သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလုံခြုံရေး အကြံပေးရဲ့ ဘင်္ဂလားဒေ့ရှ် ခရီးစတင်


ဘင်္ဂလား-မြန်မာနယ်စပ် မြန်မာလုံခြုံရေးတပ်များ ကင်းလှည့်
ဘင်္ဂလား-မြန်မာနယ်စပ် မြန်မာလုံခြုံရေးတပ်များ ကင်းလှည့်

ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခအခြေအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်အရေး အပါအဝင် ဘင်္ဂလားဒေ့ရှ်- မြန်မာ ၂ နိုင်ငံ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဘင်္ဂလားဒေရှ် အစိုးရနဲ့ဆွေးနွေးဖို့ မြန်မာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေး အကြံပေး ဦးသောင်းထွန်းဟာ ဒီကနေ့ တနင်္ဂနွေမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စတင်သွားရာက်မှာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ သွားရောက်တဲ့ ဦးသောင်းထွန်းရဲ့ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

ဦးသောင်းထွန်းဟာ တနင်္လာနေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Mahmood Ali နဲ့တွေ့ဆုံမှာဖြစ်သလို၊ ဝန်ကြီးချုပ် Sheikh Hasina နဲ့လည်း ဆွေးနွေးဖို့ရှိပါတယ်။ အဲဒီလိုဆွေးနွေးရာမှာ မြန်မာရဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်မှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် တွေကို နေရပ်ရင်းပြန်ပို့ရေးဘင်္ဂလားဒေ့ရှ် အစိုးရဘက်က အဆိုပြုချက်တွေကို အလေးထား ဆွေးနွေးဖို့ရှိကြောင်း ဘင်္ဂလားဒေ့ရှ်က လာတဲ့ သတင်းတွေက ဆိုပါတယ်။

ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံတဲ့အခါမှာ ဒုက္ခသည်တွေရဲ့ လုံခြုံရေးကို အထူးအလေးပေး ဆွေးနွေးစေ လိုကြောင်း ဗြိတိန်အခြေစိုက် ရိုဟင်ဂျာအဖွဲ့အစည်းဥက္ကဌ ဦးထွန်းခင်က ပြောပါတယ်။

“ဦးသောင်းထွန်း သွားတဲ့နေရာမှာ ဘင်္ဂလားဒေရှ် အစိုးရနဲ့ အဓိကဆွေးနွေးရမှာက ဒီရိုဟင်ဂျာတွေ အခု ၇ သောင်းကျော်ကျော်- ကုလသမဂ္ဂ အစီရင်ခံစာအရ ပေါ့နော်၊ သူတို့ အိမ်တွေမီးရှို့လိုက်လို့ သူတို့ စွန့်ခွါသွားတာတွေ ရှိတယ်။ မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေရှ် အစိုးရအနေနဲ့ ရေရှည်အတွက်တော့ ရိုဟင်ဂျာပြည်သူတွေရဲ့ လုံခြုံရေးနဲ့ သူတို့ရဲ့ ရပိုင်ခွင့်တွေ၊ ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေ ပေးပြီးတော့ ရိုဟင်ဂျာတွေကို ပြန်ခေါ်ဖို့ ဆွေးနွေးသင့်တယ်လို့ ထင်တယ်။”

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ ခန့်မှန်းချက်အရ ၂၀၁၆ ခု အောက်တိုဘာလ ၉ရက်နေ့က စပြီး ရခိုင်ပြည်နယ် အတွင်း မြန်မာလုံခြုံရေး တပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေကြောင့် လူနည်းစု မွတ်ဆလင် အနည်းဆုံး ၇ထောင့် ၄ရာ လောက် အိုးအိမ်စွန့်ခွါ ထွက်ပြေး ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အရင်စစ်အစိုးရ လက်ထက်တွေ ကတည်းက မြန်မာစစ်တပ်ရဲ့ ညှမ်းပန်းနှိပ်စက် မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ထွက်ပြေး ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးရေ သိန်းနဲ့ချီ ရှိနေတယ်လို့ ဦးထွန်းခင်ကပြောပါတယ်။

အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းဟာ သူရဲ့ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်မတိုင်ခင် စနေနေ့က ကြေညာချက် ထုတ်ပြန်ရာမှာ ရခိုင်ပြည်နယ် မြောက်ပိုင်း လုံခြုံရေးအခြေအနေ စိုးရိမ်ဖွယ်ရာ ရှိနေကြောင်း ပြောဆိုခဲ့ပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှုတွေ တကျော့ပြန် ဖြစ်လာမယ့် အခြေအနေတွေကို တွေ့နေရကြောင်း၊ ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်နေတဲ့ အစွန်းရောက် အကြမ်းဖက်သမား များကို ဖေါ်ထုတ်ဖမ်းဆီးနိုင်ဖို့ နိုင်ငံတော်ဘက်က ကြိုးပမ်းနေသလို၊ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေ သူတွေကိုလည်း မြန်မာအစိုးရက ထိထိရောက်ရောက် ပံပိုးပေးနေကြောင်း သူရဲ့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။

ဒါအပြင် သောကြာနေ့ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ နေပြည်တော် သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ ရခိုင်အရေး အထူးအစည်းအဝေးမှာလည်းဦးသောင်းထွန်းကိုယ်တိုင် တက်ရောက် ဆွေးနွေးခဲ့ပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂရဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ကို မြန်မာအစိုးရက လာရောက်ခွင့်ပြုမှာ မဟုတ်ဘူးဆိုတာနဲ့ ပတ်သက်လို့ အစိုးရပိုင် ရုပ်သံသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ စွပ်စွဲပြောဆိုမှုတွေကို သတိထားဖို့လိုကြောင်းဦးသောင်းထွန်းက ပြောသွားပါတယ်။

“ တချို့နိုင်ငံတွေက နိုင်ငံတကာစံနှုန်းတစ်ခု ဖြစ်ဖို့ ကြိုးစားခဲ့တာဟာ စေတနာကောင်းနဲ့ ဆောင်ရွက်တာမျိုး ရှိနိုင်ပေမယ့် နိုင်ငံရေးအရ တလွဲ အသုံးပြု ထိုးနှက်တာမျိုးတွေ တွေ့ရပါတယ်။ မြန်မာနိုင်ငံကိုလည်း စွပ်စွဲပြောဆို တာမျိုးတွေ ရှိပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာ စံနှုန်းတွေကို တလွဲသုံးပြီး လွှမ်းမိုးခြယ်လှယ် လိုမှုတွေကို သတိပြုရှောင်ရှားဖို့ လိုပါတယ်။”

ဒါပေမယ့်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်း မြန်မာလုံခြုံရေးတပ်တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့ တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးမယ့် ကုလသမဂ္ဂ ကိုယ်စားပြုအဖွဲ့ကို မြန်မာနိုင်ငံတွင်း လာရောက်ခွင့် ပြုခြင်းအားဖြင့် အခြေအနေတွေကို နိုင်ငံတကာက ရှင်းရှင်းလင်းလင်း ပိုပြီးသိနိုင်မယ့် အခွင့်အလမ်းတွေ ရှိနေတဲ့အတွက် ဝင်ရောက်ခွင့် ပြုသင့်ကြောင်း ဦးထွန်းခင်ကဆိုပါတယ်။

“ ကျနော်တို့ တွေ့တာက ဒေါ်စုက စစ်တပ်ကို ထိန်းချုပ်နိုင်စွမ်းလည်း မရှိဘူး။ ပြီးတော့သူက စစ်တပ်ကျူးလွန်တဲ့ ဖေါက်ဖျက်မှုတွေကို ဖိအား ပေးနိုင်စွမ်းလည်း မရှိဘူး။ ပြီးတော့တဖက်က ဒေါ်စုဟာ စစ်တပ်ကို ကာကွယ်နေတယ်လို့ ကျနော်တို့ မြင်ပါတယ်။ နိုင်ငံတကာကနေ ကုလသမဂ္ဂ fact finding mission ပေ့ါနော် .. ဒီ မစ်ရှင်ကို နိုင်ငံတကာကနေ လွှတ်တယ်ဆိုတာက အလကားတော့ မဟုတ်ဘူး။ သူတို့မှာ ခိုင်မာတဲ့ အထောက်အထားတွေရှိလို့ ဒီဟာကို လွှတ်ခြင်းဖြစ်တယ်။ ပြီးတော့ ဒီဟာက အခြေနေ ပိုပြီး ဆိုးဝါးသွားနိုင်တယ်လို့ ထင်တယ်”

မြန်မာအစိုးရဘက်ကတော့ ကုလသမဂ္ဂရဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ကို စေလွှတ်ဖို့ မလိုအပ်တဲ့ အကြောင်းအရင်းထဲမှာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ရှိနေပြီး ဒီကော်မရှင်ရဲ့ ကြားဖြတ် အစီရင်ခံစာပါ အကြံပြုတွေအတိုင်း သူတို့ဘက်က ဆောင်ရွက်နေတယ်လို့ နိုင်ငံတကာကို တုန့်ပြန်ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG