ဇူလိုင်လ ၁၆ ရက်၊ အင်္ဂါနေ့က နေပြည်တော် ဧလာလေတပ်စခန်းကို ပစ်မှတ်ထားပြီး ရှောတိုက်ဒုံးနဲ့ ပစ်ခတ်တာခံခဲ့ရတဲ့အကြောင်း စစ်ကောင်စီ လုံခြုံရေးအဖွဲ့ဝင်တချို့က AFP သတင်းဌာနကို ပြောပါတယ်။ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် ထိခိုက်ပျက်စီးမှုမရှိဘူးလို့ သတင်းရက်ကွက် သုံးခုရဲ့ ပြောဆိုချက်ကိုလည်း ကိုးကားဖေါ်ပြပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ VOA အနေနဲ့ သီးခြားအတည်ပြုချက်ရဖို့ ကြိုးစားနေဆဲ ဖြစ်ပြီး Brave Warriors for Myanmar ဆိုတဲ့ PDF အဖွဲ့ကတော့ အင်္ဂါနေ့မနက် ၉ နာရီကျော်ကျော်မှာ နေပြည်တော် လေတပ်စခန်းကို ရှော့တိုက်ဒုံး ၅ ခုနဲ့ တိုက်ခိုက်ခဲ့တဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။
အင်္ဂါနေ့က နေပြည်တော်လေဆိပ် တိုက်ခိုက်ခံရတာဟာ ဒီလပိုင်းတွေအတွင်း စစ်ကောင်စီက လုံခြုံရေး အထူးတင်းကြပ်ထားတဲ့ နေပြည်တော်ကို ဒုတိယအကြိမ် ပစ်မှတ်ထား တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း နေပြည်တော် စစ်ရုံးနဲ့ အေလာလေတပ်ကို ပစ်မှတ်ထားပြီး ဒရုံးယာဉ်တွေ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပါတယ်။
လတ်တလော တိုက်ပွဲသတင်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ချက်ခြင်း သတင်းထုတ်ပြန်တာမျိုးတွေ မရှိသလို ထိခိုက်ဒဏ်ရာရမှုတွေနဲ့ ပတ်သက်လို့ သီးခြား အတည်ပြုချက်တွေတော့ မရသေးပါဘူး။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တရုတ်နိုင်ငံရဲ့ ကြားဝင် မေတ္တာရပ်ခံချက်အရ တိုက်ပွဲတွေ လေးရက် ရပ်စဲဖို့ မြောက်ပိုင်း မဟာမိတ်ညီနောင်အဖွဲ့က သဘောတူထားတာ ဒီနေ့ နောက်ဆုံး ဖြစ်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယအကြိမ် မျက်နှာစုံညီအစည်းအဝေး ကျင်းပနေတဲ့ ကာလဖြစ်တဲ့အတွက် ဇူလိုင်လ ၁၄ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ လေးရက် အပစ်ရပ်စဲဖို့ မြောက်ပိုင်း မဟာမိတ်ညီနောင်အဖွဲ့က သဘောတူထားတာ ဖြစ်ပါတယ်။ အပစ်ရပ်စဲထားတာကို လေးရက်ထက် သက်တမ်းတိုးမတိုး ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
ဇန္နဝါရီလအတွင်း တရုတ်နိုင်ငံ ကြားဝင်စေ့စပ်ပေးထားတဲ့ အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားပြီးတဲ့နောက် ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေ တကြော့ပြန် ပေါ်ပေါက်နေပြီး အခုတခါ လေးရက် အပစ်ရပ်စဲထားတာ ဖြစ်ပါတယ်။
Forum