သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပြည်တွင်းပြည်ပ နေရာတချို့မှာကျင်းပ


အမေရိကန်နိုင်ငံ Roosevelt အထက်တန်းကျောင်းသူကျောင်းသားများနှင့် ဒေါ်ေအာင်ဆန်းစုကြည်တွေ့ဆုံ၊ စက်တင်ဘာ ၁၅၊၂၀၁၆
အမေရိကန်နိုင်ငံ Roosevelt အထက်တန်းကျောင်းသူကျောင်းသားများနှင့် ဒေါ်ေအာင်ဆန်းစုကြည်တွေ့ဆုံ၊ စက်တင်ဘာ ၁၅၊၂၀၁၆

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၈နှစ်ပြည့်မွေးနေ့အကြို လှုပ်ရှားမှုတွေကို မြန်မာနိုင်ငံတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေနဲ့ ပြည်ပနိုင်ငံအတော်များများမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်းကလေးမြို့နယ်အတွင်းမှာတော့ ကလေးမြို့သပိတ်အင်အားစုတွေ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ကော်မတီနဲ့ လက်ပံတောင်း တောင်လူထုသပိတ်ဦးဆောင်ကော်မတီတို့တွေ စုစည်းပြီး ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အကြို လူထုလှုပ်ရှားမှုတရပ် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့ကြပါတယ်။

အလားတူ စစ်ကိုင်းတိုင်းအတွင်း ကနီ၊ ယင်းမာပင်၊ လက်ပံတောင်းတောင်ဒေသတွေမှာလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အကြို စုဝေး ချီတတ်ဆန္ဒပြမှုတွေရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင်မြို့မှာလည်း မြန်မာ့ရွေ့ပြောင်းအလုပ်သမားတွေဦးစီးပြီး ဒေါ်အောင်ဆန်းစုကြည်မွေ့နေအကြို ဆုတောင်းပွဲပြုလုပ်ကြပါတယ်။

မလေးရှားနိုင်ငံမှာတော့ ဂျိုဟိုးစီနိုင်းမြို့မှာ ဒေါ်အောင်ဆန်းစုကည် ၇၈ နှစ်ပြည့်မွေးနေ့အကြိုအဖြစ် တော်လှန်ရေးရံပုံငွေ ဘောလုံးပြိုင်ပွဲတရပ်ပြုလုပ်ခဲ့ကြပါတယ်။ ကိုရီးယားနိုင်ငံ အင်ချွန်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အကြိုနဲ့ ရံပုံငွေပွဲပြုလုပ်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီဧရိယာ မယ်ရီလန်ပြည်နယ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေအကြို အခမ်းအနား ပြုလုပ်ရာမှာ၊ အမေရိကန်ပြည်ထောင်စုကို ခေတ္တရောက်ရှိနေတဲ့ NUG ကြားကာလအမျိုးသား ညီညွတ်ရေးအစိုးရက ကျန်းမာရေးနဲ့ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးလည်း တက်ရောက် စကားပြောပါတယ်။

အင်တာနက်လူမှုကွန်ယက်တွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် “သီချင်းသပိတ်၊ ပန်းသပိတ်”ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နှစ်သက်တဲ့ ခွန်အားဖြည့်မိငယ်သီချင်းသီဆိုကြပြီး ကိုယ်ပိုင်စာမျက်နှာတွေမှာ တင်တာ၊ ပန်းပုံတွေ တင်တာတွေလုပ်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုပေါင်း ၁၉ မှုနဲ့ ထောင်ဒဏ်စုစုပေါင်း ၃၃နှစ်အမိန့်ချထားပြီး၊ လတ်တလော နေပြည်တော်အချုပ်ထောင်ထဲမှာ ထားရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကာလကတည်းက အချိန်အများစုဟာ နေအိမ်အကျယ်ချုပ်နဲ့နေခဲ့ရပြီး၊ ၂၀၁၆-၂၀၂၁ NLD အစိုးရလက်ထက်မှာတော့ အစိုးရအဖွဲ့ရဲ့ အဓိကမူဝါဒပိုင်းခေါင်းဆောင်ဖြစ်လာပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်ကအာဏာသိမ်း လိုက်တဲ့နောက် သူဟာ ထပ်မံဖမ်းဆီးထိမ်းသိမ်းခံခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၄၅ခုနှစ် ဇွန်လ ၁၉ရက်မှာ မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်တို့က ဖွားမြင်ခဲ့ပြီး တတိယမြောက် အငယ်ဆုံးသမီးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG