သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေး ရခိုင်မြောက်ပိုင်းအရေး အဓိကပါဝင်


သြစတြေးလျ-အာဆီယံ ထိပ်သီးအစည်းအဝေးသတင်းစာရှင်းလင်း

သြစတြေးလျ-အာဆီယံ သုံးရက်ကြာ ထိပ်သီးအစည်းအဝေးအတွင်း အများဆုံး ပြောဆိုကြတဲ့ အကြောင်းအရာကတော့ ရခိုင် ပြည်နယ်မြောက်ပိုင်းက အခြေအနေပဲဖြစ်ပါတယ်။ အစည်းအဝေးအပြီး အိမ်ရှင် သြစတြေးလျ ဝန်ကြီးချုပ်နဲ့ အာဆီယံအလှည့် ကျဥက္ကဌ စင်္ကာပူဝန်ကြီးချုပ်တို့ရဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲအတွင်းမှာလည်း ဒီကိစ္စဟာ အဓိက အကြောင်းတခုအနေနဲ့ နေရာ ယူခဲ့တာပါ။ ဒီအကြောင်း မအင်ကြင်းနိုင်က ဆက်ပြောပြပါမယ်။

မတ်လ ၁၆-၁၈ ရက်နေ့ထိ ဆစ်ဒနီမြို့မှာကျင်းပခဲ့တဲ့ ပထဆုံးအကြိမ် သြစတြေးလျနဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ အကြမ်းဖက်အစွန်းရောက်ဝါဒနဲ့ အစွန်းရောက်ဝါဒ ရိုက်သွင်းခံရမှု အန္တရာယ်ကြီးထွားလာမှုကို ပိုမိုအနီးကပ် ပူးပေါင်းကိုင်တွယ်ဖြေရှင်းဖို့ သြစတြေးလျနဲ့ အာဆီယံ ခေါင်းဆောင်တွေ သဘောတူညီခဲ့ကြပါတယ်။

ဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြည်သူတွေရဲ့ လူ့အခွင့်အရေးကို အကာအကွယ်ပေးရေး ဆုံးဖြတ်ချက်တခုအနေနဲ့ ထည့်သွင်းဖေါ်ပြထားပေမယ့် မြန်မာနိုင်ငံက လူနည်းစု ရိုဟင်ဂျာမွတ်စလင်တွေနဲ့ ပတ်သက်လို့တော့ ဘာမှပါမလာပါဘူး။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လကုန်ပိုင်းကစပြီး မြန်မာစစ်တပ်ရဲ့ အင်အားသုံးနယ်မြေရှင်းလင်းမှုကြောင့် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရိုဟင်ဂျာဒုက္ခသည် ၇၀၀,၀၀၀ သိန်းနီးပါးထွက်ပြေးခဲ့ရတဲ့အခြေအနေကို လူမျိုးစု အလိုက်ရှင်းလင်းဖယ်ရှားမှုလို့ ကုလသမဂ္ဂက သတ်မှတ်ခဲ့တာပါ။

သြစတြေးလျ ၀န်ကြီးချုပ် Moalcolm Turnbull ကတော့ ရိုဟင်ဂျာအရေးကိစ္စကို သူတို့ အချိန်အတော်ယူဆွေးနွေးခဲ့ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း အခြေအနေတွေကို အသေအချာ ရှင်းပြခဲ့ကြောင်း လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဌ စင်္ကာပူနိုင်ငံ ၀န်ကြီးချုပ် Lee Hsien Loong နဲ့ တနင်္ဂနွေနေ့က ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ဒါအပြင် ရခိုင်ပြည်နယ်က လူသားဘေးဒုက္ခ အကြပ်အတည်းကြီးကို ဘယ်လို အကောင်းဆုံးဖြေရှင်းနိုင်မလဲဆိုတာ အပြုသဘော ချည်းကပ်ခဲ့ကြတယ်လို့လည်း Mr. Turnbull က အခုလိုပြောပါတယ်။

“ဒီကိစ္စဟာ အတော်လေး ရှုပ်ထွေးတဲ့ ပြဿနာပါ။ ဒီကိစ္စအပေါ်မှာ အာဆီယံနဲ့ အခြားနိုင်ငံတွေအနေနဲ့ လူသားချင်းစာနာကူညီမှုနဲ့ လူစွမ်းအားတည်ဆောက်ရေးတွေမှာ အကူအညီပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က အကူအညီတောင်းခံထားပါတယ်။ အခုလို ပဋိပက္ခဖြစ်နေတာတွေနဲ့ ရွေ့ပြောင်းဒုက္ခသည်တွေ ခံစားနစ်နာမှုတွေကို အဆုံးသတ်ဖို့ ကျနော်တို့အားလုံးလည်း ကြိုးပမ်းနေပါတယ်။ လူသားရပ်တည်မှုဆိုင်ရာ အကြပ်အတည်းဘေးဒုက္ခကြီးကို ဘယ်လိုမျိုး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လျှင်လျှင်မြန်မြန်ဖြေရှင်းနိုင်မလဲဆိုတာကို အကူအညီပေးဖို့ဟာ ကျနော်တို့ ရည်မှန်းချက်ပါ။”

စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong ကလည်း ရိုဟင်ဂျာအကျပ်အတည်းကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အားလုံးက စိုးရိမ်ပူပန်မိပေမယ့် ဒီအပေါ် အတင်းအကျပ်ဖိအားပေးတာမျိုး အာဆီယံအနေနဲ့ ၀င်ရောက်စွက်ဖက် ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

"အဖွဲ့ဝင်နိုင်ငံ ဘယ်နိုင်ငံမှာမဆို မတည်မငြိမ်ဖြစ်တာ ဒါမှမဟုတ် အကျပ်အတည်းဆိုက်လာတာဆိုရင် ဒေသတွင်းက ကျနော်တို့အားလုံး စိုးရိမ်ကြမှာပါပဲ။ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေဖြစ်လာမယ်၊ လူတွေရဲ့ သာယာဝပြောရေး၊ အသက်ရှင်ရပ်တည်ရေးနဲ့ လုံခြုံဘေးကင်းရေး စတာတွေ အန္တရာယ်ရှိလာမယ်ဆိုရင် လူသားတွေဖြစ်တဲ့ ကျနော်တို့လည်း စိုးရိမ်ကြတာပါပဲ။"

သြစတြေးလျဝန်ကြီးချုပ် Moalcolm Turnbul ရဲ့ အထူးဧည့်သည်တော်အဖြစ်ပါ ဖိတ်ကြားခံရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိပ်သီးဆွေးနွေးပွဲအပြီးမှာ ဆစ်ဒနီကနေ မြို့တော် ကင်ဘာရာကို ဆက်လက်ထွက်ခွာသွားပါတယ်။

ဒီကနေ့ တနင်္လာနေ့မှာ ၀န်ကြီးချုပ်နဲ့ နှစ်နိုင်ငံဆက်ဆံရေး သီးသန့်တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။ ရိုဟင်ဂျာအရေးမှာ အနောက်နိုင်ငံတွေက မြန်မာကို ဖိအားပေးဆက်ဆံနေပေမယ့် သြစတြေးလျကတော့ အရင်အတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ဆက်လက်ပံပိုးထောက်ခံသွားမှာဖြစ်တယ်လို့ မြင်ကြောင်း သြစတြေးလျအခြေစိုက် မြန်မာအရေးလှုပ်ရှားနေတဲ့ သြစတြေးလျ-မြန်မာရုံး ရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာမြင့်ချို က ဗွီအိုအေကိုပြောပါတယ်။

"လက်ရှိ သြစတြေးလျ နိုင်ငံကနေ မြန်မာနိုင်ငံကို ထာက်ခံအားပေးနေတဲ့ ပုံစံအတိုင်းပဲဆက်သွားမယ်ဆိုတာကို ပြောဖို့ရှိမယ်။ သြစတြေးလျမှာရှိနေကြတဲ့ တချို့အုပ်စုတွေရဲ့ ဖိအားကြောင့်ပေါ့လေ လက်၇ှိအစိုးရအနေနဲ့ နည်းနည်းပိုပြောစရာ ရှိတာကတော့ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ကိစ္စတွေကို သူတို့ စိုးရိမ်တယ်။ ဒါကြောင့်ဒါတွေကို ဒေါ်အောင်ဆန်းစုကြည်ဖြေရှင်းပေးဖို့အတွက် သူတို့အနေနဲ့ တိုက်တွန်းလိုပါတယ် ဒီလောက်တော့ သူတို့ ပြောမယ်လို့တော့ ယူဆတယ်။ ဒါကတော့ တဖက်ကလူတွေ ကျေနပ်အောင် လုပ်ပေးရတဲ့ သဘောဖြစ်မယ်။ သို့သော်တကယ်ကျတော့ ဖြေရှင်းဖို့အတွက် နိုင်ငံရေးအရရော သံတမန်ရေးအရရော ၊ ငွေရေးကြေးရေးအရရော နည်းပညာပိုင်းအရရော သြစတြေးလျက ဒေါ်အောင်ဆန်းစုကြည်ကို ကူညီမယ်လို့ ကျနော်တို့ ယုံကြည်တယ်ခင်ဗျ။"

ဒေသစံတော်ချိန် တနင်္လာနေ့ ညနေ ၅ နာရီမှာတော့ ကင်ဘာရာမြို့က မြန်မာသံရုံးမှာ သြစတြေးလျရောက် မြန်မာအသိုင်းအ၀ိုင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှာဖြစ်ပါတယ်။ မနေ့ တနင်္ဂနွေနှောင်းပိုင်းက မြန်မာသံရုံးကို ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သြစတြေးလျနိုင်ငံကို ဖေဖေါ်ဝါရီလကတည်းက ရောက်ရှိနေထိုင်နေတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်နဲ့အတူ NLD အဖွဲ့ဝင်ဟောင်းတချို့ သွားရောက်နှုတ်ဆက်ခဲ့ကြပါတယ်။ အဲဒီတွေ့ဆုံပွဲမှာတော့ မြန်မာနိုင်ငံအနေနဲ့ စိန်ခေါ်မှုတွေရင်ဆိုင်နေရချိန်မှာ အားလုံး စည်းစည်းလုံးလုံးနဲ့ တတ်နိုင်သလောက် ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG