သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြပွဲတွေ အရှိန်မြင့်နေချိန် ရှမ်းမြောက်မှာ တိုက်ပွဲတွေဖြစ်


ရှမ်းပြည်နယ်ရှိ ဘုန်းကြီးကျောင်းတခုမှာ တွေ့ရတဲ့ စစ်ရှောင်ဒုက္ခသည်များ။ (သြဂုတ် ၂၅၊ ၂၀၁၉)
ရှမ်းပြည်နယ်ရှိ ဘုန်းကြီးကျောင်းတခုမှာ တွေ့ရတဲ့ စစ်ရှောင်ဒုက္ခသည်များ။ (သြဂုတ် ၂၅၊ ၂၀၁၉)

[Zawgyi/Unicode]

စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံအနှံ့ ပေါ်ပေါက်နေချိန်မှာပဲ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ စစ်တပ်နဲ့ ရှမ်း၊ ကချင် လက်နက်ကိုင်အဖွဲ့တွေအကြား ဒီရက်ပိုင်းမှာပဲ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အခြေအနေတွေ တင်းမာနေပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြပါမယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါနဲ့ မူဆယ်မြို့နယ်တွေမှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

သီပေါမြို့နယ်မှာတော့ တပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အကြား တိုက်ပွဲဖြစ်ခဲ့ကြောင်း RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက ဗွီအိုအေကို ပြောပါတယ်။

“သီပေါမြို့နယ် မိုင်းတုံကျေးရွာအုပ်စုထဲမှာဗျ။ တိုက်ပွဲက နည်းနည်းကျယ်ပြန့်တယ်ခင်ဗျ။ တပ်ရင်း ၄ ရင်း၊ ၅ ရင်းလောက် တက်လာတယ်ဆိုတော့။ တော်တော်များတယ်။ တစ်နေရာထဲတော့ မဖြစ်ဘူးပေါ့။ အဲဒီကျေးရွာအုပ်စုအနီးအနားဝန်းကျင်မှာ ဖြစ်တာခင်ဗျ။ မိုင်းတုံအုပ်စု။”

ဒီတိုက်ပွဲတွေဟာ ဒီလ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ဖြစ်ပွားပြီး လက်ရှိမှာလည်း နှစ်ဘက်တပ်တွေအကြား စစ်ရေးတင်းမာတာတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

“၉ ရက်နေ့ကျတော့ ညနေပိုင်း တစ်နာရီကျော်ကြာပဲဖြစ်ပြီး နည်းနည်း ငြိမ်သွားတယ်ခင်ဗျ။ ၁၀ ရက်နေ့ကျတော့ ထပ်ဖြစ်တယ်။ တိုက်ပွဲ တစ်နေကုန်ဖြစ်တယ်။ ၁၁ ရက်နေ့ကျတော့လည်းဖြစ်တယ်။ ဒီနေ့ကျတော့ နည်းနည်းငြိမ်သွားတယ်။ ငြိမ်သွားတယ်ဆိုပေမဲ့ သူတို့ မဆုတ်ဘူး။ တိုက်ပွဲကို ခွာသွားတာပေါ့နော်။ အပြီးမဆုတ်သေးဘူး။ သူတို့က ခွာပြီးတော့မှ ငြိမ်သွားတယ်ဆိုတော့ ခန့်မှန်းလို့ မရသေးဘူး။ စစ်ရေးက တင်းမာနေတုန်း ရှိသေးတယ်ဗျ။”

လတ်တလောမှာ မိုင်းပန်နဲ့ မိုင်းကိုင်မြို့နယ်တွေအတွင်းမှာလည်း တိုက်ခိုက်မှု ၃- ၄ ကြိမ်လောက်ဖြစ်ခဲ့တာရှိကြောင်းနဲ့ သီပေါမြို့နယ်မှာ ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ပြီး တပ်မတော်ဘက်က လက်နက်ခဲယမ်း သိမ်းဆည်းရမိတာ ရှိသလို ကျဆုံးသူ ၃ ယောက်လောက်ရှိကြောင်း RCSS အဖွဲ့က ပြောပါတယ်။

သီပေါမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း စိုင်းခမ်းအောင်ကတော့ တိုက်ပွဲတွေကြောင့် ဒေသခံ ၂၀၀ လောက် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ပြောပါတယ်။

“ကျနော်တို့ သီပေါမြို့နယ်ထဲက မန်လီကျေးရွာအုပ်စု အဲဒီမန်လီကျေးရွာမှာ စစ်ဘေးရှောင် တချို့က ရောက်လာပါတယ်။ ၂၀၀ ဝန်းကျင်လောက်ရှိမယ်။ ဘုန်းကြီးကျောင်းမှာပဲ လာခိုပြီးတော့မှ ရပ်ရွာက အလှုရှင်တွေနဲ့ အဲဒီဘုန်းကြီးကျောင်းက ဆရာတော်ရောပေါ့ ကူညီပေးတာပေါ့။ တပ်က လက်နက်ကြီးတွေနဲ့ လှမ်းပြီး ပစ်တာပေါ့။ ပစ်တဲ့အခါကျရင် အဲဒီမန်လီကျေးရွာအုပ်စုထဲက နားစံရွာနားမှာ ကျပြီးတော့ ပေါက်ကွဲတာပေါ့။ အဲဒါနဲ့ ရွာက လူတွေက ကြောက်ပြီးတော့မှ မန်လီဘုန်းကြီးကျောင်းကို ပြေးလာတာပေါ့။”

အစိုးရနဲ့ အပစ်ရပ်စာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ RCSS နဲ့ သီပေါမြို့နယ်မှာ စစ်ရေးတင်းမာနေချိန်မှာပဲ အစိုးရနဲ့ Bilateral ခေါ် နှစ်ဘက်အပစ်ရပ်စာချုပ် ချုပ်ဆိုရေးဆွေးနွေးနေတဲ့ ကချင်လက်နက်ကိုင်အဖွဲ့ KIA နဲ့ စစ်တပ်ကြား မူဆယ်မြို့နယ်မှာ တိုက်ပွဲ နှစ်ကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး အခြေအနေတွေ တင်းမာနေတယ်လို့ KIA အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“တစ်နေ့ကနဲ့ မနေ့က တိုက်ပွဲဖြစ်တယ်ဆိုတဲ့ မြေပြင်သတင်းတက်ပါတယ်။ ကျနော်တို့ တပ်ပိုင်းဆိုင်ရာ သတင်းတက်ပါတယ်။ KIA တပ်မဟာ ၆... လက်အောက်ခံ တပ်ရင်း ၉ အဲဒီနယ်မြေဘက်မှာ ဖြစ်တာဖြစ်ပါတယ်။ အဲဒီမြို့နယ်နဲ့ ပြောရမယ်ဆိုရင်တော့ မူဆယ်မြို့နယ် အရှေ့ဘက်လောက် ကျမှာပါ။ ဒီနေ့တော့ တိုက်ပွဲဖြစ်တဲ့သတင်းက ဒီနေ့တော့ မတက်ဘူးခင်ဗျ။ ဒါပေမဲ့ တပ်မတော်ဘက်က ဆုတ်သွားတာတော့ မရှိဘူးဆိုတော့ ဒီ စစ်ရေးအခြေအနေကတော့ တင်းမာနေတဲ့ အနေအထားလောက်ပဲဖြစ်ပါတယ်။ သေနတ်သံတွေကတော့ ဒီနေ့ကတော့ မကြားပါဘူးခင်ဗျ။”

ဒီတိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်လို့တော့ တပ်မတော်ဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဒီလ ၅ ရက်နေ့ကတော့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးအဖွဲ့ဝင်ဟောင်း လိုက်ပါလာတဲ့ ယာဉ်တန်းကို MNDAA ခေါ် ကိုးကန်လက်နက်ကိုင်အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ကိုး ဦးသေဆုံးပြီး ရှစ် ဦးဒဏ်ရာရခဲ့ကြောင်းနဲ့ ရဲတပ်ဖွဲ့ဝင် သုံး ဦး ကျဆုံးပြီး ငါး ဦး ဒဏ်ရာရခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]















XS
SM
MD
LG