သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“အာဏာသိမ်း သုံးနှစ်မှာ စစ်ရေးအရ စစ်ကောင်စီ ရှုံးနိမ့်လာ” ကုလအထူးကိုယ်စားလှယ် 


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews နဲ့ ဗွီအိုအေ ဝိုင်းတော်သူ အင်ကြင်းနိုင်နဲ့ သီးသန့်အင်တာဗျူး (ဇန်နဝါရီလ ၃၁၊ ၂၀၂၄)
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews နဲ့ ဗွီအိုအေ ဝိုင်းတော်သူ အင်ကြင်းနိုင်နဲ့ သီးသန့်အင်တာဗျူး (ဇန်နဝါရီလ ၃၁၊ ၂၀၂၄)

အာဏာသိမ်းထားတဲ့ စစ်ကောင်စီဘက်က အင်အားနည်းလာနေပြီး သိသာတဲ့ဆုံးရှုံးမှုတွေကို ရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews က ဗွီအိုအေကိုပြောပါတယ်။ တချိန်တည်းမှာပဲ အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေတဲ့နေရာမှာ ရေတိုကာလအတွင်း စစ်တပ်က ခေတ်မီလက်နက်တွေ ပိုမိုအသုံးပြုလာမယ့်အရေးကိုလည်း သူက သတိပေးလိုက်ပါတယ်။

စစ်အာဏာသိမ်း ၃ နှစ်ပြည့်ချိန် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်လို့ Mr. Andrews ကို မအင်ကြင်းနိုင်က ဗွီအိုအေ စတူဒီယိုမှာတွေ့ဆုံမေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ စစ်ကောင်စီက နိုင်ငံတော်အရေးပေါ်အခြေအနေကို ဒီကနေ့ပဲ နောက်ထပ် ခြောက်လတိုးလိုက်တဲ့ကြေညာချက်နဲ့ပတ်သက်လို့ အရင်ဆုံး စမေးချင်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews နဲ့ ဗွီအိုအေသီးသန့်အင်တာဗျူး (ဇန်နဝါရီလ ၃၁၊ ၂၀၂၄)
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews နဲ့ ဗွီအိုအေသီးသန့်အင်တာဗျူး (ဇန်နဝါရီလ ၃၁၊ ၂၀၂၄)

Tom Andrews ။ ။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ စစ်ကောင်စီက "နိုင်ငံတော်အရေးပေါ် အခြေအနေ" ဆိုပြီး ကြေညာတိုင်း အကြောင်းပြတာက တိုင်းပြည်အတွက် တည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက်လို့ပြောပေမယ့် ဆန့်ကျင်ဘက်တွေပဲ ဖြစ်လာတာပါ။ တကယ်တမ်းမှာတော့ မြန်မာနိုင်ငံတွင်း တည်ငြိမ်မှုမရှိအောင်၊ လုံခြုံမှုမရှိအောင်လုပ်နေတာက စစ်ကောင်စီပဲဖြစ်ပါတယ်။ နောက်ပြီး ဒီလို ကြေညာတာဟာ မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာတာဆိုပြီး တရားဝင်မှုရအောင် စစ်ကောင်စီဘက်က ကြိုးပမ်းတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုလုပ်တာဟာ စစ်ကောင်စီရဲ့မိုက်မဲမှုပဲဖြစ်ပါတယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲကို နှောင့်နှေးစေခဲ့တာပါ။ လက်ရှိ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့အခြေအနေအောက်မှာ စစ်မှန်တဲ့ရွေးကောက်ပွဲကို ကျင်းပနိုင်မှာလည်းမဟုတ်ပါဘူး။ ရွာတွေပေါ် ဗုံးကြဲတိုက်ခိုက်နေတာကို ပြည်သူတွေက ထွက်ပြီးမဲပေးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။

ဒါကြောင့် နိုင်ငံတော်အရေးပေါ်အခြေအနေ သက်တမ်းတိုးတာဟာ စစ်ကောင်စီက သူ့ကိုသူ တရားဝင်ဖြစ်ဖို့ ကြိုးစားတဲ့နည်းလမ်းပဲဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်သူတွေဘက်က ဘယ်လိုမှ လက်ခံမှာမဟုတ်ဘူးလို့ ကျနော်မြင်ပါတယ်။

အင်ကြင်းနိုင်။ ။ ဒါပေမဲ့ သက်တမ်းတိုးရတဲ့အကြောင်းအရင်းကို စစ်ကောင်စီက အကြောင်းပြတာကတော့ သူတို့အခေါ်အကြမ်းဖက်သမားတွေကို အပြီးသတ်ချေမှုန်းဖို့ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဒီအပေါ်မှာ Tom Andrews ရဲ့အမြင် ဘယ်လိုရှိပါလဲ။

Tom Andrews။ ။ သူတို့သာ အကြမ်းဖက်သမားတွေပါ။ အပြစ်မဲ့တဲ့အရပ်သားတွေရဲ့ ကျေးရွာတွေကို စစ်ကောင်စီပဲ မီးရှို့ဗုံးခွဲတိုက်ခိုက်နေတာပါ။ ပဋိပက္ခတွေ ပိုပြီး ပြင်းထန် လာလေ၊ စစ်ကောင်စီအနေနဲ့ မွေပင်မှာ အရှုံးတွေနဲ့ ပိုပြီးရင်ဆိုင်နေရသလို သူတို့ စစ်သားတွေနဲ့ လက်နက်တွေကိုလည်း ဆက်တိုက် ဆုံးရှုံးနေရတာပါ။ အဲဒီလိုအခြေအနေမျိုးရင်ဆိုင်နေရတဲ့ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တုံ့ပြန်တာပဲဖြစ်ပါတယ်။ စစ်ရေးလေ့လာသုံးသပ်နေသူတဦးက ကျနော့်ကို ပြောပြချက်အရ စစ်ကောင်စီတပ်တွေရဲ့ စစ်ဆင်ရေး ၉၅% ဟာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အပြစ်မဲ့သူတွေအပေါ် အကြမ်းဖက်တိုက်ခိုက်တာဟာ အကြမ်းဖက်ဝါဒရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြစ်တာကြောင့် စစ်ကောင်စီသာလျင် အကြမ်းဖက်သမားတွေဖြစ်တယ်လို့ ကျနော်မြင်ပါတယ်။

အင်ကြင်းနိုင်။ ။ မကြာသေးခင်က ထုတ်ပြန်တဲ့ Tom Andrews ရဲ့ မြန်မာ့အရေးကြေညာချက်မှာ စစ်ကောင်စီဟာ မကြာသေးခင်လတွေအတွင်း စစ်ရေးအရ သိသိသာသာရှုံးနေပြီ-လို့ ဖေါ်ပြထားပါတယ်။ ဒီအခြေအနေတွေဟာ စစ်ကောင်စီက အာဏာခိုင်မြဲဖို့လုပ်ဆောင်နေတဲ့ ကိစ္စမှာ ဘယ်လို သက်ရောက်မှုတွေရှိနေလဲ။ တိုင်းရင်းသားနဲ့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် စစ်ကောင်စီရင်ဆိုင်နေရတဲ့ အဓိကစိန်ခေါ်မှုတွေက ဘာတွေလဲ။

Tom Andrews။ ။ စစ်ကောင်စီက ရှုံးနေပါတယ်။ မြေပြင်တိုက်ပွဲတွေမှာလည်း ရှုံးနေပါတယ်။ သူတို့ စစ်သားတွေကိုလည်း ဆုံးရှုံးနေရပါတယ်။ လက်နက်ချတာပဲဖြစ်ဖြစ်၊ ဘက်ပြောင်းသွားတာပဲဖြစ်ဖြစ် စစ်သားပေါင်း လေးထောင်ကျော်လောက်ကို မနှစ်က နှစ်ကုန်ပိုင်း လောက်မှာ စစ်ကောင်စီက ဆုံးရှုံးခဲ့ရပါတယ်။ တပ်မှူးတွေအပါအဝင် ဗိုလ်မှူးချုပ်တွေလည်းတိုက်ပွဲတွေအတွင်းမှာ ကျဆုံးခဲ့ကြတာပါ။ သူတို့ စစ်စခန်းတွေလည်း ရာနဲ့ချီဆုံးရှုံးခဲ့ပါတယ်။ စစ်ရေးအမြင်အရ စစ်ကောင်စီ ရှုံးနေပါတယ်။ နယ်မြေအရကြည့်ရင်လည်း စစ်ကောင်စီထိန်းချုပ်နိုင်တာ နိုင်ငံရဲ့ တဝက်လောက်တောင်မရှိတော့ပါဘူး။

လူ့အခွင့်အရေးရှုထောင့်ကနေကြည့်ရင် စစ်ကောင်စီဟာ သူတို့အရှုံးတွေနဲ့ ရင်ဆိုင်နေရတာကို အခွင့်ကောင်းယူပြီး ခေတ်မီလက်နက်တွေကိုအသုံးပြုပြီး အပြစ်မဲ့အရပ်သားတွေကို တိုက်ခိုက်တာဖြစ်ပါတယ်။ ရေရှည်မှာ မြန်မာနိုင်ငံအတွက် စစ်ကောင်စီနဲ့ သူရဲ့ စစ်တပ် ဆက်ပြီး အားနည်းနေတာကောင်းတယ်ဆိုပေမယ့် ရေတိုမှာ နိုင်ငံသားတွေ ပစ်မှတ်ထားတိုက်ခိုက်ခံနေရတာဟာ ကြီးမားတဲ့ ပြဿနာပါ။

XS
SM
MD
LG