သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှု အတိုင်ပင်ခံပုဂ္ဂိုလ် ကြိုဆို


မြန်မာနိုင်ငံရဲ့ပညာရေးနဲ့စိုက်ပျိုးရေးလောကတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေပိုပြီးလုပ်ဆောင်ကြဖို့လိုလားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကပြောလိုက်ပါတယ်။ မြန်မာနိုင်ငံကို စိုက်ပျိုးရေးအခြေခံပြီး တိုးတက် ထွန်းကားတဲ့ နိုင်ငံတခုဖြစ်လာစေချင်တယ်လို့လည်းဆိုပါတယ်။ ဗီယက်နမ်နိုင်ငံမှာကျင်းပတဲ့ အာဆီယံဆိုင်ရာ ကမ္ဘာ့စီး ပွါးရေးနှီးနှော ဖလှယ်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ပြောဆိုခဲ့တာပါ။ ဒီအကြောင်း ကိုကျော်အောင်လွင်က ဆက်ပြီးပြောပြ ပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ NLD အစိုးရတက်လာပြီးနောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အကြီးအကျယ်လုပ်ဆောင် လာလိမ့်မယ်၊ မြန်မာ့စီးပွါးရေးအခြေအနေလည်း သိသိသာသာပြောင်းလဲလာလိမ့်မယ်လို့ အများက မျှော်လင့်ခဲ့ကြပေမဲ့ တကယ်တမ်း မှာတော့ ထင်သလိုဖြစ်မလာပါဘူး။ လောလောဆယ် မြန်မာနိုင်ငံထဲမှာရှိနေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများစုဟာ အိမ်နီး ချင်းနိုင်ငံတွေကဖြစ်ပြီး အနောက်နိုင်ငံတွေရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက မျှော်လင့်ထားသလို အကြီးအကျယ်ရောက်မလာပဲဖြစ် နေပါတယ်။ ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွါးခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ရိုဟင်ဂျာ မူဆလင်တွေ သိန်းနဲ့ ချီပြီး ဘင်္ဂလားဒေ့ရှ် ဘက်ထွက်ပြေးခဲ့ရတဲ့ အဖြစ်ကလည်း အနောက်ကမ္ဘာရဲ့စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံအတွင်း ဝင်လာဖို့ နှေးစေတဲ့အကြောင်းတရားတခုဖြစ်နေပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့မြို့တော် ဟနွိုင်းမှာ စက်တင်ဘာ ၁၁ရက်နေ့ ကနေ ၁၃ရက်နေ့အထိကျင်းပခဲ့တဲ့ အာဆီယံဆိုင်ရာ ကမ္ဘာ့ စီးပွါးရေးနှီးနှောဖလှယ်ပွဲမှာတော့ မြန်မာနိုင်ငံအတွက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေပိုပြီး လိုချင်တဲ့အကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင် ဆန်းစုကြည်က စက်တင်ဘာ၁၃ ရက်နေ့မှာပြောခဲ့ပါတယ်။

" ရင်းနှီးမြှုပ်နှံမှု တွေကို ကျမတို့က ကြိုဆိုပါတယ်။ ပိုပြီးတော့လည်းရင်းနှီမြှုပ်နှံမှုတွေလုပ်စေချင်ပါတယ်။ ပိုမိုကောင်းမွန် တဲ့ရင်းနှီးမြှုပ်နှံမှုတွေလည်း ဖြစ်စေချင်ပါတယ်။ ကျမတို့လိုချင်တဲ့ရင်းနှီးမြှုပ်နှံမှုတွေရလာအောင် ရင်းနှီးမြှပ်နှံသူတွေကိုစွဲ ဆောင်နိုင်ဖို့ ကျမတို့မှာတာဝန်ရှိပါတယ်။ လူငယ်တွေအတွက်ရေရှည်အကျိုးရှိနိုင်မယ့် ပညာရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှုတွေ နဲ့ စိုက်ပျိုးရေးလောကအတွက်လည်း ရင်းနှီးမြှပ်နှံမှုတွေရှိလာစေချင်ပါတယ်။"

ပြီးခဲ့တဲ့နှစ်တုန်းက နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ အမေရိကန်ဒေါ်လာ ရှစ်ဘီလျှံရအောင် မြန်မာနိုင်ငံကလုပ် ဆောင်နိုင်ခဲ့ပါတယ်။ လောလောဆယ်မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှပ်မှုတွေ အများဆုံးလုပ်ထားတဲ့နိုင်ငံတွေကတော့ တရုတ်၊ စင်္ကာပူ၊ ထိုင်း၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံကို စိုက်ပျိုးရေးအခြေခံပြီး စက်မှု ထွန်းကားတဲ့နိုင်ငံတခုဖြစ်လာစေချင်တဲ့လို့လည်း ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

"မြန်မာနိုင်ငံဟာ အခြေခံအားဖြင့် စိုက်ပျိုးရေးနိုင်ငံပါ။ လူဦးရေး ၇၀ရာခိုင်နှုန်းလောက်က ကျေးလက်ဒေသတွေမှာ နေထိုင် ကြတာဖြစ်ပြီး အခုချိန်မှာတော့ တောနေလူထုဟာ မြို့တွေကိုတက်ပြီးအလုပ်အကိုင်ရှာဖွေနေကြပါတယ်။ ကျမတို့နိုင်ငံရဲ့ စိုက်ပျိုးရေးလောကမှာ အလားအလာကောင်းတွေ အများကြီးရှိပါတယ်။ လာမယ့်နှစ်တွေအတွင်းမှာဖြစ်လာနိုင်မယ့် အစား အစာလုံခြုံစိတ်ချရမှုဟာ ဘယ်လောက်အရေးကြီးသလဲဆိုတဲ့ကိစ္စတွေကို လူတွေတော်တော်ပြောဆိုနေကြပါတယ်။ ကျမ တို့နိုင်ငံကို စိုက်ပျိုးရေးအခြေခံပြီး စက်မှုလုပ်ငန်းတွေပါတိုးတက်တဲ့နိုင်ငံတခုဖြစ်လာစေချင်ပါတယ်။ ဥပမာ နယူးဇီလန်နိုင် ငံလိုမျိုးပါ။"

မြန်မာနိုင်ငံမှာ ပညာရေးစနစ်က အင်မတန်နိမ့်ကျတယ်ဆိုပေမဲ့လည်း မြန်မာလူငယ်တွေကတော့ တီတွင်ဖန်တီးမှုအား ကောင်းသူတွေဖြစ်ကြတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။ အဲဒါကြောင့် စွန့်ဦးတည်ထွင်လုပ်ငန်း ရှင်တွေက မြန်မာလူငယ်တွေနဲ့ သူတို့ရဲ့ စီးပွါးရေးလုပ်ငန်းတွေပိုပြီးတိုးတက်ထွန်းကားလာအောင် ရင်းနှီးမြှုပ်နှံမှုတွေလုပ် ပေးကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာပေါက်တဲ့ ကုက္ကိုပင်ရဲ့ ကုက္ကိုသီးတွေကနေ တဆင့် Ethanol လောင်စာစွမ်းအင်ထုတ်လုပ်နိုင်ရေး မြန်မာလူငယ်တချို့လေ့လာစမ်းသပ်နေကြတဲ့အကြောင်း ဒီလိုလုပ်ငန်းမျိုးတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေလာရောက်လုပ်ကိုင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။ မြန်မာနိုင်ငံ အပါအဝင် မဲခေါင်ဒေသ ငါးနိုင်ငံအနေနဲ့လည်း အချင်းချင်းပြိုင်ဆိုင်နေတာထက် အတူပူးပေါင်းလုပ်ဆောင်ရေးကို အာရုံပို စိုက်ကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကတိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG