သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်ပို့ရေးအောင်မြင်ဖို့ မြန်မာအပေါ်မူတည်


 ရိုဟင်ဂျာ ဒုက္ခသည်များ
ရိုဟင်ဂျာ ဒုက္ခသည်များ

ရခိုင်ပြည်နယ်က ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၆ သိန်းကျော် မြန်မာနိုင်ငံဘက် ပြန်ပို့ရေးကိစ္စဟာ သိပ်ကို ခက်ခဲမှာ မှန်ပေမယ့် ဒါဟာ မဖြစ်နိုင်တဲ့ ကိစ္စတော့ မဟုတ်ဘူးလို့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi က ပြောကြား လိုက်ပါတယ်။ ဒီအတောအတွင်း သြဂုတ်လ ၂၅ ရက်နေ့ကစလို့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားကြတဲ့ ဒုက္ခသည် အရေအတွက်ဟာ အခုချိန်မှာ ၆၂၁,၀၀၀ ရှိသွားပြီလို့ UN-OCHA ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

ဒုက္ခသည်တွေ ပြန်ပို့ရေးအတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့အကြား သဘောတူညီချက် ရလုနီးပါး ဖြစ်နေပြီဆိုတဲ့ ပြောဆိုမှုတွေ ထွက်လာနေတဲ့အချိန်မှာဘဲ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးနဲ့ဆိုင်တဲ့ သူ့ရဲ့ သဘောထားတွေကို ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi က ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးနဲ့ဆိုင်တဲ့ ကိစ္စအတွက် ကျနော့်ရဲ့ အတိုချုပ် တုံ့ပြန်မှုကတော့ - သိပ်ကို ခက်ခဲပါမယ်၊ ဒါပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အစီအစဉ် အကောင်အထည် ဖော်နိုင်ရေးအတွက် အလိုအပ်ဆုံး အချက်ဟာ မြန်မာ အာဏာပိုင်တွေဘက်က ဒီကိစ္စအပေါ် နိုင်ငံရေးအရ လုပ်ဆောင်လိုစိတ် ရှိဖို့ဘဲ ဖြစ်ပါတယ်။”

ဂျပန် ဂီတပညာရှင် Miyavi ကို တနင်္လာနေ့က UNHCR ရဲ့ ချစ်ကြည်ရေး သံတမန်အဖြစ် ခန့်အပ်တဲ့ အခမ်းအနားမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း မဟာမင်းကြီး Grandi က သတင်းထောက်တွေရဲ့ အမေးကို ပြန်လည် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ဒုက္ခသည်တွေ ဘေးကင်း လုံခြုံမှု ရှိရှိ၊ လူ့ဂုဏ်သိက္ခာနဲ့ အညီ ဌာနေပြန်ခွင့်၊ နောက် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေ ပေးအပ်ခွင့်တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ စည်းဝေးပွဲအတွင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်း ပြောကြားခဲ့ပါတယ်။

မြန်မာအစိုးရဘက်ကတော့ ဒုက္ခသည်တွေ အမြန်ဆုံး နေရပ်ပြန်လာနိုင်ရေးအတွက် လုပ်ဆောင်နေကြောင်း၊ ဒုက္ခသည်တွေ ပြန်လာတဲ့အခါမှာလည်း အရင်လို ယာယီ စခန်းတွေမှာ အကြာကြီး နေရတာမျိုးမဟုတ်ဘဲ သူတို့ရဲ့ မူရင်း နေရပ်တွေမှာ အမြန်ဆုံး ပြန်နေနိုင်ရေးအတွက် ပဋိပက္ခ ဖြစ်ခဲ့တဲ့ ဒေသတွေက ကျေးရွာတွေမှာ ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် တာဝန်ခွဲပြီး အိမ်တွေကို ပြန်ဆောက်ပေးတာတွေ လုပ်ဆောင်နေကြောင်း အစိုးရ တာဝန်ရှိသူတွေက ပြောကြားထားပြီး ဖြစ်ပါတယ်။

ဒါ့အပြင် ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဆောင်ရေးနဲ့ ဒေသတွင်း တည်ငြိမ် အေးချမ်းမှု ရှိစေရေးတို့အတွက် ရည်ရွယ်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ နေရာပြန်လည်ချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာ ချထားရေး ဖွံ့ဖြိုးရေး စီမံကိန်း UEHRD ကော်မီတီကိုလည်း ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ပါတယ်။

ဒီအတောအတွင်း ရခိုင်ပြည်မြောက်ပိုင်းကနေ ဘင်္ဂလားဒေရှ့်ဘက်ကို နေ့စဉ်ဆိုသလို ဒုက္ခသည်တွေ ဆက်ပြီး ထွက်ခွာနေကြဆဲ ဖြစ်ပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့က စတင်ပြီး ရခိုင်ပြည်နယ်မှာ တကျော့ပြန် ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာတဲ့ သူတို့အခေါ် ရိုဟင်ဂျာ ဒုက္ခသည် အရေအတွက်ဟာ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ၆၂၁,၀၀၀ အထိ ရှိသွားပြီလို့ UN-OCHA ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံးက သတင်းထုတ်ပြန်ထားကြောင်း တနင်္လာနေ့က ကုလသမဂ္ဂမှာ ပြုလုပ်တဲ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲအတွင်း အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက် ပြောခွင့်ရ Farhan Haq က ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးရုံးက မိတ်ဆွေတွေရဲ့ ဘင်္ဂလားဒေ့ရှ် အခြေအနေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ထားတာကို ပြောပြချင်ပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့ကစပြီး မြန်မာဘက်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အရေအတွက်ဟာ အခုဆိုရင် ၆၂၁,၀၀၀ အထိ ရှိသွားပြီ ဖြစ်ပါတယ်။ သူတို့တွေဟာ အထိတ်တလန့်၊ ခိုကိုးရာမဲ့တဲ့ အခြေအနေတွေနဲ့ ရောက်လာကြတာဖြစ်ပြီး Cox’s Bazaar က စခန်းတခုထဲမှာ အကုန် စုပြုံ နေထိုင်နေကြပါတယ်။”

ဒါ့အပြင် ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် နိုင်ငံတကာ အသိုင်းဝိုင်းက အကူအညီပေးမယ်လို့ ကတိပြုထားတဲ့ အမေရိကန်ဒေါ်လာ သန်း ၃၆၀ ထဲက ၃၂% ကျော်ဖြစ်တဲ့ ဒေါ်လာ သန်း ၁၄၀ ကို တနင်္လာနေ့မှာ လက်ခံရရှိဖြစ်ကြောင်းလည်း Farhan Haq က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်း ဒုက္ခသည် ကလေးငယ်တွေအတွက် အသက်ကယ်ဆယ်ရေးဆိုင်ရာ အကူအညီတွေ လိုအပ်နေကြောင်း ဒုက္ခသည်တွေ အပေါ် နိုင်ငံတကာရဲ့ အာရုံစိုက်မှုနဲ့ ရံပုံငွေတွေ ပိုမို ထောက်ပံ့ရေးအတွက် ရည်ရွယ်ပြီး ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် စခန်းတွေကို ရောက်နေတဲ့ UNHCR ချစ်ကြည်ရေးသံတမန် Kristin Davis က ပြောကြားလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်က Kutupalong ဒုက္ခသည်စခန်းတွေကို သွားရောက်စဉ် ဒုက္ခသည် အားလုံးရဲ့ ထက်ဝက်လောက်ဟာ ကလေးငယ်တွေ ဖြစ်နေတာကို တွေ့ရတဲ့အတွက် သူမအနေနဲ့ အံ့အားသင့်မိကြောင်းလည်း Ms. Davis က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေကြတဲ့ ဒုက္ခသည် ၆ သိန်းကျော် နေရပ်ပြန်နိုင်ရေးအတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့အကြား လတ်တလော ဆွေးနွေးမှုတွေ ပြုလုပ်နေတာမှာ တိုးတက်မှုတွေရှိနေကြေင်း၊ ASEM အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲ တက်ဖို့အတွက် နေပြည်တော်ကို ရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Abul Hasan Mahmood Ali နဲ့ မြန်မာခေါင်းဆောင်တွေ ဆွေးနွေးပြီးကြရင် သဘောတူညီချက် ရနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

နေပြည်တော်မှာ ၂ ရက်ကြာ ကျင်းပနေတဲ့ ဒီ အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲအတွင်းမှာလဲ ရခိုင်ပြည်က ထွက်ပြေး သွားကြတဲ့ ဒုက္ခသည်တွေအရေးကို ဦးစားပေး ဆွေးနွေးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG