သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရ နဲ့ စစ်တပ်ကို အရေးယူဖို့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ၃ ဦးတောင်းဆို


ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေအတွက် နုတ်ဆိတ်မနေပဲ ထုတ်ဖေါ်ပြောကြားဖို့ ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ အမျိုးသမီး နိုဘယ်ငြိမ်းချမ်းရေးဆုရှင် သုံးဦးက မြန်မာနိုင်ငံ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် သူတို့ရဲ့ ရောင်းရင်းလည်းဖြစ်တဲ့ ၁၉၉၁ ခုနှစ်နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းလိုက်တဲ့အပြင် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ တရားစွဲဆိုတာ ခံရလိမ့်မယ်လို့ပါ သတိပေးခဲ့ပါတယ်။ AFP သတင်းတပုဒ်ကို အခြေခံပြီး ဒေါ်ခင်မျိုးသက်က ပြောပြမှာပါ။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင်တွေ ဖြစ်ကြတဲ့ အီရန်က Shirin Ebadi ၊ ယီမင်က Tawakkol Karman နဲ့ မြောက်အိုင်ယာလန်က Mairead Maguire တို့ဟာ စနေနေ့ကစပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရိုဟင်ဂျာအမျိုးသမီးများအရေးနဲ့ ပတ်သက်ပြီး အတူရပ်တည်တာကို ပြသဖို့ တပတ်ကြာ သွားရောက်နေကြတာပါ။

တနင်္လာနေ့ကတော့ Cox’s Bazar က ဒုက္ခသည်စခန်းတွေကို သူတို့ သွားရောက်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် Mairead Maguire က ဒါဟာ ရိုဟင်ဂျာတွေ အပေါ် မြန်မာအစိုးရနဲ့ စစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ကြောင်း ရှင်းနေတယ်လို့ ပြောခဲ့သလို ကျူးလွန်မှုတွေ အတွက် မြန်မာစစ်တပ်ကို နိုင်ငံတကာ ခုံရုံးတင် ရမယ်လို့လည်း ပြောပါတယ်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာက တုန့်ပြန်ကြရမှာပါ။ ဒါဟာ မြန်မာစစ်တပ်ကို နိုင်ငံတကာခုံရုံးကို တင်ရမယ့် အမှုဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ညီမ အောင်ဆန်းစုကြည် ကိုလည်း ပန်ကြားချင်ပါတယ်။ ခလေးငယ်တွေကို သူတို့မိခင် လက်ထဲက ဆွဲယူ မယ်ဆိုရင် ကိုယ်တိုင်လည်း မိခင်တယောက်မို့ စဉ်းစားကြည့်ပါ။ နောက်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး ရွာကို မီးရှို့တယ်ဆိုတာ။ ရိုဟင်ဂျာဟာလည်း လူသားဆိုတာနဲ့ အသက်ရှင်နေထိုင်ခွင့်ရှိတယ် ဆိုတဲ့အချက်တွေကို မပစ်ပယ်ပါနဲ့”

ယီမင်က နိုဘယ်ငြိမ်းချမ်းရေးဆုရှင်Tawakkol Karman ကတော့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံအပြီးမှာ ၁၉၉၁ ခုနှစ်က နိုဘယ်ငြိမ်းချမ်းရေးဆုရခဲ့တဲ့ ရောင်းရင်း ဒေါ်အောင်ဆန်းစုကြည်ကို ဒီဒုက္ခသည်တွေ အရေး နိုးနိုးကြားကြား လုပ်ဆောင်ဖို့ ပန်ကြားလိုက်ပါတယ်။

“ကျွန်မတို့ရဲ့ ညီအစ်မဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် - အသိတရားရပြီး ထုတ်ဖေါ်ပြောဆိုဖို့ ပန်ကြားနေတာပါ။ ဒါမှမဟုတ်ရင်တော့ သူမဟာ ဒီရာဇဝတ်မှု ကျူးလွန်သူတွေထဲက တယောက်ဖြစ်သွားပါလိမ့်မယ်။ ဒီရာဇဝတ်မှုတွေ ရပ်ဆိုင်းသွားအောင် မလုပ်နိုင်ဘူးဆိုရင် လည်းနှုတ်ထွက်ပေးပါ။ အခုကို နှုတ်ထွက်ပေးပါ။ ဒါဟာ သိပ်အရေးကြီးပါတယ်။ ဒါမှမဟုတ်ရင် နိုင်ငံတကာခုံရုံးကို သူမပါ သွားရမှာပါ”

အီရန်က နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Shirin Ebadi ကလည်း ရိုဟင်ဂျာတွေ အခုလို သိန်းနဲ့ချီပြီး ထွက်ပြေးခဲ့ရတဲ့ ဖြစ်ရပ်အတွက် တာဝန်ရှိတဲ့ မြန်မာအစိုးရနဲ့ စစ်တပ်ကို အရေးယူရမယ်လို့ အခုလို စကားပြန်ကနေ တဆင့် ပြောကြားခဲ့ပါတယ်။

ဒီပြစ်မှု ကျုးလွန်ရခြင်း အခြေခံအကြောင်းရင်းတွေ အတွက် တာဝန်ရှိသူတွေကတော့ မြန်မာအစိုးရနဲ့ မြန်မာစစ်တပ်ဖြစ်ပြီး သူတို့ကို အရေးယူရမှာ ဖြစ်ပါတယ်လို့ ပြောသွားတာပါ။

သူတို့အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတုန်း အစိုးရတာဝန်ရှိသူတွေနဲ့ လူ့အခွင့်ရေးအဖွဲ့အစည်းတွေအပြင် သံတမန်တွေကိုပါ သွားရောက် တွေ့ဆုံမှာ ဖြစ်ကြောင်း အမျိုးသမီး နိုဘယ်လ် ဆုရှင်များအဖွဲ့က ကြေညာချက်ထုတ်ပြန် ပြောဆိုထားပါတယ်။ သူတို့ဟာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina နဲ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံဖို့ စီစဉ်ထားကြောင်းလည်း ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

၂၀၁၆ စက်တင်ဘာလတုန်းကလည်း နိုဘယ်ငြိမ်းချမ်းရေးဆုရှင် တွေဖြစ်တဲ့ Malala Yousafzai နဲ့ Muhammad Yunus အပါအဝင် ငြိမ်းချမ်းရေးဆုရှင် တဒါဇင်လောက်က မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေရပ်ဆိုင်းသွားစေဖို့ တတ်နိုင်တဲ့ နည်းလမ်းမျိုးစုံသုံး လုပ်ဆောင်ဖို့ကုလသမဂ္ဂကို တိုက်တွန်းခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးကြတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ အရေးနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ အစိုးရတို့ကြား ဆွေးနွေးမှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ဒုက္ခသည်တွေ နေရပ်ရင်း ပြန်ပို့ရေးကိစ္စအဆင်ပြေ ချောမွေ့စေဖို့ စီစဉ်နေကြချိန်မှာပဲ နောက်ထပ် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသူတွေ ရှိနေပြီး ဖေဖေါ်ဝါရီလအထိဆို ဒုက္ခသည်စခန်းတွေကိုထပ်ပြီး ဝင်လာသူက ၂၅၀၀ ကျော်နေတာပါ။

တနင်္ဂနွေနေ့ကတော့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် အသစ်ခန့်အပ်လိုက်တဲ့ ဦးလွင်ဦးဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AH Mahmood Ali နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး တွေ့ဆုံပွဲမှာ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးနဲ့ ၂ နိုင်ငံ သဘောတူညီချက်ကို ချောချောမောမော အကောင်ထည်ဖေါ်ရေးကို ဦးစားပေး ဆွေးနွေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။

ဒုက္ခသည်တွေ နေရပ်ပြန်ရေးဟာ သူတို့ဆန္ဒအလျှောက်သာ ဖြစ်စေရမယ်လို့ ကုလသမဂ္ဂက ပြောဆိုထားသလို မြန်မာနိုင်ငံရဲ့ အခြေနေဟာ ဒုက္ခသည်တွေ ပြန်ဖို့ မသင့်တော်သေးဘူးလို့ လူ့အခွင့်ရေး အဖွဲ့တွေက ပြောဆိုနေကြတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG