သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“အရပ်သားတွေထိခိုက်စေတဲ့တိုက်ခိုက်မှုတွေ စစ်ကောင်စီတိုးမြှင့်လုပ်ဆောင်”ကုလကိုယ်စားလှယ်


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ် (Tom Andrews)
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ် (Tom Andrews)

မြန်မာအာဏာသိမ်းစစ်တပ်ဟာ ဒီမိုကရေစီလိုလားတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ထိုးစစ်တွေကြောင့် စစ်မြေပြင်မှာ ဆုံးရှုံးမှုတွေပိုကြုံတွေ့နေရလို့ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေပြင်းထန်လာနေကြောင်း ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု လွတ်လပ်တဲ့ လူ့အခွင့်အရေးဆိုင်ရာကျွမ်းကျင်သူတဦးက ဗုဒ္ဓဟူးနေ့မှာ သတိပေးလိုက်ပါတယ်။

မြန်မာမှာ စစ်အုပ်ချုပ်ရေးအပေါ် ဆန့်ကျင် ခုခံ တွန်းလှန်မှုတွေက အရှိန်အဟုန်နဲ့ တိုးလာနေပြီး စစ်တပ်ဟာ ဆုတ်ယုတ်ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မတ် ၁၉ ရက်နေ့က မိန့်ခွန်းပြောအပြီး မတ်လ ၂၀ ရက် (ဗုဒ္ဓဟူးနေ့) မှာ ဂျီနီဗာမှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

စစ်တပ်ဟာ အရပ်သားတွေကို ထိခိုက်နစ်နာစေတဲ့ တိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်တဲ့ နည်းလမ်းနဲ့ ခုခံတော်လှန်နေသူတွေရဲ့ အောင်ပွဲတွေကို တုံ့ပြန်ခဲ့ကြောင်း တွမ်အင်ဒရူးစ်က ပြောပါတယ်။

"စစ်တပ်ဟာ မြေပြင်ပေါ်မှာ လှုပ်ရှားသွားလာဖို့ အန္တရာယ်ရှိလို့ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ သိသိသာသာ တိုးလာနေတယ်” လို့ သူက ပြောပါတယ်။

“ကျေးရွာတွေ၊ လူမှုရေးနဲ့ ဘာသာရေး အဆောက်အအုံတွေနဲ့ လယ်ကွင်းတွေမှာ” မြေမြှုပ်မိုင်းတွေ အသုံးပြုတာကလည်း သိသိသာသာတိုးလာကြောင်း ပြောပါတယ်။

ဒါပေမယ့် “နိုင်ငံတကာအသိုက်အဝန်းကသာ မြန်မာ့အရေးကိုအာရုံစူးစိုက်ပြီး အရေးယူဆောင်ရွက်မယ်ဆိုရင် ဒီလို အိပ်မက်ဆိုးကြီးသဖွယ် ဖြစ်ပျက်နေတာတွေက အဆုံးသတ်သွားနိုင်တယ်” လို့လည်း ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောပါတယ်။

“ကမ္ဘာကြီးဟာ နိုင်ငံတကာက တခြား အရေးကိစ္စတွေကြောင့် မြန်မာ့အရေးမှာ အာရုံစိုက်မှု သိသိသာသာလျော့နည်းနေပေမယ့် မြန်မာနိုင်ငံရဲ့အခြေအနေက ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးအတွက် “မျှော်လင့်ချက်ရောင်ခြည်” ပေးစွမ်းနိုင်တယ်” လို့လည်း သူက သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောခဲ့တာပါ။

“မြန်မာအာဏာသိမ်း စစ်ကောင်စီဟာ အမှောင်ထဲမှာ ရှင်သန်တဲ့ မှိုတွေလိုပဲ” လို့လည်း ခိုင်းနှိုင်းပြောဆိုပြီး “မြန်မာ့အရေးဟာ အာရုံစိုက်နိုင်လေ၊ အောင်မြင်ဖို့ အခွင့်အလမ်း ပိုများလေပဲ” လို့ လည်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု မိန်းပြည်နယ် ဒီမိုကရက်တစ်ပါတီကွန်ဂရက်လွှတ်တော်အမတ်ဟောင်းလည်းဖြစ်တဲ့ တွမ်အင်ဒရူးစ်ဟာ ကျယ်ပြန့်ပြီး အခြေခိုင် အားကောင်းလာနေတဲ့ လူထုနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ဆန့်ကျင်နေမှုတွေက‌ မြန်မာ့အရေး အကောင်းမြင်နိုင်စရာ အခြေခံအချက်တွေဖြစ်တယ်လို့လည်း ပြောပါတယ်။

“အခုဆိုရင် အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံရဲ့ထက်ဝက်အောက်ကိုပဲ ထိန်းချုပ်ထားနိုင်တယ်” လို့ တွမ်အင်ဒရူးစ်က ပြောပါတယ်။ စစ်တပ်ဟာ “ဘက်ပြောင်းခိုလှုံတာတွေ၊ တိုက်ပွဲမှာကျဆုံးတာတွေနဲ့ လက်နက်ချသူတွေကြောင့် သောင်းနဲ့ချီတဲ့တပ်ဖွဲ့ဝင်တွေကို ဆုံးရှုံးခဲ့ရသလို ရာနဲ့ချီတဲ့ စစ်စခန်းတွေနဲ့အတူ မြို့ရွာဒါဇင်နဲ့ချီ လက်လွှတ်ဆုံးရှုံးခဲ့ရပြီးပြီ” လို့ သူက ပြောပါတယ်။

စစ်တပ်ကို ဖိအားပေးနိုင်ဖို့ အချက် (၄) ချက်ကိုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်ကအကြံပြုခဲ့ပြီး အဲဒီထဲမှာ စစ်တပ်အတွက် လည်ပတ်စီးဆင်းနေတဲ့ ငွေကြေးရပ်တန့်နိုင်ဖို့ စီးပွားရေးအရ ပိတ်ဆို့အရေးယူရေး၊ စစ်တပ်အပေါ် လက်နက်စီးဆင်းမှုတွေ ပိတ်ဆို့ရေး၊ စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် သတ်မှတ်ဆက်ဆံတာမျိုး မလုပ်ဖို့နဲ့ ရက်စက်ကြမ်းကြုတ်မှုတွေမှာ ပါဝင်ပတ်သက်သူတွေအပေါ် တာဝန်ခံ တာဝန်ရှိမှု ရှိစေရေး အာရုံစိုက်လုပ်ဆောင်ဖို့ ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။

အခြား နိုင်ငံတကာက လေ့လာစောင့်ကြည့်နေသူတွေရဲ့ ပြောဆိုချက်မှာလည်း လက်ရှိအခြေအနေအောက်မှာ ယုံကြည်စိတ်ချရတဲ့ ကိန်းဂဏန်းအတိအကျရယူဖို့ မဖြစ်နိုင်ပေမယ့် အာဏာသိမ်း စစ်ကောင်စီကိုယ်တိုင်က သူတို့အနေနဲ့ ပြင်းထန်တဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရကြောင်း အသိအမှတ်ပြုထားသလို မကြာသေးခင်ကလည်း မဖြစ်မနေ စစ်မှုထမ်းရမယ့် ဥပဒေကို အသက်ဝင်ကျင့်သုံးတော့မယ်ဆိုပြီး ကြေညာထားပါတယ်။

စစ်တပ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ရွေးကောက်တင်မြှောက်ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရကို အာဏာသိမ်းပြီးနောက်ပိုင်း ဖိနှိပ်ချုပ်ချယ်မှုတွေကြောင့် တိုင်းပြည်တဝန်း လက်နက်ကိုင်တော်လှန်ရေးဖြစ်ပေါ်နေချိန်မှာ အရပ်သားတွေပိုပြီး အကြမ်းဖက်ခံနေကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်က ထပ်မံ သတိပေးခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG