သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Joe Biden လက်ထက် အာရှမဟာမိတ်တွေနဲ့ ဆက်ဆံရေးပိုကောင်းဖို့ မဟာသီယာ မေ ျှာ်လင့်


မလေးရှား ဝန်ကြီးချုပ်ဟောင်း Mahathir Mohamad။
မလေးရှား ဝန်ကြီးချုပ်ဟောင်း Mahathir Mohamad။

[Zawgyi/Unicode]

အမေရိကန်ရွေးကောက်ခံသမ္မတ Joe Biden က အာရှက အစဉ်အလာ မဟာမိတ်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုမိုတိုးတက်အောင် လုပ်ဆောင်မှာ ဖြစ်သလို တရုတ်နဲ့ ကုန်သွယ်ရေးစစ်ပွဲကို အဆုံးသတ်ပစ်လိမ့်မယ်လို့ မျှော်လင့်ရကြောင်း မလေးရှား ဝန်ကြီးချုပ်ဟောင်း Mahathir Mohamad က ပြောပါတယ်။

ရွေးကောက်ခံသမ္မတ Joe Biden တက်လာရင် အစဉ်အလာအရ ထောက်ခံခဲ့တဲ့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုကောင်းလာမယ်လို့ မျှော်လင့်ကြောင်း ထရမ့်ပ်က လက်တွေ့မှာ အရှေ့တောင် အာရှအကြောင်း ဘာမှမသိသူဖြစ်လို့ ထရမ့်ပ်လက်ထက်ကနဲ့ မတူတော့ဘူးလို့ ခန့်မှန်းကြောင်း ဒါ့အပြင် တရုတ်နဲ့ ဖြစ်နေတဲ့ မိုက်မဲတဲ့ ကုန်သွယ်ရေးစစ်ကို အဆုံးသတ်မယ်လို့ မျှော်လင့်ကြောင်း မလေးရှား ဝန်ကြီးချုပ်ဟောင်း Mahathir Mohamad က ရိုက်တာ သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောပါတယ်။ ဒီ အင်တာဗျူးကို ဇန်နဝါရီ ၇ ရက်နေ့က ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဇန်နဝါရီ ၁၄ ရက်နေ့မှာ ရိုက်တာက ထုတ်လွှင့်ခဲ့တာပါ။

ထရမ့်ပ်က တိုင်းပြည်တိုင်းနဲ့ သဘောကွဲလွဲတာ ရှိပေမဲ့ Biden ကတော့ အဲဒီမူကို ပြောင်းပြန်လှန်ပစ်မယ်လို့ ယူဆကြောင်းလည်း သူက ပြောပါတယ်။

Joe Biden က ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သူ သမ္မတ ဖြစ်လာတဲ့အခါ အမေရိကန် ပြည်ထောင်စုအနေနဲ့ ကမ္ဘာ့ စင်မြင့်မှာ ထပ်ပြီး ဦးဆောင်ဖို့ အဆင်သင့် ရှိနေမယ်လို့ နိုဝင်ဘာလတုန်းကပြောခဲ့ပါတယ်။

သမ္မတထရမ့်ပ်ကတော့ အမေရိကန် ပထမဦးစားပေးမူဝါဒနဲ့ မဟာမိတ်နိုင်ငံတွေနဲ့ ဆန့်ကျင်လုပ်ကိုင်ခဲ့သလို တရုတ်နိုင်ငံနဲ့လည်း ကုန်သွယ်စစ် စတင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် အသက် ၉၃ နှစ် အရွယ်မှာ ကမ္ဘာ့ အသက်အကြီးဆုံး ဝန်ကြီးချုပ် ဖြစ်လာခဲ့သူ Mahathir က Joe Biden အနေနဲ့ ကုန်သွယ်ရေးစစ်ပွဲကို ဆက်လုပ်မှာ မဟုတ်ဘူးလို့ ယူဆကြောင်း ပြောပါတယ်။

ကုန်သွယ်ရေး မညီမျှမှုနဲ့ လူ့အခွင့်အရေးလို ကိစ္စမျိုးတွေမှာ ထိပ်တိုက်ရင်ဆိုင်ဖို့အတွက် တရုတ်နိုင်ငံက အင်အားကြီးမားလွန်းတာကြောင့် မလေးရှားနိုင်ငံအနေနဲ့ တခြားနိုင်ငံတွေလိုပဲ တရုတ်နဲ့ ဆက်ဆံရေးမှာ သတိထားဖို့ လိုအပ်ကြောင်း မလေးရှား ဝန်ကြီးချုပ်ဟောင်း Mahathir က ရိုက်တာ သတင်းကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG