[[Zawgyi/Unicode]]
အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာ့နိုင်ငံရေးအကြပ်အတည်းတွေ ဖြေရှင်းနိုင်ရေးကိုတိုးမြှင့်ဆောင်ရွက်ဖို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံတွင်း တိုက်ပွဲတွေဟာဆိုရင် ရိုဟင်ဂျာတွေအတွက်ရော ဘင်္ဂလားဒေ့ရှ် ပြည်သူတွေအတွက်ပါ ထိခိုက်သက်ရောက်မှုရှိနေတာကိုလည်း သတိပေးလိုက်ပါတယ်။ Reuters သတင်းဆောင်းပါးကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။
၂၀၂၃ ခုနှစ်အတွင်း အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားအနေနဲ့ မြန်မာပြဿနာကိုဖြေရှင်းရေး ပိုပြီးအရေးယူဆောင်ရွက်ဖို့ အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ တခုက ဇန်နဝါရီလ ၁၂ ရက် ကြာသပတေးနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
အင်ဒိုနီးရှားအတွက် မြန်မာ့အရေးတိုးမြှင့်ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတရပ်လည်း ဖြစ်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့အာရှဆိုင်ရာညွှန်ကြားရေးမှူး Elaine Pearson က ကြာသပတေးနေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာ ပြောသွားတာဖြစ်ပါတယ်။
“အင်ဒိုနီးရှားအနေနဲ့ ရှေ့တိုးဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတရပ်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က G20 ဥက္ကဋ္ဌအဖြစ် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့ပြီး ကမ္ဘာ့ရေးရာတွေမှာ အင်ဒိုနီးရှားက ပိုပြီးအရေးပါတဲ့အခန်းကဏ္ဍကနေ ဆောင်ရွက်နေတာကို တွေ့မြင်ခဲ့ရပါတယ်။ ဒီနှစ်မှာတော့ အင်ဒိုနီးရှားအနေနဲ့ အာဆီယံဥက္ကဋ္ဌအဖြစ်နဲ့ မြန်မာနိုင်ငံတွင်း ပြသနာတွေဖြေရှင်းနိုင်ရေး ဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။”
မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်တပ် AA တို့ကြား ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေပြင်းထန်လာတာကိုလည်း စိုးရိမ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က သူ့ရဲ့ နှစ်ပတ်လည်အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဒီတိုက်ပွဲတွေဟာ နယ်စပ်တလျှောက် ပျံ့နှံ့ပြီး ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ်အရပ်သားတွေအတွက်ပါ အန္တရာယ်ဖြစ်စေမယ်လို့လည်း HRW ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။
ရိုဟင်ဂျာအများအပြားကတော့ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့လို အိမ်နီးချင်းနိုင်ငံတွေ၊ နောက် မူဆလင် အများစုဖြစ်တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ထွက်ပြေးနေကြတာ နှစ်ချီရှိခဲ့ပါပြီ။ ဒီပြဿနာတွေရဲ့အရင်းခံ အကြောင်းရင်းတွေကို ဖြေရှင်းဖို့ကအရေးကြီးတယ်လို့လည်း HRW ရဲ့ အာရှဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။
“ပိုပြီး အရေးကြီးတဲ့အချက်ကတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ပြဿနာတွေကို မဖြေရှင်းနိုင်သရွေ့တော့ ဒီလူတွေ ဆက်ပြီးထွက်လာဦးမယ်ဆိုတာကို နားလည်သဘောပေါက်ထားဖို့က အရေးကြီးပါတယ်။”
၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေကနေထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဌာနေပြန်နိုင်ရေးအတွက် မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်နဲ့ ကြိုးပမ်းချက်လည်း မအောင်မမြင် ဖြစ်ခဲ့ပါတယ်။ အရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်ကလည်း ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို အသိအမှတ်မပြုသလို အခု အာဏာသိမ်း စစ်ကောင်စီကလည်း ရိုဟင်ဂျာအသုံးအနှုန်းကို အသိအမှတ် မပြုပါဘူး။ ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို အသိအမှတ်ပြုကြောင်း ပြောဆိုထားပါတယ်။ HRW အဖွဲ့ကြီးရဲ့ အာရှ ဆိုင်ရာ ညွှန်ကြားရေးမှူး Elaine Peason ကတော့ သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေး ဖြေရှင်းနိုင်ရေးအတွက် မဖြစ်မနေ အရေးယူဆောင်ရွက်သင့်တဲ့ကိစ္စတွေကို အခုလို ထောက်ပြပါတယ်။
“ဒီလပိုင်းတွေအတွင်းမှာပဲ ရိုဟင်ဂျာဒုက္ခသည်တွေကို တင်ဆောင်လာတဲ့လှေတွေ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်တွင်းကကမ်းရိုးတန်းကို ကပ်လာတာတွေ၊ ဒါမှမဟုတ်လည်း ထိုင်းနဲ့ မလေးရှားတို့ကနေ မောင်းထုတ်ခံရတာတွေ တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်။ စစ်ကောင်စီဘက်က တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေရေး ဒေသတွင်း ဖြေရှင်းချက်သာလျင် ရေရှည်ခံမယ့် တခုတည်းသော ဖြေရှင်းချက်ဖြစ်ပါတယ်။ ရိုဟင်ဂျာအများစုက နေရပ်ရင်းကို ပြန်လိုကြပါတယ်။ ဒါပေမဲ့ သူတို့က ဘေးကင်းလုံခြုံမှု၊ သာတူညီမျှဆက်ဆံမှု လိုလားကြသလို သူတို့ရဲ့မြေတွေ ပြန်လည်ရယူလိုကြပါတယ်။ နောက် လူမျိုးစုလိုက် ရှင်းလင်းဖယ်ရှားမှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သူတွေကိုလည်း တာဝန်ခံစေလိုကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူနေထူထပ်သိပ်သည်းတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁ သန်းနီးပါး ရှိပြီး ဒီထဲက သိန်းချီတဲ့ ရိုဟင်ဂျာတွေကတော့ ၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်ရဲ့နယ်မြေရှင်းလင်းမှုတွေကနေ ထွက်ပြေးခဲ့ကြရသူတွေ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ကတော့ သူတို့ဟာ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ရာဇဝတ်မှုတွေ မကျူးလွန်ကြောင်း ငြင်းဆိုထားပါတယ်။
===============
[[Unicode]]