သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီပဲယင်းမြို့နယ်ထဲ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတွေ တိုက်ပွဲဖြစ်ပွား


မြန်မာစစ်တပ်နဲ့PDF တို့အကြားတိုက်ပွဲ တွေကြောင့် ထွက်ပြေးလာသူတွေရဲ့ စစ်ရှောင်စခန်းတခု ((Photo by STR / AFP)
မြန်မာစစ်တပ်နဲ့PDF တို့အကြားတိုက်ပွဲ တွေကြောင့် ထွက်ပြေးလာသူတွေရဲ့ စစ်ရှောင်စခန်းတခု ((Photo by STR / AFP)

ဒီပဲယင်းမြို့နယ်ထဲ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတွေ တိုက်ပွဲဖြစ်ပွား

(Zawgyi/Unicode)
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့ နယ်ထဲက ယဉ်ကျေး ရွာမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး PDF အဖွဲ့တို့ ပစ်ခတ် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် ကျေးရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရပါတယ်။ စစ်ကိုင်းတိုင်းထဲက ချောင်းဦးမြို့မှာတော့ မြို့ရဲ့ ပင်မသပိတ်ခေ ါင်းဆောင်ကို စစ်ကောင်စီတပ်တွေက ပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။ ခုလို တိုက်ခိုက်၊ ဖမ်းဆီးမှုတွေအကြောင်း ရန်ကုန်ကလာတဲ့ သတင်း အပြည့်အစုံ ရန်ကုန်ကလာတဲ့ သတင်း ကိုသားညွန့်ဦး ပြောပြပါမယ်။

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့ နယ်ထဲက ယဉ်ကျေးရွာမှာ ဒီကနေ့ မနက်ပိုင်းက ဒီပဲယင်း PDF နဲ့ စစ်ကောင်စီတပ်တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။ ရွာတောင်ပိုင်းက ဘုန်းကြီးကျောင်းကို စစ်တပ်က ဝင်ရောက်ရှာဖွေ စီးနင်းခဲ့ပြီးနောက် စစ်တပ်ပြန်အထွက်မှာ ဒေသခံ PDF တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာပါ။ အပြန်အလှန် ပစ်ခတ်တဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဒီပဲယင်း PDF တာဝန်ရှိသူ တဦးက အခုလိုပြောပါတယ်။

“၁၂ မှာ တိုက်ပွဲစတယ်။ ၁၂ မတိုင်ခင်ကတည်းက သူတို့တွေ ဒီပဲယင်းမြို့နယ် ယဉ်ကျေးတောင်ကျောင်းပေါ့။ အဲ့မှာ သူတို့တပ်စွဲတယ်။ ဝင်ပြီးတော့ ဘုန်းကြီးကျောင်းထဲမှာ ဘုန်းကြီးရဲ့ပိုက်ဆံတွေယူတယ်။ နောက်ပြီး ရေခဲ သေတ္တာတွေ ထုခွဲပစ်တယ်ပေါ့ ဖျက်ဆီးပစ်တယ်။ နောက်ပြီး ဘုန်းကြီးကျောင်းမှာ သိုလှောင်ထားတဲ့ ကြက်သွန်တွေဘာတွေပေါ့။ ဆန်အိတ်တွေ သူတို့ယူတယ်။ ဝက်သားတွေ စားပစ်တယ်ပေါ့။ ဒီပဲယင်းမြို့နယ် PDF ပေါ့လေ။ People Defence Force ပေါ့ အဲ့ကနေ ဝိုင်းညှပ်ပြီး သူတို့တွေကို ပိတ်ထားတယ်။ အပြန်အလှန် ပစ်ခတ်မှုက ၁၂ နာရီမှာ စတယ်။ ၁၂ နာရီမှာ စပြီးတော့ အပြန်အလှန် ပစ်ခတ်တယ်ပေါ့လေ။ ဒါပေမယ့် ၂ ဖက် အထိအခိုက် စာရင်းတော့ အတည်ပြုလို့မရသေးဘူး။

အခုလို ပစ်ခတ်တာတွေ မဖြစ်ခင် ရက်ပိုင်းလောက်က ဒီပဲယင်းမြို့မှာ စစ်ကောင်စီနဲ့ နီးစပ်သူတွေ အသတ်ခံရတာ၊ အသေးစား ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေဟာ ယဉ်ကျေးရွာကို လာရောက် ရှာဖွေခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ ဒီပဲယင်း PDF တို့ အပြန်အလှန် ပစ်ခတ်တာကြောင့် အနီးနားက ကျေးရွာ ၅ ရွာထက် မနည်း ရွာလုံးကျွတ် ထွက်ပြေးနေရပြီး စစ်ဘေးဒုက္ခသည် ၁ သောင်းနီးပါးဟာ နီးစပ်ရာ ကျေးရွာတွေမှာ ထွက်ပြေး ခိုလှုံနေရပါတယ်။

တဆက်တည်းမှာပါ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်နဲ့ ကနီနယ်တို့မှာလည်း ဇွန် ၆ ရက်နဲ့ ၇ ရက်တိုက်မှာ ဒေသခံ ကာကွယ်ရေး အဖွဲ့တွေနဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်နေပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တဦးက အခုလိုပြောပါတယ်။

“ယင်းမာပင်မှာဖြစ်တာက မနေ့ကတုန်းက သလောက် ကြပ် ဝင်းကုန်း ကြပ်နဲ့ ဝင်းကုန်းကြားမှာ ဖြစ်နေတယ်။ သူတို့ ပုံမှန် နေရာချဲ့တာပေါ့ဗျာ။ သူတို့ ပုံမှန်နေရာ တဖြေးဖြေးနဲ့ ချဲ့လာတဲ့အခါကျတော့ ကျွန်တော်တို့ ပြည်သူ့ရဲဘော်တွေက အားလုံး နေရာယူပြီးတော့ ဖောက်ခွဲရေးကိုပဲ အဓိက ဦးစားပေးလုပ်ပြီးတော့ ပစ်ခတ်မှု ဖြစ်တယ်။ တနေ့ကတုန်းက ဖြစ်တဲ့ဟာကျတော့ ယင်းမာပင်မြို့နယ် ဆီလှောင်ပေါ့။ ဆီလှောင် အနီးတဝိုက် ဖြစ်တဲ့ပွဲမှာတော့ ဖောက်ခွဲရေး အဓိကသုံးတာဆိုတော့ အယောက် ၂၀ လောက် ထိခိုက်မှုရှိသွားတယ်။ သူတို့ အဲ့အနီးတဝိုက် တောင်ပေါ်ကနေပြီးတော့ ဆီလှောင်တောင်ဆိုတာ ရှိတယ်။ ဆီလှောင်တောင်ပေါ်ကနေပြီး လက်နက်ကြီးနဲ့လှမ်းပစ်တယ်။ ရွာထဲလည်းကျတယ်။ အဲ့အတွက် ဒေသခံပြည်သူတွေက လန့်ပြီးတော့ အကုန် ထွက်ပြေးကြတယ်။ လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်နေတာဆိုတော့ မနေရဲကြတော့ဘဲ အကုန်ထွက် ပြေးနေကြတာ။”

ဒါ့အပြင် စစ်ကိုင်းတိုင်း ချောင်းဦးမြို့မှာ မြို့ပင်မသပိတ်ခေါင်းဆောင်ဖြစ်တဲ့ ကိုမာန်ဇာမြေမွန်ကို ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်တွေက သေနတ်နဲ့ ပစ်ခတ်ပြီး ဖမ်းဆီးသွားပါတယ်။ ဖမ်းဆီးခံရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“ချောင်းဦးမြို့ပေါ်ကနေ စစ်ကား ၄ စီးပေါ့နော် ပထမသွားတာ။ မာန်ဇာမြေမွန်ကို ဖမ်းဖို့ရာ သူတို့ အစီစဉ်ချပြီး သွားတာခင်ဗျ။ ဘယ်လိုဖြစ်သွားတုန်းဆိုတော့ စစ်ကားတွေရောက်တယ်ဆိုတော့ အလင်းပိုင်းပေါ့ ၅ နာရီကျော်လောက် ရောက်တယ်ကြားတော့ သူရှောင်တိမ်းနေတဲ့နေရာကနေ ထွက်ကြည့်တာပေါ့ဗျာ။ ဟုတ်မဟုတ် ထွက်ကြည့်လိုက်တဲ့အချိန်မှာ ရဲကားတွေနဲ့ တန်းတွေ့တာပေါ့။ လမ်းပေါ်မှာ တန်းတွေ့တော့ သူက ပြန်အကွေ့လိုက်မှာ လှမ်းပစ်လိုက်တာ။ ပစ်တဲ့အချိန်မှာ ဆိုင်ကယ်နောက်ဘီးကို မှန်ပြီး လဲသွားတာ။ မျက်နှာနဲ့ လမ်းနဲ့ရိုက်အကျ ချက်ချင်း ပြန်မထနိုင်တဲ့အချိန် အနောက်က တလစပ် ပစ်တဲ့အချိန်မှာ မိသွားတာ။”

ကိုမာန်ဇာမြေမွန်နဲ့အတူ အမျိုးသား ၂ ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးသွားပြီး မုံရွာကို တခါတည်း ခေါ်ဆောင်သွားပြီးတော့ မိသားစုနဲ့လည်း အဆက်အသွယ်မရရှိသေးပါဘူး။ ကိုမာန်ဇာမြေမွန်ဟာ နွေဦး တော်လှန်ရေးအစမှာ ချောင်းဦးမြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့ ချောင်းဦးပင်မ သပိတ်ကို ဦးဆောင်သူ တဦးဖြစ်ပြီး စစ်ကောင်စီက ဖမ်းဝရမ်း ထုတ်ထားတဲ့အတွက် တိမ်းရှောင်နေချိန်မှာ အခုလို ဖမ်းဆီးခံရတာလည်း ဖြစ်ပါတယ်။

......................................................................

တိုက်ရိုက် လင့်ခ်



(Unicode)











XS
SM
MD
LG