သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝါရှင်တန်ဒီစီနဲ့ နိုင်ငံတကာမှာ မြန်မာ့အရေး လှုပ်ရှားသူတွေ စုဝေးဆန္ဒပြ 


(Zawgyi/ Unicode)

ရှစ်လေးလုံး မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု ၃၃ နှစ်ပြည့် အထိမ်းအမှတ်နဲ့ မြန်မာနိုင်ငံ ကယ်တင်ရေး ကမ္ဘာလုံးဆိုင်ရာ တိုင်းရင်းသားပေါင်းစုံ ချီတက်တောင်းဆိုတဲ့ ဆန္ဒပြပွဲကြီးကို စနေနေ့က အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ ပြုလုပ်ခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံရဲ့ ပြည်နယ်အသီးသီးမှာ ရောက်နေတဲ့ ထောင်နဲ့ချီတဲ့ မြန်မာတွေ ဝါရှင်တန်ဒီစီ သမ္မတအိမ်ဖြူတော် ရှေ့မှာ စုဝေးကြပြီး လွှတ်တော်တဝိုက်အထိ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

NUG အမျိုးသားညီညွတ်ရေးအစိုးရကို အမေရိကန်အစိုးရနဲ့တကွ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အသိမှတ်ပြုဖို့ တောင်းဆိုခဲ့ကြသလို အမေရိကန်က ထိန်းချုပ်ထားတဲ့ ဒေါ်လာသန်း ၁,၀၀၀ကို NUG ထံ လွှဲပြောင်းပေးဖို့နဲ့ Burma Bill မြန်မာဥပဒေမူကြမ်းကို အတည်ပြုဖို့ တောင်းဆိုခဲ့ကြတာပါ။ လက်ရှိကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို စက်တင်ဘာမှာ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အတည်ပြုခန့်အပ်ပေးဖို့ပါ တောင်းဆိုကြပါတယ်။

Save Myanmar March မြန်မာနိုင်ငံကယ်တင်ရေး ချီတက်ဆန္ဒပြပွဲကို ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအဖြစ် သြဂုတ်လ ၇ ရက် စနေနေ့မှာ ကျင်းပပြီး ရှစ်လေးလုံး ၃၃ နှစ်ပြည့် အခမ်းအနားနဲ့ NUG အစိုးရကို ထောက်ခံကြောင်း ပြသခဲ့ကြတာပါ။ လှုပ်ရှားမှုမှာ ဥရောပရောက် မြန်မာတွေလည်း ပါဝင်ခဲ့ကြပြီး ဒိန်းမတ်နိုင်ငံမှာလည်း ဒါဇင်နဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ Esbjerg မြို့မှာ စုဝေး ဆန္ဒပြခဲ့ကြသလို ကနေဒါနိုင်ငံရောက် မြန်မာတွေကလည်း Vancouver, Toronto, Ottawa နဲ့ Saskatoon အပါအဝင် မြို့ကြီးတွေမှာ ရှစ်လေးလုံး ၃၃ နှစ်ပြည့် အခမ်းအနားနဲ့ NUG အစိုးရကို ထောက်ခံကြောင်းချီတက်ဆန္ဒပြကြပါတယ်။

မြန်မာနိုင်ငံတွင်းမှာလည်း ပစ်ခတ်မှုတွေ ဖမ်းဆီးထိန်းသိမ်းတာတွေ ရှိနေတဲ့ကြားကပဲ ဒီကနေ့ကျရောက်တဲ့ ရှစ်လေးလုံး နှစ်ပတ်လည် အထိမ်းအမှတ် ဆန္ဒပြလှုပ်ရှားဖို့ စီစဉ်နေကြပါတယ်။

(Unicode)







XS
SM
MD
LG