သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၇၉ နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေး သားဖြစ်သူစိုးရိမ်


ဒေါ်အောင်ဆန်းစုကြည် သားငယ် ကိုထိန်လင်း ခေါ် Kim Aris
ဒေါ်အောင်ဆန်းစုကြည် သားငယ် ကိုထိန်လင်း ခေါ် Kim Aris

စစ်တပ် အာဏာသိမ်းပြီးကတည်းက အဖမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့အချိန်မှာ "သူ ဘယ်နေရာမှာ၊ ဘယ်လိုအခြေအနေမျိုးနဲ့ ထိန်းသိမ်းခံနေရပြီး ကျန်းမာရေးအခြေအနေ ဘယ်လို ရှိနေတယ်ဆိုတာ မသိရပေမဲ့ တကမ္ဘာလုံးက သူနဲ့အတူ ရပ်တည်နေတယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် ခံစားသိနေမှာပါ" လို့ သားငယ်ဖြစ်သူ ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်က ပြောလိုက်ပါတယ်။

“အထူးသဖြင့် အသက် ၇၉ နှစ် ရှိလာပြီဖြစ်တဲ့အပြင် ကျန်းမာရေးပြဿနာတွေကလည်းရှိနေလို့ သူ့ကို အားလုံးနဲ့အဆက်အသွယ် ဖြတ်တောက်ပြီး ဖမ်းဆီးထားတဲ့ အခြေအနေအပေါ် စိုးရိမ်နေကြောင်း” လည်း သားဖြစ်သူကင်မ်အဲရစ်က နယ်သာလန်နိုင်ငံမှာကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်ပွဲကို ပေးပို့တဲ့ ဗွီဒီယိုသတင်းစကားမှာ ပြောပါတယ်။

အရင်က နှစ်ကာလကြာရှည် ဖမ်းဆီးခံခဲ့ရတာက လက်ရှိ အခြေအနေကိုရင်ဆိုင်ဖို့ မိခင်ဖြစ်သူအနေနဲ့ ပြင်ဆင်နိုင်မယ်ဆိုတာ သေချာပေမဲ့ ဒီလို သတင်းမရ ဖြစ်နေတာအတွက် စိုးရိမ်ကြောင်း ကင်မ်အဲရစ်က ပြောပါတယ်။ အသက် ၈၀ နား ကပ်လာချိန်မှာ အရင်က နေအိမ်အကျယ်ချုပ်ကာလနဲ့ အခု ထောင်ထဲမှာ ဖမ်းခံနေရတဲ့ ၃ နှစ်ကျော်ကို တွက်ကြည့်ရင် သူ့ရဲ့သက်တမ်း ၄ ပုံ ၁ ပုံ နီးပါးက အကျဥ်းချခံနေရတာ ဖြစ်တယ်လို့ သူက ထောက်ပြပြီး မိခင်ဖြစ်သူ အရင်က သူ့ကိုပြောဖူးတဲ့ “ဒီအသက်အရွယ်မှာ အေးအေးချမ်းချမ်းနေနိုင်ဖို့ကောင်းပြီ” ဆိုတဲ့ စကားကိုလည်း ကင်မ်အဲရစ်က ဗွီဒီယိုထဲမှာ ပြန်လည် ဝေမျှထားပါတယ်။ တချိန်တည်းမှာပဲ “ကြောက်ရွံ့ခြင်းကသာ တကယ့်ထောင်လို ပိတ်လှောင်နေတာဖြစ်ပြီး ကြောက်ရွံ့ခြင်းက လွတ်ကင်းနိုင်မှသာ အမှန်တကယ် လွတ်မြောက်နိုင်မှာ ဖြစ်တယ်” ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောဖူးတဲ့ စကားကို ပြန်လည် ကိုးကားပြီး သားဖြစ်သူ ကင်မ်အဲရစ်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် အာဏာသိမ်း စစ်တပ်က စွပ်စွဲထားတဲ့ အမှုတွေဟာ အခြေအမြစ်မရှိ မှားယွင်းတဲ့ စွဲချက်တွေဖြစ်ပြီး ဒါက တိုင်းပြည်မှာ ကြုံတွေ့နေရတဲ့ ဖြစ်ရပ်တွေကို ထင်ဟပ်နေတယ်လို့ ကင်မ်အဲရစ်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ “ရာဇဝတ်မှု ကျူးလွန်သူ” မဟုတ်ဘဲ “ဓားစာခံ” အဖြစ် ဖမ်းခံနေရတာ ဖြစ်ပြီး ဒါက လူ့အခွင့်အရေး ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခံနေရတာ ဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ် (Tom Andrews) ရဲ့ ပြောစကားကိုလည်း ကင်မ်အဲရစ်က ကိုးကားပြီး ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အခမ်းအနားတွေကို ကမ္ဘာတဝန်းမှာ ကျင်းပနေချိန်၊ ပြည်တွင်းမှာလည်း မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို အဖမ်းအဆီးတွေ ရှိနေချိန်မှာ သားဖြစ်သူက ကင်မ်အဲရစ်က နယ်သာလန်ရောက် မြန်မာအသိုင်းအဝန်းကို ပေးပို့တဲ့ ဗွီဒီယိုထဲမှာ အဲဒီလို ပြောတာပါ။ ကင်မ်အဲရစ်ဟာ အီတလီနိုင်ငံ၊ Abbiategrasso မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် နိုင်ငံသားဆု ချီးမြှင့်တာကို မိခင်ကိုယ်စား တက်ရောက်ယူခဲ့လို့ အမ်စတာဒမ်မြို့တော် Dam Square နန်းတော်ရှေ့ရင်ပြင်မှာ ကျင်းပတဲ့ပွဲကိုတော့ လူကိုယ်တိုင် တက်ရောက်နိုင်ခြင်း မရှိဘဲ ဗွီဒီယို သတင်းစကား ပေးပို့ခဲ့ပါတယ်။ နယ်သာလန်မြို့တော်မှာ မြန်မာပြည်ဖွားတွေ စုပေါင်း ကျင်းပခဲ့တဲ့ပွဲမှာတော့ မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်အတွက် စုပေါင်း ဆုတောင်းပွဲနဲ့အတူ ငှက်တွေကို အစာကျွေး ကုသိုလ်ပြုတာတွေလုပ်ခဲ့ကြတယ်လို့ အခမ်းအနား စီစဥ် ကျင်းပကြသူတွေက ဗွီအိုအေကို ပြောပါတယ်။

နယ်သာလန် အပါအဝင် ဥရောပနိုင်ငံတွေ၊ အမေရိကန်ပြည်ထောင်စုနဲ့ အာရှနိုင်ငံတွေမှာလည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိန်းအမှတ် လှုပ်ရှားမှုတွေကို ပြီးခဲ့ရတဲ့ ရက်ပိုင်းတွေကတည်းက ကျင်းပနေကြတာ ဖြစ်ပါတယ်။

အသက် ၇၉ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိမှာ အာဏာသိမ်းစစ်တပ်က အမှု ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ထားရတာပါ။ ဒီအထဲက ၆ နှစ်ကို မနှစ် သြဂုတ်လ ၁ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့်နဲ့ လျှော့ပေါ့ ပေးခဲ့လို့ ကျန်နေသေးတဲ့ ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ် ကျခံနေရဆဲဖြစ်ပါတယ်။ အတည်မပြုနိုင်တဲ့ သတင်းတွေအရတော့ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် ထောင်ကနေ နေအိမ်အကျယ်ချုပ် ထားရှိရာကနေ ခုတခါမှာတော့ နေပြည်တော် စစ်ကောင်စီဝင်တွေနေတဲ့နေရာကို ခေါ်ဆောင်ခံထားရတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်မှာထားသလဲ ဆိုတာကို အာဏာသိမ်း စစ်ကောင်စီဘက် က အခုအချိန်အထိ တရားဝင် ထုတ်ပြန်တာမျိုး မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG