတည်ငြိမ်မှုတွေ ပိုမိုဖြစ်လာနိုင်ကြောင်း သုံးသပ်ပါတယ်။

“ပြီးတဲ့တလောက သူတို့ နိုင်ငံခြားရေးဝန်ကြီး လာလည်တဲ့အခါမှာ ရွေးကောက်ပွဲနဲ့ အဖြေရှာပါလား ဆိုတာမျိုးကို ကျနော်တို့ ကြားတယ်။ ဒါကတော့ အခြေအနေအချိန်အခါနဲ့ လက်တွေ့ကျမှုနဲ့သွားပြီးတော့ မကိုက်ညီတဲ့ရွေးကောက်ပွဲမျိုး သွားဖြစ်နေတယ်။ အဲတော့ ဖြစ်လာမယ့် အကျိုးဆက်ပေါ့။ ရွေးကောက်ပွဲတော့ ပြီးသွားနိုင်တယ်။ ဒါပေမဲ့ မတည်ငြိမ်မှုတွေ ပိုဖြစ်လာမှာ။ သူမျှော်မှန်းထားတဲ့ သူဖြစ်စေချင်တဲ့ ရွေးကောက်ပွဲကို သူက ပြောချင်တာက နိုင်ငံရေးအခက်အခဲကို ကျော်ပြီး တည်ငြိမ်မှုကို ရချင်တာ။ ဒါပေမဲ့ အခုလို ပုံစံမျိုးနဲ့ဆို အဲဒီကို မရဘဲနဲ့ ပိုပြီးတော့ မတည်မငြိမ်မှု များတဲ့ပုံစံမျိုးဖြစ်မှာပေါ့။”

လောလောဆည်မှာတော့ စစ်ကောင်စီဘက်က ၂၀၂၅မှာ ရွေးကောက်ပွဲကျင်းပသွားမယ်လို့ ကြေညာထား ပါတယ်။ အတိုက်အခံအင်အားစုတွေကတော့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်း တုံပြန်တာတွေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG