ချင်းပြည်နယ် ဖလမ်းမြို့နယ်နဲ့ မတူပီမြို့နယ်ထဲမှာ ဒေသခံချင်းကာကွယ်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ဒီနေ့ ဇန်နဝါရီလ ၁၈ ရက်မှာ တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ ဖလမ်းမြို့နယ် ပါလ်သဲကျေးရွာနားမှာ ဒီနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့သလို၊ မတူပီမြို့နယ်ထဲက တယ်ဘွေးအခြေစိုက် စစ်တပ်စခန်းနားမှာလည်း တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ချင်းပြည်နယ်က စစ်ရေး အခြေအနေတွေအကြောင်း ရန်ကုန်က ပေးပို့လာတဲ့သတင်းကို ကပြောပြပေးမှာပါ။
ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ ချင်းကာကွယ်အဖွဲ့ CNDF နဲ့စစ်ကောင်စီတပ်တွေ ဒီနေ့အင်္ဂါနေ့မနက်ပိုင်းမှာ တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ ဖလမ်း-ကလေး ကားလမ်းပေါ်မှာရှိတဲ့ ပါရ်သဲကျေးရွာနားမှာ တိုက်ပွဲဖြစ်ခဲ့တာလို့ CNDF ပြန်ကြားရေးတာဝန်ရှိသူတဦးကပြောပါတယ်။
“ မနက်(၈)နာရီခွဲလောက်က စပစ်ကြတယ်ပေါ့။ တနာရီခွဲ နှစ်နာရီလောက်တော့ကြာမယ်။ အဲဒီမှာသူတို့ဘက်ကတော့ (၄) ယောက်ကျတယ်။ ကျွန်တော်တို့ဘက်ကတော့ အသေးစားဒဏ်ရာ တယောက်ရတယ်ပေါ့။ လာတီး တွန်းဇံတောင်ကြော တလျှောက်မှာဘဲ။ ပါရ်သဲကျေးရွာအနားမှာ။ ”
ပါးရ်သဲကျေးရွာနဲ့ မဝေးတဲ့ ဘားတံတားနားမှာလည်း မနေ့ တနင်္လာနေ့က တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ဘားတံတားကတော့ မဏိပူရ်မြစ်ပေါ်မှာ ဖြတ်ဆောက်ထားတဲ့ တံတားဖြစ်ပါတယ်။ စစ်တပ်ဘက်က ထိုးစစ်ဆင်လာတဲ့အတွက် ဇန်နဝါရီလ ၁၆ ရက်နေ့ကထဲက တိုက်ပွဲတွေဖြစ်နေတာလို့
CNDF ဘက်ကပြောပါတယ်။ ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုများတယ်လို့ CNDF ဘက်ကပြောပေမဲ့ သီးခြားအတည်မပြုနိုင်ခဲ့ပါဘူူး။ အဲဒီလိုတိုက်ပွဲဖြစ်ပြီးနောက် ပါးရ်သဲရွာနဲ့ လုမ်ဘမ်ကျေးရွာတွေထဲ စစ်သားတွေ ဝင်လာတဲ့အတွက် ဒေသခံရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြပါတယ်။ ထွက်မပြေးနိုင်တဲ့ သက်ကြီးပိုင်း (၇) ဦးကို စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပါရ်သဲရွာသား တဦးကပြော ပါတယ်။
“ (၇)ယောက်အဖမ်းခံထားတယ်ကြားတယ်။ စစ်ပြေး မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုလို့ပြောကြတယ်။ တပ်မ (၂၂) ရဲ့ ခမရ လားမသိဘူး။”
ဒီနေ့ မနက်မှာတော့ သူတို့ကို စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်လိုက်တယ်လို့ နောက်ရွာသား တဦးကလည်းပြောပါတယ်။
အခုလို ဖလမ်းမြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ်နေသလို မတူပီမြို့နယ်ဘက်မှာလည်း ချင်းကာကွယ်ရေးအဖွဲ့ CDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ စစ်တပ်ရဲ့ တယ်ဘွေးအခြေစိုက်စခန်းနားမှာဖြစ်ခဲ့တာလို့ မတူပီCDF ပြန်ကြားရေးတာဝန်ခံ ကိုနေဦးလင်းကပြောပါတယ်
“ မနက်က(၁၀)နာရီခွဲလောက်မှာလေ။ နှစ်ဖက်တပ်ဖွဲ့တွေ ထိတွေ့မှုဖြစ်တယ်။ ကျွန်တော်တို့ဘက်က တယောက်ကျဆုံးတယ်။ မတူပီ-ပလက်ဝ လမ်းဘက်က တယ်ဘွေးစခန်းကြားမှာပေါ့နော်။ ”
ဒီကနေ့ ဖလမ်းနဲ့မတူပီတယ်ဘွေးစခန်းဘက်က တိုက်ပွဲအခြေအနေကို မသိသေးပေမဲ့ မနေ့က မတူပီမြို့နယ် ရေဇွာမြို့ဘက်မှာ ရေဇွာ PDF အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
“ ကျွန်တော်တို့ မတူပီဘက်မှာလဲ ရေဇွာဘက်မှာလဲ ဘုံခြားရွာရဲ့အနောက်ဘက် မီတာ(၂၀၀၀)လောက်မှာ ပစ်ခတ်မှုဖြစ်ခဲ့တာ ရှိတယ်။ ကျွန်တော်တို့ဆီက စစ်သည်တချို့ ထိခိုက်ဒဏ်ရာရရှိတာရှိပါတယ်။ အဲဒီဖြစ်စဉ်တခုဘဲရှိပါတယ်။ ”
အခုနှစ် ဇန်နဝါရီလဆန်းပိုင်းကစလို့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်ကနေ ချင်းပြည်နယ် ဖလမ်း တီးတိန်ဘက်နဲ့ မင်းတပ်ကနေ မတူပီမြို့နယ်ဘက်ကို စစ်ကောင်စီတပ်တွေ အလုံးအရင်းနဲ့ အင်အားတိုးချဲ့လာတဲ့အတွက် ဒေသခံချင်းကာကွယ်ရေး တပ်ပေါင်းစုတွေက ခုခံတိုက်ခိုက်နေကြတာဖြစ်ပါတယ်။
................................................................................................
(Unicode)