သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ASEM ညီလာခံမှာ ရခိုင်ပြည်နယ်အရေး အလွတ်သဘောဆွေးနွေး


ASEM ဆွေးနွေးပွဲအပြီးပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းပွဲ
ASEM ဆွေးနွေးပွဲအပြီးပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းပွဲ

ဘင်္ဂလားဒေရှ့်နိုင်ငံဖက်ရောက်နေကြသူတွေ ပြန်လက်ခံနိုင်ရေးနဲ့ပတ်သက်လို့ မြန်မာနဲ့ ဘင်္ဂလားဒေရှ့်ကြားမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ညှိနှိုင်းဆွေးနွေးမှုတွေ အဆင့်ဆင့်ဆောင်ရွက်နေတဲ့အတွက် နားလည်မှုစာချွန်လွှာလက်မှတ်ထိုးနိုင်မယ့် အချိန်အတိအကျ မပြောနိုင်သေးဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ EU အကြီးအကဲကလည်း ရခိုင်ပြည်နယ်ပြဿနာ ဖြေရှင်းရေးအတွက် EU အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီဖို့အဆင့်သင့်ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီကနေ့ အင်္ဂါနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ASEM နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းပွဲမှာ ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်လို့ VOA ရဲ့အမေးကို ခုလိုဖြေကြား သွားကြတာဖြစ်ပါတယ်။ ကိုယ်တိုင်မေးမြန်း သတင်းယူခဲ့တဲ့ မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

နေပြည်တော်မှာ တနင်္လာ၊ အင်္ဂါ ၂ ရက်ကျင်းပတဲ့ အာရှ ဥရောပနိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ်အရေးအာရုံစိုက်ပြီး အလွတ် သဘောဆွေးနွေးခဲ့ကြပေမဲ့ ဆွေးနွေးပွဲအပြီး ထုတ်ပြန်ချက်ထဲမှာတော့ ဒီကိစ္စကို တစုံတရာ ထည့်သွင်းဖော်ပြခြင်း မရှိပါဘူး။ ဆွေးနွေးပွဲအပြီးပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းပွဲမှာတော့ ရခိုင်ပြည်နယ်ပြဿနာကိုသာအလေးထား မေးမြန်းခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်ထဲကနေ လူပေါင်း သိန်းနဲ့ချီထွက်ခွာသွားတယ်ဆိုတာဟာ အဖြစ်အပျက် တခုထဲကြောင့် မဟုတ်ဘူးလို့ EU ဥရောပသမဂ္ဂရဲ့ လက်ရှိ အလှည့်ကျတာဝန်ယူထားတဲ့ Estonia နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး Sven Mikser ကပြောကြားခဲ့ပါတယ်။ အဲဒီသူတွေ နေရပ်ပြန်နိုင်ရေးအတွက် လုပ်ဆောင်ဖို့လိုအပ်တာတွေကို ဝန်ကြီး Mikser ကခုလိုပြောပါတယ်။

"ရခိုင်ပြည်နယ်ထဲမှာ ခွဲခြားဆက်ဆံမှုကင်းတဲ့ တရားဥပဒေစိုးမိုးမှုရှိဖို့၊ အရပ်သားအုပ်ချုပ်မှုရှိဖို့ အရေးတကြီးလိုအပ်ပါတယ်။ ဒုက္ခသည်တွေပြန်လာနိုင်ရေးအတွက် မြန်မာနဲ့ ဘင်္ဂလားဒေရှ့်ကြား ပြည့်စုံတဲ့သဘောတူညီမှုရရှိဖို့ လိုအပ်ပါတယ်။ ဒါတွေက လူသားချင်းစာနာစရာ အခြေအနေကြီးဖြစ်ပေါ်နေတာ လျော့ပါးသွားနိုင်ဖို့ အမြန်ဆုံးဆောင်ရွက်ဖို့ လိုအပ်တဲ့ကိစ္စတွေဖြစ်ပါတယ်။ အကြမ်းဖက်မှုမှာ ထိခိုက်ခဲ့ရတဲ့ လူမှုအသိုင်းအဝိုင်းတွေကြား ယုံယုံကြည်ကြည် ပြန်လည်နေထိုင်နိုင်ကြဖို့ကတော့ အချိန်ပေးရမှာဖြစ်ပါတယ်။"

ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးသူတွေကို ခွင့်ပြုဖို့ အရေးကြီးတာကိုလည်း EU အကြီးအကဲက ပြောကြားသွားခဲ့ပါတယ်။ ခုလို မြန်မာနိုင်ငံဖက်က ဆောင်ရွက်ဖို့လိုအပ်တဲ့ကိစ္စတွေကို ဘယ်အချိန်အပိုင်းအခြား ဘယ်စံနှုန်းအတိုင်းအတာနဲ့လုပ်ရမယ်လို့ EU ဖက်က သတ်မှတ်ထားတာမျိုးရှိသလားလို့ VOA မြန်မာပိုင်းက မေးပါတယ်။ ဒီအမေးကို EU အကြီးအကဲ Estonia နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး Sven Mikser ကခုလိုဖြေပါတယ်။

"အချိန်ကာလ အတိအကျကိုတော့ ကျွန်တော်တို့ မဆွေးနွေးဖြစ်ခဲ့ပါဘူး။ ဒုက္ခသည်တွေပြန်လာနိုင်ရေး လုပ်ငန်းစဉ်တွေကိုစတင်နိုင်မယ့် သဘောတူညီမှု စာချွန်လွှာမှာ လက်မှတ်ထိုးနိုင်အောင် မြန်မာနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံကြား ဆောင်ရွက်နေတဲ့ ကိစ္စတွေကို သိရတဲ့အတွက် ကျွန်တော်တို့ ဝမ်းသာပါတယ်။ EU အဖွဲ့ဝင်နိုင်ငံတွေက ဝန်ကြီးတော်တော်များများအပြင် ဆွေးနွေးပွဲမှာပါဝင်တဲ့ အာရှဒေသတွင်းက ဝန်ကြီးတွေက ရခိုင်အရေးအတွက် လိုအပ်တဲ့အကူအညီတွေ ပေးမယ်ဆိုတာကို အလေးထားပြောကြားခဲ့ကြပါတယ်။"

ရခိုင်ပြည်နယ်မြောက်ပိုင်းကနေထွက်သွားကြတဲ့ သိန်းနဲ့ချီတဲ့ အစ္စလာမ် ဘာသာဝင်ပြန်လာနိုင်ရေးအတွက် မြန်မာနဲ့ ဘင်္ဂလားဒေရှ့်ကြားမှာ သဘောတူညီမှုရရှိဖို့ အရင်ဆုံးလိုအပ်ပါတယ်။ အခု ASEM ဆွေးနွေးပွဲကို တက်ရောက်နေတဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာအစိုးရကြား နောက်ရက်တွေမှာလည်း ဆက်ဆွေးနွေးဖို့ရှိနေတာမို့ နားလည်မှုစာချွန်လွှာမှာ လက်မှတ်ထိုးနိုင်ဖို့ ဘယ်လောက်နီးစပ်နေပြီလဲလို့ VOA မြန်မာပိုင်းက မေးပါတယ်။ ဒီအမေးကို ဒေါ်အောင်ဆန်းစုကြည်က ခုလိုဖြေပါတယ်။

"မေးတဲ့မေးခွန်းနဲ့ ပတ်သက်လို့ဆိုရင် ဘင်္ဂလားဒေရှ့်နဲ့ ကျမတို့ မြန်မာနိုင်ငံအကြားမှာ ဆွေးနွေးတာတွေက ဘယ်လောက်နီးစပ်လာပြီလဲဆိုတော့ ဘယ်လောက်နီးစပ်လာသလဲဆိုတာကိုတော့ တိတိကျကျ ဂဏန်းသချာၤအရ ဖြေဖို့ဆိုတာကတော့ အင်မတန်မှာ ခက်ပါတယ်။ ဒါပေမယ့် ဒီဟာကို ဆွေးနွေးနေတာက ကျမတို့ ၁ လကျော်၊ ၂ လလောက်တော့ရှိပါပြီ။ အခု ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးကလည်း ဒီမှာရောက်နေတယ်ဆိုတော့ ကျမတို့ သက်ဆိုင်ရာ တာဝန်ရှိတဲ့လူတွေနဲ့ သေသေချာချာဆွေးနွေးပြီးတော့ အမြန်ဆုံးတော့ နားလည်မှု ရနိုင်မယ်၊ သဘောတူညီမှုတော့ရနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် တိတိကျကျ ဘယ်လောက်နီးစပ်ပြီဆိုတာကတော့ ပြောရခက်ပါတယ်။"

ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်၊ EU နဲ့ အာရှခေါင်းဆောင်တွေ အလွတ်သဘောတွေ့ဆုံမှုအတွင်း ရခိုင်ပြည်နယ် အတွက်မြန်မာနိုင်ငံက ရေတို ရေရှည်ဆောင်ရွက်နေတဲ့ကိစ္စတွေကို ပြောပြဆွေးနွေးခဲ့တာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းပွဲမှာ ပြောပြပါတယ်။ ရေရှည် ငြိမ်းချမ်းတည်ငြိမ်ရေးရရှိနိုင်ဖို့၊ ရခိုင်ပြည်နယ်ထဲမှာ တရားဥပဒေစိုးမိုးဖို့နဲ့ တာဝန်ရှိသူတွေ တာဝန်ခံနိုင်ဖို့ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။

ပြန်လည်ထူထောင်ရေး ပြန်လည်နေရာချထားရေးနဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေပေးရေးကိစ္စတွေနဲ့ပတ်သက်လို့လည်း မေးမြန်းဆွေးနွေးဖြစ်ခဲ့ကြသလို ဆွေးနွေးပွဲမှာ ပါဝင်သူအားလုံးက ရခိုင်ပြည်နယ်တည်ငြိမ်ရေးအတွက် ကူညီဖို့ စိတ်အားထက်သန်ကြတယ်လို့ဆိုပါတယ်။ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ လွယ်လွယ်ဖြေရှင်းလို့ မရဘူးဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းပွဲမှာ ထပ်ပြီး ပြောကြားခဲ့ပါတယ်။

"ဘာကိုမှ ညတွင်းချင်းပြေလည်အောင် ဖြေရှင်းလို့ မရနိုင်ပါဘူး။ ကျွန်မတို့အနေနဲ့ပုံမှန် အခြေအနေတိုးတက်အောင်လုပ်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ရခိုင်ပြည်နယ်က ခက်ခဲတဲ့ပြဿနာတွေကို ဖြေရှင်းနိုင်ရေးအတွက် မြန်မာနိုင်ငံက တိုင်းနဲ့ ပြည်နယ်အားလုံးက ပါဝင်ကူညီနေကြတာကြောင့် အခြေအနေတွေ မှန်မှန်တိုးတက်အောင်လုပ်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။'

ငြိမ်းချမ်းရေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာရှနဲ့ဥရောပကြား ဆက်ဆံရေး ခိုင်မာစေဖို့ဆိုတဲ့ ဆောင်ပုဒ်နဲ့ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ၁၃ ကြိမ်မြောက် အာရှ ဥရောပနိုင်ငံခြားရေးဝန်ကြီးများအဆင့်ဆွေးနွေးပွဲမှာ ဆွေးနွေးပွဲလာကြသူတွေဖက်က ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးကို ပိုပြီးအာရုံစိုက်ခဲ့ကြတာတေ့ွရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG