သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အောင်ပန်း ပစ်ခတ်ဖြိုခွဲမှု ၈ ဦးထက်မနည်း သေဆုံး


အောင်ပန်းမြို့ ဆန္ဒပြပွဲ ပစ်ခတ်လူစုခွဲသည့်မြင်ကွင်း (ဓါတ်ပုံ ဒေသခံ)
အောင်ပန်းမြို့ ဆန္ဒပြပွဲ ပစ်ခတ်လူစုခွဲသည့်မြင်ကွင်း (ဓါတ်ပုံ ဒေသခံ)

{{Zawgyi/Unicode}}

ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှာ ဒီကနေ့ ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွဲခဲ့တာကြောင့် ၈ ဦးထက်မနည်း သေဆုံးခဲ့သလို တခြားဒေသတွေမှာလည်း ဒဏ်ရာရသူ၊ ဖမ်းဆီး ထိန်းသိမ်းခံရသူတွေ ရှိခဲ့ပါတယ်။ ရန်ကုန်ကရတဲ့သတင်းကို ကိုရန်နိုင်က တင်ပြထားပါတယ်။

မတ်လ ၁၉ ရက် ဒီကနေ့ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှာ အာဏာသိမ်း စစ်ကောင်စီကို ကန့်ကွက်ဆန္ဒပြဖို့ စုရုံးနေချိန် စစ်တပ်နဲ့ ရဲက ကျည်အစစ်နဲ့ပါ ပစ်ခတ်ဖြိုခွဲလို့ ၈ ဦးထက်မနည်းသေဆုံးပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိသလို ဖမ်းဆီးခံရသူတွေလည်း ရှိတယ်လို့ မျက်မြင်တွေ့ခဲ့တဲ့ အောင်ပန်းဒေသခံ စိုင်းသီဟက ဗွီအိုအေကို ပြောပါတယ်။

“သေဆုံးတဲ့သူက ၈ ဦး။ သူက ကျည်အစစ်နဲ့ သုံးတာလေ။ ကျနော်တို့က ရာဘာကျည်ပဲ မှန်းထားတော့။ ဟာ…ပြန်ချလို့ရတယ်ပေါ့၊ ဘာပေါ့ ညာပေါ့။ ပစ်လာရော ကျည်အစစ်တွေပါ ပစ်လာတော့ ပြေးရတာပဲ။ ပြင်းထန်ဒဏ်ရာရတဲ့သူကျတော့ ရာဘာကျည်နဲ့ အပစ်ခံရတဲ့သူတွေ အများကြီးပဲ။ လက်မောင်းတွေမှာ ပစ်ခံရမယ်၊ ဒီမျက်နှာတွေမှာ ပစ်ခံရမယ်၊ နောက်ပြီးတော့ ကျနော်တို့ ဝမ်းဗိုက်ကို ပစ်ခံရတဲ့သူ ရှိမယ်။ နောက်ပြီးတော့ ဒီကျောကုံးကို ပစ်ခံရတဲ့လူရှိမယ်။ နေရာတိုင်းပဲ ပစ်တာကြတော့။ ဒဏ်ရာရတဲ့သူကျတော့ ကျနော်တို့ ရပ်ကွက်နဲ့တင် ဘယ်နှစ်ယောက်ရှိလဲဆိုတော့ ၈ ယောက်၊ ၉ ယောက်လောက်ရှိတယ်။ တခြားရပ်ကွက်နဲ့ ပေါင်းလိုက်ရင်တော့ ဘယ်လိုပြောရမလဲ လုံးဝကို များတယ်၊ ၂၀ နီးပါးလောက်ရှိမယ်၊ ကျနော်ခန့်မှန်းခြေပြောရင်တော့။ ကျနော်တို့ တစ်ဖက်ရပ်ကွက်ကို ဖုန်းလှမ်းဆက်မေးကြည့်တယ်။"

ဒီကနေ့ စစ်တပ်နဲ့ ရဲရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြင်းအထန်ဒဏ်ရာရရှိသူများနေ လို့ သေဆုံးစာရင်း ထပ်တိုးလာနိုင်တယ်လို့လည်း ပြောပါတယ်။ ညနေ ၄ နာရီခွဲအထိ အောင်ပန်းမြို့မှာ သွားလာလို့မရဘဲ စစ်တပ်နဲ့ ရဲက ပစ်ခတ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ ညပိုင်း အင်တာနက်ဖြတ်တောက်ချိန်မှာ ပိုဆိုးလာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့မှာလည်း ဒီနေ့မနက်ပိုင်း စစ်အာဏာသိမ်းဆန့်ကျင်ရေး သပိတ်ဖြိုခွင်းခံရလို့ ဆီးခုံကျည်မှန်တဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ရသလို ဒဏ်ရာရသူလည်း ရှိပါတယ်။ ကရင်ပြည်နယ် မြဝတီမြို့ အမှတ် (၂) ရပ်ကွက်မှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ ဆန္ဒပြလူငယ်တွေကို စစ်တပ်နဲ့ ရဲက အကြမ်းဖက်နှိမ်နင်းခဲ့ပါတယ်။ မြဝတီဆန္ဒပြပွဲမှာ လူအသေအပျောက်မရှိပေမယ့် အကြမ်းဖက်ပစ်ခတ်ဖြိုခွဲလို့ ဒဏ်ရာရသူနဲ့ သတင်းပေးသူတွေကြောင့် ဖမ်းဆီးခံရသူတွေရှိတယ်လို့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။

“ဒဏ်ရာရတာ နှစ်ယောက်၊ အဖမ်းခံထိတာက သုံးယောက်၊ ကျန်တာကတော့ ထွက်ပြေးသွားတယ်။ မနက်က စုတာလည်း ဒီမှာက သိပ်မညီတော့ အယောက် ၃၀ လောက်ပဲရှိတယ်။ အဲ့ဒါသူတို့အဲ့လိုဖြစ်တာနဲ့ပဲ သပိတ်ခွဲသွားတာပေါ့။ အမှတ်(၂) ရပ်ကွက် သဲပုံဂိတ်ပေါ့၊ သဲပုံဂိတ်ဆိုတာ နယ်ခြားစောင့်က ကာဆီနိုဖွင့်ထားတဲ့နားမှာ။ တခြားထူးထူးခြားခြားတော့ လူသေဆုံးတို့ဘာတို့ မရှိဘူး။ ဒီမှာ နေ့စဉ်ဖမ်းနေတာလေ။ တခြားအဖွဲ့က ဒလံတွေက ကလေးတွေ လူစုတာနဲ့ တိုင်တော့ အဲ့လိုဖမ်း ဖမ်းနေတော့ လူတွေ ဒီနေ့မှာ ပြန်လုပ်ကြတယ်။ ဆန္ဒပြပွဲက မလုပ်တာက နှစ်ပတ်လောက်ရှိပြီ။”

မတ်လ ၁၈ ရက် မနေ့က စစ်ကိုင်းတိုင်းထဲက ဒီပဲယင်းမြို့နယ် ဖုတ္ထန်းတောကျေးရွာနားမှာ ဆန္ဒပြလူထုရဲ့ တိုက်ခိုက်ခံရလို့ ရဲဝန်ထမ်း နှစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
အဲ့ဒီနေ့ ညနေ ၄ နာရီလောက်မှာ စစ်တပ်အင်အား အလုံးအရင်းနဲ့ ရွာထဲကို ပစ်ခတ်ဝင်လာပြီးတော့ ရွာခံ ၆ ဦး ဖမ်းဆီးသွားပါတယ်။ ဖမ်းဆီးခံရသူ ၆ ဦးကို ဘယ်ကိုခေါ်သွားသလဲဆိုတာ မသိရသလို သူတို့အခြေအနေကိုလည်း မသိရသေးဘူးလို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။

စစ်တပ်က ရွာထဲမှာ အကြမ်းဖက် ပစ်ခတ်တာကြောင့် ဒေသခံတွေ အတော်များများမနေရဲဘဲ နီးစပ်ရာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သေနတ်တွေ ပထမပိုင်းတော့ မိုးပေါ်ထောင်ဖောက်တယ်ပေါ့နော်။ မိုးပေါ်ထောင်ဖောက်ပြီးတော့ ရွာထဲဝင်လာတယ် ဝင်ပြီး နောက်ပိုင်းကျတော့ အိမ်တွေဘက်လည်း သေနတ်တွေ ပစ်လိုက်တယ်ပေါ့ အချက် ၅၀ ကျော် ၊ ၅၀ ဝန်းကျင်လောက်ပေါ့နော်၊ ပစ်ပြီးကျတော့ အဲ့မှာ ဆန်အိတ်တွေထန်းသွာတယ် ။ ပြီးတော့ ဆိုင်တွေလည်း ဖျက်ဆီးတယ်၊ ဒီဆန္ဒပြ ဒီကားတွေပဲဆိုတော့ ဒီကားတွေလည်း ဖျက်ဆီးသွားတယ်ပေ့ါနော်၊ အိမ်တွေလည်း သေနတ်တွေ လှမ်းပစ်တယ်၊ အဲ့ဒါပြီးတော့ ၆ နာရီဝန်းကျင်ကျတော့ ရွာထဲ အဲ့ကျေးရွာ ၆ယောက်ပါသွားတယ်။ ဖမ်းသွားတယ်။ ဒီမှာ အကြမ်းဖက်ခံနေရတယ်။ ဒီကျေးရွာထဲမှာ ရွာလူထုကို ဒီစစ်သားတွေ အကြမ်းဖက်နေတာကို အကုန်လုံးလည်း သိစေချင်တယ်ဗျ။ ပြီးတော့ ကျနော်တို့ ဒီရွာကိုလည်း ကူညီစေချင်တယ်ဗျ၊ အခုဖြစ်နေတာ ရွာသားတွေလည်း တိမ်ရှောင်နေတာ ဘယ်သူမှလည်း ကျီးလန်းစာစားဖြစ်နေတော့အဲ့နားမှာ မကပ်ရဲကြဘူးလေး အခုကျေးရွာမှာ နွားတွေဘာတွေ ပစ်ထားခဲ့ရ စားစရာဘာတွေလည်း အဆင်မပြေကြတော့လေ။ အဲ့ဒါကိုကူညီစေချင်တာဗျ။”

ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အကြမ်းဖက် ပစ်ခတ်ဖြိုခွဲတာမလုပ်ဖို့ ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေသာ မက အာဆီယံနိုင်ငံတွေထဲကပါ တိုက်တွန်းတောင်းဆိုနေတဲ့ကြားမှာပဲ စစ်ကောင်စီက အပြင်းအထန် နှိမ်နင်းနေဆဲရှိပါတယ်။

.............................................

တိုက်ရိုက် လင့်ခ်

{{Unicode}}











XS
SM
MD
LG