သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီအပေါ် ထိရောက်စွာ အရေးယူဖို့ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် တိုက်တွန်း


ယခင်မှတ်တမ်းရုပ်ပုံ | မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်က သတင်းစာရှင်းလင်းပွဲတခုအတွင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကိုတွေ့ရစဉ် (ဇွန် ၂၃၊ ၂၀၂၂)
ယခင်မှတ်တမ်းရုပ်ပုံ | မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်က သတင်းစာရှင်းလင်းပွဲတခုအတွင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကိုတွေ့ရစဉ် (ဇွန် ၂၃၊ ၂၀၂၂)

မြန်မာစစ်တပ်ကဘက်က စစ်ရေးအရ အင်အားလျော့နည်းလာချိန်မှာ အရပ်သား ကျေးရွာတွေကို တိုက်ခိုက်မှုတွေ ပိုတိုးလုပ်လာနေတဲ့အတွက် အပြစ်မဲ့ ပြည်သူတွေကို ကယ်တင်ဖို့နဲ့ မြန်မာစစ်တပ်အပေါ် ပိုပြီး ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က ပြောဆိုပါတယ်။ ဖေဖေါ်ဝါရီလ ၁ ရက် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ သုံးနှစ်ပြည့်ခါနီးအချိန်မှာပဲ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်က ဒီနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်တာပါ။

ပြီးခဲ့တဲ့ သုံးလအတွင်း စစ်တပ်ဘက်က ထိန်းချုပ်တဲ့ နယ်မြေတွေ စခန်းတွေ လက်လွှတ်ခဲ့ရပြီး တပ်ဖွဲ့ဝင်တွေ အများအပြား လက်နက်ချတာ၊ ထိခိုက်ဒဏ်ရရာတွေတိုးလာနေချိန်မှာ အရပ်သားတွေနဲ့ ကျေးရွာတွေ အပေါ် လေကြောင်း တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်တိုက်ခိုက်တာတွေ ပိုတိုးလာတဲ့အကြောင်း ကြေညာချက်မှာ ဖေါ်ပြထားတာပါ။ စစ်ကောင်စီ အာဏာဆက်လက်စွဲကိုင်ဖို့ အာဏာ တရားဝင်မှုအပြင် လက်နက်နဲ့ ငွေကြေး ရဖို့ လိုတဲ့အကြောင်းနဲ့ ဒါတွေကို ရနိုင်မယ့် နည်းလမ်း‌တွေပိတ်ပင်ဖို့ ဘက်ပေါင်းစုံက ပိတ်ဆို့ဒဏ်ခတ်မှုတွေ တိုးပြီး လုပ်ဆောင်ဖို့ နိုင်ငံတကာအသိုင်းအဝန်းကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံအတွက်ပေးတဲ့ လူသားချင်းစာနာမှုအကူအညီတွေဟာ အတိဒုက္ခရောက်နေတဲ့သူတွေ လက်ထဲ အမှန်တကယ်ရောက်ဖို့လည်း နိုင်ငံတကာ အလှုရှင်တွေအနေနဲ့ အာမခံဖို့ လိုတယ်လို့ Tom Andrews က ပြောပါတယ်။ အရပ်သားတွေကို ပစ်မှတ်ထားပြီး စစ်တပ်က တိုက်ခိုက်နေတဲ့ အချိန်မှာ နောက်ထပ် ရွေးကောက်ပွဲကျင်းပမယ်ဆိုရင်လည်း လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်တဲ့အကြောင်း Tom Andrews က ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG