သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမှာ မြန်မာအပါအဝင် တရားမဝင် နေထိုင်နေသူတွေကို လိုက်ဖမ်းနေ


ထိုင်းနိုင်ငံမှာ အဖမ်းဆီးခံရတဲ့ တရားမဝင် အလုပ်သမားများ
ထိုင်းနိုင်ငံမှာ အဖမ်းဆီးခံရတဲ့ တရားမဝင် အလုပ်သမားများ

ထိုင်းတနိုင်ငံလုံးက စာသင်ကျောင်းတွေ ဘာသာရပ်သင် စာသင်ကျောင်းတွေနဲ့ နိုင်ငံတကာ အဆင့်မှီဖွင့်ထားတဲ့ ကျောင်းပေါင်း (၁၂၇) ကျောင်းမှာ တရားမဝင် အလုပ်လုပ်ကိုင်နေသူတွေကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ရာမှာ တရားမဝင်နေထိုင် အလုပ်ကိုင်နေတဲ့ နိုင်ငံခြားသား (၁၂၁)ယောက် ဖမ်းဆီးမိခဲ့ပြီး ဒီထဲမှာ မြန်မာနိုင်ငံသား (၃၀)ကျော် ပါဝင်ကြောင်း ထိုင်းဒုရဲချုပ်က သောကြာနေ့က ဘန်ကောက်မြို့မှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံတွင်းမှာ ဗီဇာသက်တမ်း ကျော်လွန်နေသူတွေ အလုပ်လုပ်ခွင့်မရှိပဲ အလုပ်လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသားတွေ အလုပ်လုပ်ကိုင် နေတဲ့ ထိုင်းစာသင်ကျောင်း (၁၂၇)ကျောင်းကို ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ လူ(၈၀)ကျော်ကို ဖမ်းဆီးခဲ့တာပါ။ ဒီထဲမှာ မြန်မာနိုင်ငံသား (၃၃)ယောက် ပါဝင်တဲ့အကြောင်း ထိုင်းဒုတိယရဲချုပ် Maj-General Surachet က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

သူပြောသွားတဲ့အထဲမှာ နိုင်ငံခြားသား (၁၈)ဦးဟာ ဗီဇာသက်တမ်း ကုန်ဆုံးနေသူတွေဖြစ်တယ်။ နောက်ဆုံး ဖမ်းမိသူတွေထဲက (၅၄) ယောက်ကို တရားမဝင် နေထိုင်မှုနဲ့တရားစွဲခံရမှာဖြစ်ပြီး အဲဒီထဲမှာ မြန်မာနိုင်ငံသား (၃၃)ယောက် ပါဝင်နေတာလို့လည်း ဒုရဲချုပ်က ပြောဆိုခဲ့ပါတယ်။ ဒီထဲက မြန်မာနိုင်ငံသားနှစ်ဦးဟာ ရာဇဝတ်မှု ကျူးလွန်ထားသူတွေ ဖြစ်တယ်လို့ ပြောဆိုသွားတာပါ။

နိုင်ငံတကာအဆင့်မှီ ဖွင့်ထားတဲ့ စာသင်ကျောင်း (၁၃)ကျောင်း၊ ဘာသာစကားသင် စာသင်ကျောင်းပေါင်း (၁၇)ကျောင်း သာမန် စာသင်ကျောင်းပေါင်း (၆၁)ကျောင်းကို အဓိကထား စစ်ဆေးခဲ့ပြီး တရားမဝင် နေထိုင်နေသူပေါင်း (၁၂၁)ယောက်ကို စတင်ဖမ်းဆီး ခဲ့တာပါ။ နောက်ပိုင်းမှာတော့ စိစစ်မှုတွေလုပ်ပြီး (၈၀)ကျော်ကို ဖမ်းဆီးအရေးယူခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ တရားမဝင်နေထိုင် အလုပ်လုပ်ကိုင် နေသူတွေ၊ ဗီဇာသက်တမ်းလွန်ပြီး နေထိုင်နေသူတွေကို စစ်ဆင်ရေး တခုလိုလုပ်ပြီး စစ်ဆေးဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

တချို့ကျောင်းတွေမှာတော့ နိုင်ငံခြားသားတွေဟာ စေတနာ့ ဝန်ထမ်းတွေအဖြစ် လာရောက် အလုပ်လုပ်ကိုင်နေကြပေမယ့် လဝကဥပဒေနဲ့ ညိစွန်းနေတာတွေလည်း ရှိပါတယ်။ အလာတူပဲ မတ်လ ၃၁ ရက်နေ့ မနက်ပိုင်းအချိန်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ(၂၀) လောက်ကို ထိုင်းတောင်ပိုင်း ကမ်ချနာဘူရီ မြို့နယ်ထဲမှာ ထိုင်းစစ်တပ်ကရှာဖွေ ဖမ်းဆီးမှုတွေ လုပ်ခဲ့တယ်လို့လည်း ထိုင်းတောင်ပိုင်း ပညာရေးနဲ့ ဖွံဖြိုးရေးဖောင်ဒေးရှင်းရဲ့ အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦးကလည်း ဆိုပါတယ်။

“ ဒီမနက်ကတော့ ဒါ ကမ်ချနာဘူရီမှာ သူတို့က သတင်းကြိုရထားလို့ ဝင်ပြီးတော့ ထိုင်းစစ်တပ်က တောနင်းရှာလိုက်တော့ မိတာပေါ့။ အယောက် ၂၀။ ယောကျ်ားလေးတွေ ချည်းပဲ”

ဒါကတော့ အထောက်အထားမဲ့ မြန်မာတွေ ဖမ်းဆီးခံခဲ့ရတာပါ။ နယ်တချို့မှာတော့ အလည်ဗီဇာနဲ့လာပြီး ဗီဇာသက်တမ်း ကျော်လွန် နေသူတွေကို ဖမ်ဆီးနေတာလည်း ရှိနေပါတယ်။ အခုအခါမှာတော့ နိုင်ငံကူးလက်မှတ်တွေနဲ့ လာကြပေမယ့် အလုပ်လုပ်ခွင့်မရှိပဲ အလုပ်လုပ်နေသူတွေ ဗီဇာသက်တမ်းကျော်လွန်ပြီး နေထိုင်ကြသူတွေကိုတော့ ထိုင်းအစိုးရက ဖမ်းဆီး အရေးယူနေတာ ဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG