အာဆီယံအသင်းဝင် နိုင်ငံတွေရဲ့ အကြမ်းဖက်ဝါဒ တန်ပြန်တိုက်ဖျက်ရေး ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေမှာ စစ်ကောင်စီကို ဖယ်ကြဉ်ထားဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့ APHR က ပြီးခဲ့တဲ့ ရက်ပိုင်းက တိုက်တွန်းလိုက်ပါတယ်။ နိုင်ငံတကာရဲ့ ပိတ်ဆို့ ဖယ်ကြဥ်မှုတွေ နဲ့ အကျပ်အတည်းတွေ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီကို အာဆီယံအနေနဲ့ ထပ်တိုး ဖယ်ကြဥ်ဖို့ ခုလို တောင်းဆိုတာတွေက စစ်ကောင်စီအပေါ် ဘယ်လို ဖိအားတွေ ဖြစ်လာစေနိုင်ပါလဲ။ ရန်ကုန်က ပေးပို့တဲ့သတင်းကို တင်ပြပေးပါမယ်။
အခု သြဂုတ်လနဲ့ လာမယ့် စက်တင်ဘာလတွေမှာ မြန်မာအပါအဝင် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေရဲ့ အကြမ်းဖက်ဝါဒ တန်ပြန်တိုက်ဖျက်ရေး ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေ ကျင်းပဖို့ စီစဥ်နေချိန်မှာပဲ ဒီစစ်ရေးလေ့ကျင့်မှုတွေမှာ အာဏာသိမ်း မြန်မာစစ်ကောင်စီကို ပါဝင်ခွင့် မပြုဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော် အမတ်အဖွဲ့ (APHR) က တိုက်တွန်းလိုက်တာပါ။
ဒီတိုက်တွန်းချက်ကို ကြားကာလ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်း က ကြိုဆိုသလို၊ အာဆီယံအနေနဲ့ မြန်မာစစ်တပ်အပေါ် ခုလို ဖယ်ကြဥ်တာအပြင် ပိုပြီး ထိရောက်တဲ့ အရေးယူမှုတွေ ချမှတ်သင့်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။
"သူတို့တောင်းဆိုမှုက ဖြစ်သင့်ပါတယ်။ အခုလိုမျိုး အကြမ်းဖက်မှုတွေ ကျူးလွန်နေတယ်။ နောက်တခါ ပြည်သူ့ဆန္ဒကို အသိအမှတ်မပြုဘဲနဲ့ တိုင်းပြည်အာဏာသိမ်းဖို့ ကြိုးစားနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို အာဆီယံ summit (ထိပ်သီးဆွေးနွေးပွဲ) တက်ခွင့်မပေးထားတာ အာဆီယံ ရဲ့ လုပ်ဆောင်မှုပါ။ အခုလိုမျိုး စစ်အင်အား အသုံးပြုပြီး ပြည်သူလူထုကို သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို အာဆီယံရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုမှာ ပါလည်း မပါသင့်ဘူး။ တချိန်ထဲမှာတင် သူတို့ကို ဖိတ်ခေါ်မှု မလုပ်သင့်ဘူးလို့ ထပ်လောင်း ပြောကြားလိုပါတယ်။"
အရှေ့တောင်အာရှဒေသက လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်တွေရဲ့ တိုက်တွန်းချက်ကို အာဆီယံနိုင်ငံ အစိုးရတွေကလည်း လက်ခံ လုပ်ဆောင်လာမယ် ဆိုရင်တော့ နိုင်ငံတကာမှာ အကျပ်အတည်း ရင်ဆိုင်နေရတဲ့ စစ်ကောင်စီအတွက် စိတ်ပိုင်းဆိုင်ရာ နောက်ထပ် ထိုးနှက်ချက်၊ ဖိအားတခု ဖြစ်လာနိုင်တယ်လို့ မြန်မာ့အရေး သုံးသပ်သူတဦးက ဗွီအိုအေကို ပြောပါတယ်။
"ရည်ရွယ်ချက်က အာဆီယံမှာ ပြန်ဝင်ဆံ့နိုင်အောင်လို့ပေါ့။ စစ်တပ်ဘက်က တခုရှိတယ်။ သူတို့ နည်းနည်းလေး ထိခိုက်နိုင်စရာ ရှိတာကတော့ စစ်တပ်က တချို့နေရာတွေမှာ၊ ဥပမာ − ရေတပ်တို့ ဘာတို့မှာ အာဆီယံနဲ့ပတ်သတ်လို့ နေရာမရတာလေးတွေ ရှိသေးတယ်လေ။ ရှိတော့ တကယ်လို့ ခုနက စစ်ရေး လေ့ကျင့်တာတို့ အစည်းအဝေးတွေမှာပါ သူတို့မပါရရင် စိတ်ပိုင်းဆိုင်ရာအရ လူရာဝင်မှုအရ နည်းနည်းတော့ ထိခိုက်မှာပေါ့။"
မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားပေမယ့် လိုက်နာဖို့ ပျက်ကွက်နေတဲ့ စစ်ကောင်စီကို ဒေသတွင်း ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေမှာ လက်ခံတာဟာ အဓိပ္ပါယ် မရှိဘူးလို့ဆိုပြီး မြန်မာကို ဖယ်ကြဉ်ဖို့ APHR အဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ အင်ဒိုနီးရှား အောက်လွှတ်တော် အမတ်လည်းဖြစ်တဲ့ Mercy Barends ကလည်း ထောက်ပြထားတာပါ။ အထူးသဖြင့် အကြမ်းဖက်ဝါဒ တန်ပြန် တိုက်ဖျက်ရေးအတွက် ရည်ရွယ်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ဒီမိုကရေစီနည်းကျ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့ကို အကြမ်းဖက် အဖွဲ့အစည်း အဖြစ် သတ်မှတ်ထားတဲ့ စစ်ကောင်စီကို ထည့်သွင်းတာဟာ စိတ်ပျက်စရာ ဖြစ်ရကြောင်းလည်း ဇူလိုင်လ ၂၈ ရက်နေ့က ထုတ်ပြန်တဲ့ APHR ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
APHR ရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီ သဘောထား သိရအောင် ဗွီအိုအေက မေးမြန်းဖို့ စစ်ကောင်စီပြောခွင့်ရကို အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် ဖုန်း ပြန်လည် ဖြေကြားတာ မရှိသေးပါဘူး။
သေနင်္ဂဗျူဟာ လေ့လာရေးအဖွဲ့က အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦး ကတော့ အာဆီယံ အနေနဲ့ ဒီတောင်းဆိုမှုကို လက်ခံခွင့်ပြုခဲ့မယ် ဆိုရင်တောင် တပ်မတော်အပေါ်မှာ သက်ရောက်မှု ကြီးကြီးမားမား မဖြစ်နိုင်ဘူးလို့ ရှုမြင်ကြောင်း ပြောပါတယ်။
"အမှန်ကတော့ စစ်ရေး လေ့ကျင့်ခန်း လုပ်တာကတော့ ကိုယ်နဲ့ မဟာမိတ်ဖြစ်တဲ့ နိုင်ငံတွေကြား တယောက်နဲ့တယောက် ရင်းနှီးဖို့ပေါ့။ စစ်ရေး ဗျူဟာတွေကြား တယောက်နဲ့တယောက် ဖလှယ်ဖို့ အတွေ့အကြုံတွေ ညှိုနှိုင်းကြဖို့။ ပြောရရင်တော့ နှစ်နိုင်ငံဆက်ဆံရေးကို စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ မြှင့်တင်တယ်လို့ ပြောလို့ရတယ်။ အဲအပိုင်းနဲ့ ပတ်သတ်တဲ့ အကျိုးကျေးဇူးတွေရမှာပေါ့။ အဓိက အချက်က အဲဒါပါပဲ။ လိုရင်းတိုရှင်း ပြောရရင်တော့ ဘာမှ impact (သက်ရောက်မှု) ဖြစ်စရာ အကြောင်းမရှိပါဘူး။ ဘာလို့လဲ ဆိုတော့ ကမ္ဘာနိုင်ငံရေး အပြောင်းအလဲ ဖြစ်လာတာမှာ အာဆီယံထဲမှာကိုက သဘောထားက မြန်မာနိုင်ငံအတွက် သဘောထား ၂ မျိုးကွဲနေကြတာ။ အာဆီယံရှိနေတဲ့ ပဋိဉာဉ်တွေနဲ့ ပတ်သတ်ပြီးတော့ လွဲလွဲချော်ချော်တွေက အများကြီး။ မြန်မာနိုင်ငံအတွက်က တခြား စစ်ရေးလေ့ကျင့်ဖို့ မိတ်ဖက်နိုင်ငံတွေက အများကြီး။ ဖယ်ကြဥ်ထားဖို့ တခုထဲအတွက်က မြန်မာနိုင်ငံအတွက် impact ဖြစ်စရာ အကြောင်းမရှိဘူးလို့ပဲ သုံးသပ်ပါတယ်။"
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတာကို ဖြေရှင်းနိုင်ဖို့ အာဆီယံအသင်းက ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားပေမယ့် စစ်ကောင်စီက လိုက်နာ အကောင်အထည် ဖော်တာ မရှိတာကြောင့် ဒေသတွင်းနဲ့ နိုင်ငံတကာက အာဆီယံ စည်းဝေးပွဲတွေမှာ မြန်မာစစ်ကောင်စီကို တက်ရောက်ခွင့် ပိတ်ပင်ထားသလို၊ ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်ပါ ဆောင်ရွက်ခြင်း မရှိတဲ့အပေါ်မှာလည်း မြန်မာစစ်တပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်နေကြတာ ဖြစ်ပါတယ်။