သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်ဝင်ပစ်တဲ့ တန့်ဆည်၊ ကပေါင်းကျဒေသခံတွေ အိုးအိမ်စွန့်ထွက်ပြေးနေရ


နရေပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ရှောင်ဒုက္ခသည်များ (ဓာတ်ပုံ - Courtesy)
နရေပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ရှောင်ဒုက္ခသည်များ (ဓာတ်ပုံ - Courtesy)

(Zawgyi/Unicode)

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့၊ ကပေါင်းကျကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်ခတ်လို့ ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ မနေ့ သြဂုတ်လ ၂၆ ရက်နေ့ထဲက စစ်တပ်က ရွာထဲဝင်လာပြီး ပစ်ခတ်ခဲ့တာလို့ ရွာခံတွေက ပြောပြပါတယ်။ မကွေးတိုင်း ပေါက်မြို့နယ်ထဲမှာလည်း စစ်တပ်ဘက်က အင်အားတွေဖြည့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်းကပြောပြပါမယ်။

တန့်ဆည်မြို့နဲ့ ၁၀ မိုင်ဝေးတဲ့ ကပေါင်းကျကျေးရွာကို သြဂုတ် ၂၆ ရက် နေ့လည်ပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး ညဘက်ပိုင်းမှာတော့ လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီကနေ့ သြဂုတ် ၂၇ ရက်မှာဆိုရင်လည်း ရွာထဲက နေအိမ်တွေကို ဝင်ရောက်ရှာဖွေနေတာကြောင့် ဒေသခံတွေက ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ရွာသူတဦးက ဗွီအိုအေကိုပြောပါတယ်။

“ညနေတုန်းကကို ၃ နာရီထိုးတော့ သေနတ် ၄ ချက်ဖောက်ပြီးတော့ အိမ်တွေကို ရိုက်ဖျက်တယ်။ မနက်ကလည်း သူတို့ အိပ်ယာက နိုးနိုးချင်း အိမ်တွေကို ရိုက်ဖျက်တယ်။ မနေ့ကလည်း သူတို့ရောက်ရောက်ချင်း ဖျက်တယ်။ ဝင်တာကတော့ ကျမတို့ မြောက်ပိုင်းကနေစဝင်တယ်။ တောင်ပိုင်းရောက်တော့ အိမ်တွေကိုစပြီး ရိုက်ဖျက်တော့တာပါပဲ။ တဖက်သတ် ပစ်ခတ်တာပါ။ PDF တွေက လုံးဝတိုက်ခိုက်တာမရှိပါဘူး။ လူငယ်တွေကလည်း လုံး၀ တိုက်ခိုက်မှုမရှိပါဘူး။ ရွာကိုအမြင်ကပ်တာတွေ ဘာတွေဖြစ်မှာကြောက်တော့ လူငယ်တွေကလည်း ဘယ်သူမှ မခုခံပါဘူး။ သူတို့ဟာ သူတို့ပဲ ပစ်ခတ်နေတာပါ။ ပြည်သူတွေကို ခြောက်လှန့်နေတာပါ။ ရွာသူရွာသားတွေကတော့ လုံးဝကို မခုခံဘူး။ ရွာကလူတွေက တကွဲတပြားစီပြေးရတာ တန်းပြီးတော့။ လူလွတ်ပြေးရတာ ဘာမှကိုမပါဘူး။ တောတွေထဲ သွားနေကြတာ။ ဒါပေမယ့်လို့ မလုံခြုံပါဘူး။ ဘယ်သွားလို့မှ မလုံခြုံပါဘူး။ သူတို့တွေက တောတွေပါ နင်းနေတာဆိုတော့ အခုလည်း ကိုယ့်အသက်ကိုယ်လုပြီး တောကြိုတောကြားထဲ သွားနေရတာ။”

စစ်တပ်က ဖမ်းဆီးထားသူတချို့ရှိတယ်လို့လည်း သူကပြောပါတယ်။ ကပေါင်းကျကျေးရွာဟာ အိမ်ခြေ ၇၀၀ ခန့် ရှိတဲ့ ကျေးရွာကြီးဖြစ်ပြီး စစ်ကောင်စီတပ်တွေ မကြာခဏဆိုသလို ဝင်ရောက်ပြီး အသုံးအဆောင်ပစ္စည်းတွေ ယူဆောင်တာ ရှိတယ်လို့လည်း ပြောပါတယ်။ ဘာကြောင့် ခုလို လာသလဲဆိုတာ ရွာခံတွေလည်း အတိအကျမသိဘူးလို့ ဆိုပါတယ်။ အခုတခေါက်က ၇ ကြိမ်မြောက်လို့ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာ မရှိသေးပါဘူး။ ဒါက စစ်ကိုင်းတိုင်းက အခြေအနေပါ။
မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းမှာလည်း စစ်ကောင်စီတပ်တွေ အင်အားဖြည့်တင်းနေတယ်လို့ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီယာဉ်တန်း ဒီနေ့ မိုင်းထိခဲ့တယ်လို့လည်း ဒေသခံတဦးက အခုလို ပြောပါတယ်။

“အခုဖြစ်တာက ဝန်ကျုံးနဲ့ ပင်လောင်ကြားမှာဖြစ်တာ။ ဖြစ်တာကတော့ သူတို့ဘာသာ သူတို့လာလို့ မိုင်းနင်းတယ်။ မိုင်းနင်းပြီးတော့ ဒဏ်ရာရတဲ့သူတွေလား သေတဲ့သူတွေလား မသိဘူး။ ထမ်းပြီးတော့ ပြန်သွားကြတာပဲ။”

ပေါက်မြို့နယ်တောင်ပိုင်းဒေသတွေမှာ စစ်ကောင်စီက စစ်ကြောင်း ၃ ကြောင်းခွဲပြီး အခုရက်ပိုင်း လှည့်လည် သွားလာနေပါတယ်။

ပေါက်မြို့နယ်တောင်ပိုင်းမှာ ဒေသခံ PDF တွေနဲ့ စစ်ကောင်စီတပ်တွေ မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်သလို ပေါက်မြို့နယ် တောင်ပိုင်းကနေ ပေါက်မြို့ပေါ်ကို ကျန်းမာရေး လူမှုရေးကိစ္စ သွားရောက်သူ ၁၀ ဦး ထက်မနည်းကိုလည်း စစ်ကောင်စီတပ်တွေ ဖမ်းဆီးခဲ့ပါတယ်။

....................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)







XS
SM
MD
LG