သုံးရလွယ်ကူစေသည့် Link များ

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံကို စတင်တည်ထောင်ခဲ့တာ နှစ်ပေါင်း အနှစ် ၅၀ ပြည့်တဲ့ ဒီကနေ့ ရွှေရတုနှစ်ပတ်လည် အထိမ်းအမှတ် အတွက် မြန်မာနိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဂုဏ်ပြု သ၀ဏ်လွှာ ပေးပို့ပါတယ်။ မြန်မာနိုင်ငံအတွက်လည်း ဒီနှစ်ဟာ အာဆီယံ အဖွဲ့ထဲကို စတင်ဝင်ရောက်ခဲ့တာ အနှစ် ၂၀ ပြည့် အထိမ်းအမှတ် အခါသမယ ဖြစ်တာကြောင့် ဒီလို ထူးခြားတဲ့နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုတဲ့ အကြောင်း သ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။

အာဆီယံအဖွဲ့ကြီးအနေနဲ့ လွန်ခဲ့တဲ့ အနှစ် ၅၀ ကာလတလျှောက် အပြန်အလှန်လေးစားမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ တူညီဆန္ဒ အလေးထားမှုစတဲ့ မူတွေပေါ်မှာ အခိုင်အမာ ရပ်တည်ပြီး မိမိတို့ရဲ့ရည်မှန်းချက်၊ ဦးတည်ချက်ကို အပျောက်မခံဘဲ လျှောက်လှမ်းခဲ့သလို၊ တိုးတက်အောင်မြင်မှုတွေ ဖော်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပြီး ရှေ့အနာဂတ်မှာလည်း နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ထိတွေ့ ဆက်ဆံမှုတွေ တိုးမြှင့်တည်ဆောက်ပြီး အာဆီယံ အသိုက်အ၀န်းရဲ့ တိုးတက်မှုတွေကို ဆက်လက်ဖော်ဆောင်သွားဖို့၊ ဒီလိုဖော်ဆောင်ရာမှာ မြန်မာနိုင်ငံအနေနဲ့ တက်တက်ကြွကြွ ပါဝင် လုပ်ဆောင်နေတဲ့အကြောင်းတွေကို ဒီကနေ့ နိုင်ငံတော်သမ္မတရဲ့ သ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒီကနေ့ ကျရောက်တဲ့ အာဆီယံအဖွဲ့ တည်ထောင်ခြင်း နှစ် ၅၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ဒီကနေ့ ကျင်းပခဲ့ပြီး ဖိလစ်ပိုင်သမ္မတ Rodrigo Duterte နဲ့အတူ အာဆီယံနိုင်ငံခြားရေး ၀န်ကြီးတွေ၊ မဟာမိတ်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

အာဆီယံအဖွဲ့ကို ၁၉၆၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှာ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ နဲ့ ထိုင်း ငါးနိုင်ငံနဲ့ စတင်ထူထောင်ခဲ့တာဖြစ်ပြီး ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတွေကတော့ နောက်ပိုင်း ဆယ်စုနှစ်နဲ့ချီ ကြာပြီးမှ ပူးပေါင်း ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG