သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ အာဆီယံတိုက်တွန်း


အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာကျင်းပတဲ့ အာဆီယံကာကွယ်ရေးအစည်းအဝေးအတွင်း အမှာစကားပြောကြားနေတဲ့ အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး Prabowo Subianto (နိုဝင်ဘာ ၁၆၊ ၂၀၂၃)
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာကျင်းပတဲ့ အာဆီယံကာကွယ်ရေးအစည်းအဝေးအတွင်း အမှာစကားပြောကြားနေတဲ့ အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး Prabowo Subianto (နိုဝင်ဘာ ၁၆၊ ၂၀၂၃)

မြန်မာ့အရေး အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ အဖြေရှာဖို့ အာဆီယံက ဆက်လက် တွန်းအားပေးနေကြောင်း အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို မစွက်ဖက်ရေး မူဝါဒကိုတော့ ဆက်လက် ဆွဲကိုင်သွားမယ်လို့ အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး Prabowo Subianto က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

“မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေအတွက် မြန်မာနိုင်ငံသားတွေမှာ ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်။ အာဆီယံအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ဘူးဆိုတဲ့ မူဝါဒကို ဆက်လက် ကိုင်စွဲထားဆဲ ဖြစ်ပါတယ်၊ ဒါပေမယ့် ငြိမ်းချမ်းတဲ့နည်းနဲ့အဖြေရှာနိုင်ဖို့ ကျနော်တို့ရဲ့ ဩဇာသက်ရောက်မှုကို အသုံးချသွားမှာ ဖြစ်ပါတယ်” လို့ အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးက ပြောသွားတာပါ။

မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး မြန်မာနိုင်ငံအတွင်းက နေရာ အတော်များများမှာ စစ်ဆင်ရေးတွေ စတင်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို သတင်းထောက်တွေရဲ့အမေးကို အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးက ပြန်လည် ဖြေကြားခဲ့တာပါ။

မြန်မာစစ်ကောင်စီက အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို လိုက်နာ အကောင်အထည်ဖော်ခြင်းမရှိတဲ့အတွက် မနေ့ နိုဝင်ဘာ ၁၅ ရက်နေ့မှာ စတင်တဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးတွေရဲ့ စည်းဝေးပွဲကို စစ်ကောင်စီကို ဖိတ်ကြားခြင်း မရှိခဲ့ပါဘူး။

ဒီကနေ့မှာတော့ အာဆီယံ - အပေါင်း ၈ လို့ခေါ်တဲ့ အမေရိကန်အပါအဝင် အာဆီယံနဲ့ ဆွေးနွေးဘက် ၈ နိုင်ငံက ကာကွယ်ရေးဝန်ကြီးတွေဟာ လတ်တလောဖြစ်ပေါ်နေတဲ့ မြန်မာ ပဋိပက္ခအပါအဝင် အရှေ့အလယ်ပိုင်းက အစ္စရေးနဲ့ ဟာမတ်စ် တိုက်ပွဲ၊ တောင်တရုတ်ပင်ပြင်အတွင်း တရုတ်နဲ့ ရေကြောင်းပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ကိစ္စ၊ ဂျပန်နဲ့ အာဆီယံအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်ရေး စတဲ့ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

XS
SM
MD
LG