သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သထုံမှာ အဖမ်းခံရသူ အမျိုးသမီးနှစ်ဦး အစအနပျောက်နေ


အာဏာသိမ်းဆန့်ကျင်သူများကို ညအချိန် လိုက်လံဖမ်းဆီးသည့် စစ်ကားတစီး ( March 6/2021) (ဓာတ်ပုံ - AFP)
အာဏာသိမ်းဆန့်ကျင်သူများကို ညအချိန် လိုက်လံဖမ်းဆီးသည့် စစ်ကားတစီး ( March 6/2021) (ဓာတ်ပုံ - AFP)

(Zawgyi/Unicode)

သထုံမြို့နယ်ထဲမှာ လွန်ခဲ့တဲ့ ၁၀ ရက်ကျော်ကတည်းက ဖမ်းဆီးခံရတဲ့ အမျိုးသမီး နှစ်ယောက်နဲ့ ဒီနေ့အထိ အဆက်အသွယ်မရတဲ့အတွက် မိသားစုဝင်တွေ စိုးရိမ်နေကြပါတယ်။ အင်းစိန်ထောင်ကနေ ခံဝန်ကတိနဲ့ မတ်လတုန်းက ပြန်လွတ်လာသူ အမျိုးသမီးနှစ်ဦးကို သြဂုတ်လ ၂၂ ရက်နေ့က သူတို့အဆောင်မှာ စစ်တပ်က လာရောက်ရှာဖွေ ဖမ်းဆီးသွားတာပါ။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုအောင်မြတ်သူက ပြောပြပါမယ်။

မတ်လကမှ အင်းစိန်ထောင်ကနေ ပြန်လွတ်လာတဲ့ အသက် ၂၈ နှစ်အရွယ် မခေမာလွင်နဲ့ အသက် ၃၀ အရွယ် မစုမြတ်နွယ်တို့ကို သြဂုတ်လ ၂၂ ရက်နေ့မှာ စစ်တပ်က ပြန်ဖမ်းသွားတာပါ။ စစ်အာဏာသိမ်းပြီးနောက် ဆန့်ကျင်ဆန္ဒပြခဲ့လို့ အဖမ်းခံခဲ့ရတဲ့သူတို့ကို မတ်လက ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့ပြီးမှ ပြန်လည်ဖမ်းဆီးခံရတာဖြစ်ပါတယ်။ အဖမ်းခံရတာ ၁၀ ရက်ကျော်သွားပြီဖြစ်ပေမဲ့ ခုချိန်ထိ သက်ဆိုင်ရာတွေဘက်က ဘာမှ အကြောင်းကြားလာတာမရှိသလို သူတို့ဘယ်ရောက်နေမှန်း မသိရဘူးလို့ ဖမ်းဆီးခံရသူ မခေမာလွင်ရဲ့ ညီမ ဖြစ်သူကပြောပါတယ်။

“အခုဆိုရင် အဖမ်းခံရတာ ၁၁ ရက်ရှိသွားပြီ ဘာမှလည်း အကြောင်းကြားလာတာမရှိသေးဘူး ရှေ့ရက်တွေကတော့ သူတို့ဖုန်းတွေ စက်ဖွင့်ထားသေးတယ်။ အခုမနေ့ကမှ စက်ပြန်ပိတ် သားတယ်။ ဆက်သွယ်တယ်။ ဖုန်းတွေ တောက်လျှောက်ခေါ်တယ် မကိုင်ဘူး။ ဘယ်မှာ ဖမ်းဆီးထားတယ်။ ဘယ်ကလာဖမ်းသွားတယ်ဆိုတာ ညီမတို့ဘက်က စုံစိမ်းလို့မရသေးဘူး။ ညီမတို့ဘက်ကလည်း စုံစမ်းတယ်။ ဘယ်စစ်ကြောရေးကို ခေါ်သွားတယ်ဆိုတာ မသိရသေးဘူး။ သတင်းအရတော့ စစ်ကြောရေးမှာလို့ သိရတယ်။ ဘယ်စစ်ကြောရေးလည်း ဆိုတာ မသိရဘူး။”

မိန်းကလေးတွေဖမ်းဆီးခံထားရတာဖြစ်တဲ့အတွက်လည်း မိသားစုက ပိုပြီး စိုးရိမ်ပူပန်နေကြပါတယ်။
“မိသားစုဝင်တယောက်အနေနဲ့ အရမ်းလည်း စိုးရိမ်နေတယ်။ အခုဆိုရင် ၁၁ ရက်ရှိသွားပြီ စစ်ကြောရေးဆိုတဲ့အရာကလည်း အရမ်းစိုးရိမ်ရတဲ့နေရာတွေ ခြေလွန်လက်လွန်တွေ ဖြစ်သွားမှာကို စိုးရိမ်တယ်။ ပြီးတော့ အခုတလော သတင်းတွေမှာ တက်တက်လာတယ်။ စစ်ကြောရေးခေါ်သွားတယ်။ ပြီးရင် အလောင်းပဲ ပြန်ရတယ် အဲလိုမျိုး သတင်းတွေလည်း ကြားနေရတော့ အရမ်းစိတ်ပူတယ်။ ညီမတို့တောင်းဆိုချင်တာ သူဘာမှမလုပ်ထားဘူးဆိုတာကိုလည်း ညီမတို့ အာမခံဝံံ့တယ်။ ဒီကိစ္စတွေနဲ့လည်း ဘာမှမပတ်သက်ဘူး။ ဒါ မတရားဖမ်းဆီးခံထားရတာဖြစ်တဲ့အတွက် အမြန်ဆုံးပြန်လွှတ်ပေးဖို့ ညီမတို့ဘက်က တောင်းဆိုချင်တယ်။”

ဖမ်းဆီးခံထားရတဲ့ မခေမာလွင်နဲ့ မစုမြတ်နွယ်တို့ဟာ ပြီးခဲ့တဲ့ မတ်လအတွင်းက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်အတွင်း အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲတခုမှာ ဖမ်းဆီးခံခဲ့ရပြီး တပ်မတော်ပြိုကွဲအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅-ကနဲ့ တရားစွဲဆိုခံရပါတယ်။ မတ်လ ၂၆ ရက်နေ့မှာတော့ ခံဝန်ကတိနဲ့ အင်းစိန် အကျဉ်းထောင်ကနေ လွတ်လာခဲ့ကြပါတယ်။

ထောင်က လွတ်လာပြီးနောက် အလုပ်လုပ်မယ်လို့ဆိုပြီး မွန်ပြည်နယ် သထုံမြို့ကို ထွက်သွားခဲ့ကြတယ်လို့ ညီမဖြစ်သူက ပြောပါတယ်။ သထုံမြို့မှာ သူတို့နှစ်ယောက်နေတဲ့အဆောင်ကို စစ်ကောင်စီဘက်က အင်အာသုံးပြီး ပြန်ဖမ်းသွားခဲ့တာဖြစ်ပါတယ်။

“ပြန်လွတ်လာပြီးတော့ သူဘာမှ မလုပ်တော့ဘူး သထုံဘက်မှာ အလုပ်သွားလုပ်မယ်ဆိုပြီး တော့ သူ့သူငယ်ချင်းနဲ့ ထွက်သွားတယ်။ ထွက်သွားပြီးတော့ သြဂုတ်လ ၂၂ ရက်နေ့မှာ အဖမ်းခံလိုက်ရတယ်လို့ပဲ ကြားလိုက်တယ်။ ဘာကြောင့်အဖမ်းခံလိုက်ရတယ်ဆိုတာလည်း မသိဘူး။ အဆက်အသွယ်လည်းမရပါဘူး။ ၂၂ ရက်နေ့ မနက် ၉ နာရီလောက်မှာ အဖမ်းခံလိုက်ရတယ်လို့ပဲ သတင်းရလိုက်တာ။ ဇာတိကတော့ ရန်ကုန်၊ အဖမ်းခံရတာက သထုံမှာ။”

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဆန္ဒပြပွဲတွေမှာ ပါဝင်သူတွေ အဖမ်းခံရပြီဆိုရင် သက်ဆိုင်ရာ မိသားစုတွေအနေနဲ့ ဘာကိုမှ တိတိကျကျ မသိရသလို သူတို့ ဘယ်ရောက်နေတယ်ဆိုတာကိုလည်း သီတင်းပတ် အတော်ကြာတဲ့အထိ သိရလေ့မရှိပါဘူး။

တချို့ဖြစ်ရပ်တွေမှာတော့ ဖမ်းသွားပြီးကာမှ အကြောင်းတခုခုပြပြီး အသက်ဆုံးသွားပြီဆိုပြီးတော့ ကျန်ရစ်တဲ့ခန္ဓာကိုယ်ကို လာယူခိုင်းတာမျိုးတွေလည်း ရှိခဲ့တာမို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေအနေနဲ့ ဥပဒေကြောင်းအရ ဘယ်လိုအကာအကွယ်မျိုးမှမရဘဲ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ကြုံတွေ့နေကြရတာဖြစ်ပါတယ်။

.......................................................................................


(Unicode)










XS
SM
MD
LG